၂၀၂၃ ဇူလိုင် ၂၈
မြန်မာနိုင်ငံတွင် အလုပ်ရမည်ဟုဆိုကာ အလိမ်ခံရသည့် အိန္ဒိယနိုင်ငံသား (၁၅) ဦးကို ကယ်တင်ခဲ့ပြီး ၎င်းတို့နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ထားသည်။
အလုပ်ရမည်ဟုဆိုကာ ရာဇဝတ်ဂိုဏ်း၏ အလိမ်ခံခဲ့ရသည့် အိန္ဒိယနိုင်ငံသား (၁၅) ဦးကို ကယ်တင်နိုင်ခဲ့ပြီး ရန်ကုန်လေဆိပ်မှတဆင့် အိန္ဒိယနိုင်ငံ ဒေလီမြို့သို့ လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း အိန္ဒိယသံရုံးမှ သတင်းထုတ်ပြန်ထားသည်။
၎င်းတို့အား အိန္ဒိယနိုင်ငံ ဒေလီမြို့မှတဆင့် မူလနေရပ်များဆီသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အိန္ဒိယနိုင်ငံသား (၁၅) ဦးကိုကယ်တင်နိုင်ရန်အတွက် မြန်မာနိုင်ငံမှ ကူညီပေးခြင်းကို ကျေးဇူးတင်ကြောင်းနှင့် လက်ရှိအချိန်အထိ အိန္ဒိယ နိုင်ငံသား (၃၇၉) ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက (၉)ဦး၊ မတ်လတွင် (၈)ဦးကို နေရပ်ပြန်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။