2023 ဇွန် ၆
မိုခါမုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ရတဲ့ ရခိုင်ပြည်နယ်က ရသေ့တောင်နဲ့ ပေါက်တော မြို့နယ်တွေမှာ ဇူလိုင် ၅ ရက်ကစပြီး လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီဖြစ်တယ်လို့ လျှပ်စစ်စွမ်း အားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းအချိန်ကစပြီး ရသေ့တောင် မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်နဲ့ ကျေးရွာ ၁ ရွာ၊ ပေါက်တော မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်က ပြည်သူတွေအတွက် ပုံမှန်အတိုင်း လျှပ်စစ်ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မိုခါမုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ရတဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၁၀ မြို့နယ်ထဲက ၈ မြို့နယ်မှာ လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ ကျန်တဲ့မြို့နယ် ၂ မြို့နယ်ကိုလည်း လျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး အင်တိုက် အားတိုက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။