ရွှေကျောက်မျက်နှင့် ပြည်သူများ လှူဒါန်းသည့် အဖိုးတန်ရတနာများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးထံ ဌာပနာသွင်း မဟာမင်္ဂလာ ကျင်းပ

၂၀၂၃ဖေဖော်ဝါရီ၁၀

 ပြည်သူများလှူဒါန်းသည့် ရွှေထည် ၁၃၆၀ ကျပ်သားကျော်၊ ရွှေနှင့်ကျောက်မျက် ၁၆၈၄ ကျပ်သားကျော် အပါအဝင် အဖိုးတန်ရတနာများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးထံ ဌာပနာသွင်းမဟာမင်္ဂလာအခမ်းအနားအား ခုနစ်ရက်သားသမီးပြည်သူများအားလုံးကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်ဦးဆောင်၍ ယနေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနတွင် ပထမအကြိမ် ဌာပနာတော် သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်သည့် (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသော ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက် ရတနာပါရွှေထည်ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ် အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့သည်။


ထိုပြင် မိဘပြည်သူများ ထပ်မံ၍ ကုသိုလ်ယူလှူဒါန်းနိုင်ရေး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော်များကို ထပ်မံထည့်သွင်းလှူဒါန်းပူဇော်မည်ဖြစ်ကြောင်း၊ ကုသိုလ်တော် ရေရှည် တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန်ကျောက်မျက်ရတနာများ ဌာပနာတော်ကုသိုလ်ပြုနိုင်ရန်အတွက် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိးဆော်ခဲ့ရာ နိုင်ငံတစ်ဝန်းလုံးရှိ (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များက နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများထံသို ဝမ်းပန်းတသာ ဆက်သွယ်၍ အဖိုးတန်ကျောက်မျက် ရတနာဌာပနာတော်ကုသိုလ်ပစ္စည်းများကို ထည့်ဝင်လှူဒါန်း ကုသိုလ်ပြုခဲ့ကြသည်။

ထိုကဲ့သို နိုင်ငံတစ်ဝန်းလုံးရှိ မိဘပြည်သူများ ဝမ်းပန်းတသာ ဆက်သွယ်လှူဒါန်းခဲ့ကြသည့် ရွှေထည် ၁၃၆၀ ကျပ်သား ၅ ဒသမ ၄ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၁၆၈၄ ကျပ်သား ၁၅ ပဲ ၁ ဒသမ ၆ ရွေး၊ ကျောက်မျက်ရတနာပါ ငွေထည်ပစ္စည်း ၁၂၆ ပဲ ၅ ဒသမ ၁ ရွေး၊ ကျောက်မျိုးစုံ၊ ပုလဲမျိုးစုံ အပါအဝင် နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့ကြောင်းနှင့် ဘုရားကြီးဘက်စုံအလှူငွေအဖြစ် ငွေကျပ် သိန်းပေါင်း ၈၁၀၀ ကျော်ကိုလည်း လက်ခံရရှိခဲ့ကြောင်း သတင်းရရှိသည်။


Total Views ~ 176

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43340

© 2022 - 2025 News. All Rights Reserved.