၂၀၂၃ ဇူလိုင် ၂၀
မြန်မာ-စင်ကာပူ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်လ်သွယ်တန်းခြင်း လုပ်ငန်းကို ငါးလကျော်ကြာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ လုပ်ငန်းခွင် ဧရိယာအတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြဖို့ ငါးလုပ်ငန်းဦးစီးဌာနက အသိပေးကြေညာပါတယ်။
အဆိုပါ လုပ်ငန်းကို Campana Mythic Co.,Ltd က ရေအောက်ကေဘယ်လ်ချခင်းတဲ့ သင်္ဘော CS.Nusan- tara Explorer ဖြင့် မြန်မာအထူးသီးသန့်စီးပွားရေးဇုန်အတွင်း ကေဘယ်လ်ကြိုးကို Rov သုံးပြီး ပင်မလိုင်းခွဲ ယူနစ် (၁) တပ်ဆင်ထားသောနေရာမှာ သောင်တူးပြီး မြှုပ်နှံသွားမယ်လို့ သိရပါတယ်။
လုပ်ငန်းခွင်ကို ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်မှ စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး ဒီဇင်ဘာလကုန်အထိ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက အသိပေးထားပါတယ်။
မြန်မာအထူးသီးသန့်စီးပွားရေးဇုန် (Myanmar Exclusive Economic Zone) အတွင်း ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ်လ် သွယ်တန်းခြင်းလုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက်မယ့် လမ်းကြောင်းတစ်လျှောက်လုပ်ငန်းဆောင်ရွက်နေစဉ် ကာလအတွင်း လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းဆောင်ရွက်မယ့် ဧရိယာအတွင်း ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားကြောင်း သိရပါတယ်။
Campana ကို ၂ဝ၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စင်ကာပူနိုင်ငံတွင် ရုံးချုပ်တည်ရှိကာ မြန်မာ၊ စင်ကာပူ နဲ့ ထိုင်းနိုင်ငံတို့မှာ ဒေတာကွန်ရက်ချိတ်ဆက်မှုလုပ်ငန်းတွေအတွက် လုပ်ဆောင်ပေးလျက်ရှိကြောင်းသိရပါတယ်။