၂၀၂၃ ဇူလိုင် ၂၈
ပုသိမ်မြို့ရှိ ပုသိမ်ကြိုးတံတားသံဘောင်ပေါ် လမ်းတက်လျှောက်ခဲ့တဲ့ စိတ်ဝေဒနာရှင်ဖြစ်တာကြောင့် ကယ်ဆယ်ကာ မိသားစုထံ ပြန်လည်အပ်နှံခဲ့တယ်လို့ သတင်းများအရ သိရပါတယ်။
ဇူလိုင်လ ၂၇ရက်နေ့ နေ့လည်ပိုင်းအချိန်က ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်ကြိုးတံတား သံဘောင်ပေါ်မှာ အမျိုးသားတစ်ဦး လမ်းတက်လျှောက်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။
"သူက ပုသိမ်ကပါပဲ။ စိတ်ဝေဒနာရှင်လို့ပြောတယ်။ အခုတော့ ကယ်ဆယ်တာတွေပြုလုပ်ပြီး မိသားစုထံ ပြန်အပ်ခဲ့တယ်"လို့ မြို့နေပြည်သူတစ်ဦးက ဆိုထားပါတယ်။
အဆိုပါစိတ်ဝေဒနာရှင်အမျိုးသားသည် ပုသိမ်ကြိုးတံတားပေါ် မည်သည့်အချိန်ကစပြီး လမ်းတက်လျှောက်နေလဲဆိုတာ မသိရပေမယ့် လူမှုကွန်ယက်မှာ ဗီဒီယိုဖိုင်ပြန့်နှံ့ခဲ့ပြီး ၃နာရီနီးပါးအကြာမှာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ထိုအမျိုးသားသည် ပုသိမ်မြို့နယ် ဝါးတောတဲစုနေသူဖြစ်ကာ ဇနီးနဲ့ သမီးငယ်တစ်ဦးရှိကာ စိတ်ဝေဒနာရှင်တစ်ဦးဖြစ်တာကြောင့် မိသားစုထံ ပြန်လည်အပ်နှံခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။