Breaking

ဒီပဋိပက္ခဟာ တစ်နှစ်တစ်ပိုင်းလောက်ရှိရင် ပြီးသွားမှာပဲလို့ ရခိုင်ဒေသခံတွေက ထင်ခဲ့ကြတာ။ လက်တွေ့မှာ သုံး၊ လေးနှစ်လောက် ဒုက္ခမျိုးစုံ ရင်ဆိုင်နေရတော့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်ကြပြီ . . . ရခိုင်တိုင်းရင်းသားများပါတီ (RNP) ဥက္ကဋ္ဌ ဦးဘရှိန် နှင့် ဆက်သွယ်မေးမြန်းခြင်း

၂၀၂၅ ၊ ဩဂုတ် ၁၄
    ရခိုင်အမျိုးသားပါတီ (ANP)၏ ပါတီမှတ်ပုံတင် လျှောက်ထားမှုကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ(၇)ဖြင့် ငြိစွန်းနေခြင်းကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ငြင်းပယ်လိုက်ကြောင်း ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
    ယင်းနောက်ပိုင်းတွင် ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဘရှိန် ဦးဆောင်၍ လုပ်ဖော်ကိုင်ဖက်များ စုပေါင်းပြီး ရခိုင်တိုင်းရင်းသားများပါတီ(RNP) အမည်ဖြင့် ပါတီတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်များ လျှောက်ထားခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က RNP ပါတီအား ၂၀၂၅ ဇွန်လ ၉ ရက်တွင် ပါတီတည်ထောင်ခွင့်ပြုခဲ့ပြီး သြဂုတ် ၄ ရက်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ တင်ခွင့်ပြုခဲ့သည်။ နိုင်ငံရေးပါတီတစ်ရပ်ထူထောင်ပြီး ရွေးကောက်ပွဲ လမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ ယုံကြည်ရပ်တည်နေမှုနှင့်ပတ်သက်၍ RNP ပါတီဥက္ကဋ္ဌ ဦးဘရှိန်အား ဆက်သွယ်မေးမြန်းထားပါသည်။


TREND ။        ။ ပါတီမှတ်ပုံတင်ခွင့် ရရှိသွားပြီဆိုတော့ ပါတီရေးရာကိစ္စနဲ့ပတ်သက်ပြီး လက်ရှိ ဘာတွေ လုပ်နေလဲ။
UBS    ။    ။
ပါတီ တည်ထောင်ကတည်းကလည်း ရွေးကောက်ပွဲဝင်ဖို့ လျှောက်ခဲ့တာပါ။‌ အခု ပါတီ မှတ်ပုံတင် ကျလာပြီဆိုတော့ ရွေး ကောက်ပွဲဝင်ဖို့ ဆက်ပြီးလုပ်ရမှာပါ။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေအရ မြို့နယ်ပါတီ ငါးရုံး အနည်းဆုံးဖွင့်ဖို့ လုပ်ရမယ်။ ပါတီဝင်အင်အားစာရင်းနဲ့ ရုံးဖွင့်တဲ့ မြို့နယ်စာရင်းတွေ ကော်မရှင်ကို ပေးပို့ဖို့ စီစဉ်ဆောင်ရွက်သွားရမှာပါ။

TREND ။        ။ လက်ရှိ ရခိုင်ပြည်နယ်ရဲ့ အခြေအနေအရ မြို့နယ်ရုံးတွေဖွင့်ဖို့က ဘယ်လို အခက်အခဲ ကြုံနေရလဲ။
UBS    ။    ။
အန်ကယ်တို့‌ဒေသက သွားရေးလာရေး အခက်အခဲ ရှိတယ်။ စစ်တွေနဲ့ ကျောက်ဖြူက တိုက်ရိုက်လေကြောင်းလည်း မရှိဘူး၊ တိုက်ရိုက် ရေကြောင်းလည်း မရှိဘူး။ ကျောက်ဖြူနဲ့ မာန်အောင်လည်း ဒီအတိုင်းပဲ။ ပြီးတော့ စစ်တွေ၊ ကျောက်ဖြူကို ဖုန်းဆက် လို့ရပေမယ့် မာန်အောင်ကို ဖုန်းဆက်လို့ မရသေးဘူး။ ဒါပေမဲ့ ရန်ကုန်ကနေ မာန်အောင်ကိုသွားတဲ့ ကုန်ပစ္စည်းတင် ကမ်းရိုးတန်းသင်္ဘောတွေနဲ့ ကြုံရင်တော့ လိုက်သွားလို့တော့ရတယ်။ ဒါက အရေးပေါ်အခြေအနေ ကြေညာထားခြင်းမရှိတဲ့ မြို့သုံးမြို့ အခြေအနေပါ။ ဒီသုံးမြို့မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ဒီမြို့သုံးမြို့ကို ဆက်သွယ်နိုင်တဲ့ အခွင့်အလမ်း မရှိသေးဘူးပေါ့။ မာန်အောင်ကိုတော့ အဆက်အသွယ်လုပ်လို့ မရသေးဘူး။ ဖုန်းအဆက် အသွယ်ကလည်း တော်တော် ခက်ခဲနေပါတယ်။ အဲဒီလို အခြေအနေရှိနေတယ်။ ငါးမြို့နယ် အနည်းဆုံး ရုံးဖွင့်ရမှာဆိုတော့ အန်ကယ်တို့ဆီမှာက နိုင်ငံရေးပါတီအဖြစ် ရပ်တည်ဖို့ ပူးပေါင်းပါဝင်တဲ့ တခြားမြို့နယ်တွေက ပုဂ္ဂိုလ်တွေလည်း ရှိကြတယ်။ အဲဒီတခြား မြို့နယ်‌တွေထဲက နှစ်မြို့နယ်လောက်က ရနိုင်လို့ရှိရင် အဲဒီ နှစ်မြို့နယ်မှာ ပါတီဖွဲ့နိုင်မယ်။ အဲဒီမြို့နယ်အတွက် ရုံးဖွင့်နိုင်အောင် ပြင်ဆင်ရမယ်။ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်ဆိုတဲ့ ဒီမြို့နယ်နဲ့ နီးစပ်ရာ မြို့နယ်တွေမှာ ကျန်တဲ့နှစ်မြို့နယ်အတွက် ပါတီရုံးတွေ တွဲထားလို့ရတယ်။ အဲဒီလိုရုံးတွေ ပူးတွဲဖွင့်လှစ်ဖို့ အခွင့်အလမ်းရရှိဖို့ကိုလည်း ပြည်‌ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အကျိုးနဲ့အကြောင်းနဲ့ အခက်အခဲတွေကို ရှင်းလင်း တင်ပြခဲ့တယ်။ အဲဒီလိုတင်ပြတဲ့အခါ ပူးတွဲဖွင့်လှစ်ဖို့ ဆိုတဲ့ အကြံပြုချက်တွေ ကော်မရှင်ဆီက ရခဲ့တယ်။ အဲဒီကော်မရှင်ရဲ့ အကြံပြုချက်နဲ့အညီ ရုံးဖွင့်လှစ်ဖို့ ဆောင် ရွက်သွားမှာပါ။

TREND ။        ။ ရခိုင်ပြည်နယ် အခြေစိုက်တဲ့ နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ထူထောင်ဖြစ်ခဲ့ပုံလေး ပြော ပြပါဦး။ 
UBS    ။    ။
ပါတီတည်‌ထောင်စဉ်က မူလက ANP ပါတီ ဆက်လက်ရပ်တည်ဖို့ ဆိုပြီးတော့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ အဆင်မပြေဘူး။ နောက်ပိုင်းမှာ ANP မဟုတ်တဲ့အမည်နဲ့ ပါတီ ဆက်လက်ရပ်တည်ဖို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တိုင်ပင်တဲ့အခါ ANP နာမည်နဲ့ မရရင်မလုပ်တော့ဘူးဆိုပြီး သဘောထား ပေးကြတာတွေ ရှိတယ်။ ရခိုင်ပြည်နယ် ၁၇ မြို့နယ်ရဲ့ သုံးမြို့နယ်မှာ နိုင်ငံတော်အစိုးရရဲ့ စီမံအုပ်ချုပ်မှု ယန္တရားနဲ့ ဆက် စပ်ပြီးတော့ နေထိုင်ကြတဲ့ ပြည်သူလူထုတွေ၊ ဒီနေရာမှာ နေထိုင်ကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေရှိတယ်။ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ အုပ်ချုပ်ရေးဌာန စသည်ဖြင့် ရှိတယ်။ပြီးတော့ စစ်ရေးပဋိပက္ခကို အကြောင်းပြုပြီးတော့ ရခိုင်ပြည်နယ်ရဲ့ ပြင်ပကို ရောက်နေတဲ့၊ ရောက်ရှိသွားကြတဲ့ ပြည်သူတွေ ရှိတယ်။ အထူးသဖြင့်တော့ ရန်ကုန်မြို့ကို ရောက်သွားကြတာပေါ့လေ။ ဒီလို ရခိုင်ဒေသခံပြည်သူတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးပါတီတစ်ရပ်ထူထောင်ပြီး လုပ်သင့်တယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်တဲ့အတွက် ပါတီထူထောင်ခဲ့တာ။ အဲဒီလို ယုံကြည်ချက်နဲ့ မိတ်‌ဆွေတွေကို လိုက်ပြီးတော့ ဆက်သွယ်ဆောင်ရွက်ခဲ့တယ်။ တခြားမြိုတို့၊ ခမီတို့၊ ဒိုင်းနက်တို့ စသည်ဖြင့်ပေါ့လေ။ သူတို့တစ်တွေကလည်း ရန်ကုန်မှာ စစ်ဘေးရှောင် အနေနဲ့ ရောက်လာကြတာ ရှိတယ်။ သူတို့တစ်တွေက သူတို့ရဲ့ မျိုးနွယ်စုကို ကိုယ်စားပြုတော့ နိုင်ငံရေးပါတီတစ်ရပ်ရဲ့ ဦးဆောင်မှုနဲ့ ဖြတ်သန်းဖို့ စိတ်ကူးကြတယ်၊ ရပ်တည်ချင်ကြတယ်။ အဲဒီလိုမျိုး ပါတီတစ်ခု လိုချင်ကြတယ်။ အဲဒီလိုမျိုးတွေ တွေ့ရတော့ ဘာပဲဖြစ်ဖြစ် သူတို့လည်း မျိုးနွယ်စု တစ်ခုကို ကိုယ်စားပြုမယ့် ပါတီဝင် အင်အားတွေလည်း ရနိုင်တယ်လို့မြင်တယ်။ နောက်ပါတီဖွဲ့လို့ရှိရင် ရခိုင်တစ်ပြည်လုံးမှာရှိတဲ့ တိုင်းရင်းသား လူမျိုးမျိုးနွယ်စုတွေအတွက် အသုံးဝင်ဖို့ နိုင်ငံရေးပါတီ တစ်ခု တော့ ဖြစ်လာနိုင်တယ်‌ဆိုတာမျိုး တွေးမိခဲ့တယ်။ အဲဒီလို တွေးမိခဲ့တဲ့အတွက်ကြောင့်လည်း ကျောက်ဖြူ ကို ပြန်ပြီးတော့ ဒေသခံတွေ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ မိတ်ဆွေနဲ့ တိုင်ပင်တယ်။ တိုင်ပင်တဲ့အခါ အရင်တုန်းက နိုင်ငံရေး အောင်မြင်နေတဲ့ အချိန်တုန်းက စိတ်ဝင်စားတဲ့သူတွေ အများကြီး ပေါ်ပေါက် ခဲ့ပါတယ်။
    ဒါပေမဲ့ အခုအချိန်မှာ နိုင်ငံရေးဟာရခိုင်မှာ လိုအပ်‌သေးလို့လားဆိုပြီး ပြောနေတဲ့သူတွေများလာတဲ့အခါ နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ ထူထောင်ရပ်တည်ဖို့ကို စိတ်ဝင်စားမှု နည်းပါးခဲ့တာတွေလည်း ကြုံခဲ့ရတယ်။ သို့သော်လည်း မိတ်ဆွေ‌တွေကို အကျိုးနဲ့အကြောင်းနဲ့ သူတို့ဆီက စကားလည်း နားထောင်ရင်း၊ ကိုယ့်ဘက်ကလည်း ရှင်းပြပြောပြရပါတယ်။ ပါတီတည်ထောင်ဖို့ဆိုရင် အနည်းဆုံး လူပုဂ္ဂိုလ် ၁၅ ဦး လိုပါတယ်။ ဒါကြောင့် ဒီဘက်မှာ တိုင်ပင်ကြည့်တဲ့အခါ ပါတီတစ်ခုရှိဖို့ လိုအပ်တယ်ဆိုတဲ့ ယုံကြည်တဲ့သူတွေ ၁၅ ဦးထက်မကဘဲ စုမိပြီး ထူထောင်ဖြစ်ခဲ့တာပါ။ 

TREND ။        ။ ဒေသခံတွေရဲ့ နိုင်ငံရေးပါတီ နိုင်ငံရေးလမ်းကြောင်းအပေါ် စိတ်ဝင်စားမှု ဘယ်လို အခြေနေရှိနေလဲ။
UBS    ။    ။
ရခိုင်မှာ နိုင်ငံရေးပါတီက လိုအပ်‌သေးလို့လားဆိုပြီး တော်တော်များများကတော့ အဲဒီလို ပြောနေကြပါတယ်။ အဲဒီမှာ အရင်တုန်းက နိုင်ငံရေးကို စိတ်ဝင်စားတယ်လို့ပြောတဲ့ ပုဂ္ဂိုလ်တွေကို တိုင်ပင်ကြည့်တယ်။ တိုင်ပင်ကြည့်တဲ့အခါ ရခိုင်ပြည်သူ တွေကတော့ အခက်အခဲတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပြီး ဖြတ်ကျော်ချင်ကြတယ်။ နိုင်ငံရေးနည်းနဲ့ပဲ အေးအေးချမ်းချမ်း နေချင်ကြတယ်။ အဲဒီလိုတွေ တွေ့ရတော့ ပြည်သူတွေကလည်း ပါတီကို ကူညီကြပါတယ်။ ရခိုင်မှာက ဘင်္ဂါလီ‌တွေ ဖယ်လိုက်လို့ရှိရင် လူဦးရေတစ်သန်း ကျော်လောက်ရှိမှာပေါ့။ အဲဒီမှာ ရန်ကုန်ရောက်နေတဲ့ ရခိုင်တွေက အများကြီး၊ မြို့နယ်စုံက ရခိုင်တွေ ရန်ကုန်ကို ရောက်နေကြတာကိုး။ ရောက်နေကြတဲ့သူတွေဟာ အိုးပစ်အိမ် ပစ်ပြီး၊ နေရပ် စွန့်ခွာပြီးတော့ ပြောင်းလာခဲ့ကြတယ်။ သူတို့က ဒီနိုင်ငံရေးပဋိပက္ခဟာ ကာလတစ်ခုလောက်ဆိုရင် ကိုယ့်မြို့ကိုယ့်ရွာကို ပြန်လို့ ရမယ်လို့ ထင်ခဲ့ကြပေမယ့် အခု လေး၊ ငါးနှစ်လောက်ကြာတဲ့အထိ ပြန်ဖို့ အခက်အခဲတွေ ကြုံနေရတုန်း ဖြစ်နေတယ်။ ဒီလို အိုးပစ် အိမ်ပစ် ထွက်ပြေး တိမ်းရှောင်နေကြရတဲ့  လေး၊ ငါးနှစ်လောက် ဒုက္ခမျိုးစုံ ကြုံတွေ့ ခံစားလာရတဲ့အခါ အခက်အခဲတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပြီး ဖြတ် ကျော်ချင်ကြတာ တွေ့ရတယ်။ ဒါကြောင့်လည်း ဒီလိုအေးချမ်းတဲ့ လမ်းကြောင်းကို ရွေးပြီးတော့ ရပ်တည်နိုင်ရင် ပိုကောင်းတယ် ဆိုတဲ့ အတွေးအခေါ်လေးတွေ ရှိလာကြတယ်။ အဲဒီတော့ နိုင်ငံရေးလမ်းကြောင်း၊ နိုင်ငံရေးပါတီတွေနဲ့ ဆက်စပ်ပြီးတော့ အလုပ်လုပ်ရင် သူတို့မှာ ပြောခွင့်ဆိုခွင့်တွေ ရလာမယ်၊ နိုင်ငံရေး ပါတီတွေ ကနေတစ်ဆင့် ပြောခွင့်ဆိုခွင့် အခွင့်အလမ်းတွေ ရလာမယ်ဆိုတဲ့ အသံတွေ ရလာခဲ့တယ်။ အဲဒီလို ပြည်သူတွေဆီက အသံတွေရလာလို့လည်း ပါတီထူထောင်ဖြစ်ခဲ့တာ။ နိုင်ငံရေးပါတီတစ်ရပ် အဖြစ် ထူထောင်ဖို့ အင်အားတွေ ဖြစ်လာတာပါ။

TREND ။        ။ လက်ရှိအခြေအနေအပေါ်မှာ ရခိုင်ဒေသခံတွေရဲ့ အဓိကလိုလားချက်က ဘာတွေ ဖြစ်နိုင်မလဲ၊ သူတို့ရဲ့ စိတ်ခံစားမှုက ဘယ်လိုတွေ ရှိနေကြလဲ။
UBS    ။    ။
ရခိုင်ဒေသခံတွေ လိုလားနေကြတော့ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်အိမ်မှာ ပြန်ပြီးတော့ အေးအေးချမ်းချမ်း နေချင်ကြတယ်၊ လုပ်ကိုင်စားသောက် ချင်ကြတယ်။ ပညာသင်ချင်ကြတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းနဲ့ နေလိုကြတယ်။ အခုလို နေရပ်စွန့်ခွာ‌နေကြရတယ်ဆိုတာက စီးပွားရေးလုပ်လို့ တချို့တလေပဲ အဆင်ပြေကြတယ်။ စီးပွားရေး မလုပ်နိုင်တဲ့သူတွေက လခစား ဝင်လုပ်ပြီးတော့ ရပ်တည်နေ ကြရတာတွေရှိတယ်။ ပညာရေးအကြောင်းပြုပြီးတော့ ဧည့်သည်လို နေနေကြရတာ။ အရင်ကတော့ ဒီပဋိပက္ခဟာ တစ်နှစ်၊ တစ်ပိုင်းလောက်ရှိရင် ပြီးသွားမှာပဲလို့ ရခိုင်ဒေသခံတွေက ထင်ခဲ့ကြတာ။ ဒါပေမဲ့  လက်တွေ့မှာ သုံး၊ လေးနှစ်လောက် ဒုက္ခမျိုးစုံ ရင်ဆိုင်နေရတော့ ဒီအခက်အခဲတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ချင်နေကြပြီ။ အဲဒီ ဆန္ဒတွေ၊ လိုလားချက်တွေ ရှိနေကြတာကိုလည်း တွေ့ရပါတယ်။ သူတို့တွေ တော်တော် ဒုက္ခရောက် နေကြရတယ်။ ဒုက္ခရောက်နေတဲ့ အတွက်ကြောင့် ကိုယ့်ရပ်၊ ကိုယ့်ရွာကို အေးချမ်းတဲ့နည်းနဲ့ ပြန်ပြီး နေထိုင်ချင်ကြတယ်။ အဲဒီလို နေထိုင်နိုင်ဖို့ အခွင့်အလမ်းတွေရအောင် အစိုးရနဲ့ ပြောနိုင်‌ဆိုနိုင်တဲ့သူတွေ၊ ပုဂ္ဂိုလ်တွေရှိရင် ကောင်းမှာပဲဆိုတဲ့ ဆန္ဒတွေ ရှိနေကြတယ်။ အရင်တုန်းက နိုင်ငံရေးလမ်းကြောင်းနဲ့ သွားခဲ့ကြတဲ့ အချိန်ကာလတွေကိုလည်း ပြန်ပြီးသတိရနေကြတယ်။ အခုလို စစ်ရေးပဋိပက္ခတွေ ရှိလာတဲ့အခါ တချို့တွေ ဘဝပျက်တဲ့သူတောင် ရှိတယ်။ အိုးပစ်အိမ်ပစ်၊ သားပစ် မယားပစ် စသည်ဖြင့် အဲဒါတွေ ကြောင့် သူတို့အနေနဲ့ အေးအေးချမ်းချမ်းလမ်းကြောင်းကို ရွေးချယ်ချင်ကြတယ်။ အဲဒီလို ဘဝမျိုးနဲ့ ဖြတ်သန်း ချင်ကြတယ်။ စစ်‌တွေ၊ ကျောက်ဖြူဆိုတဲ့ မြို့တွေမှာတောင်မှ ပညာရေး၊ ကျန်းမာရေး ရှိသေးတယ်ဆိုပေမယ့် အရင်ကလောက် ကျန်းမာရေးစောင့် ရှောက်မှုတွေ မရနိုင်တော့ဘူး။ မရနိုင်တော့ အရေးကြီးတဲ့ ပညာသင်ဖို့၊ အရေးကြီးတဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တယ်‌ဆိုရင် ရန်ကုန်ကိုပဲ လာနေကြရတာ။ ဒါကြောင့်လည်း ဒီလို ကြုံတွေ့နေရ‌တဲ့ အခက်အခဲ အကျပ်အတည်းတွေကို နိုင်ငံ‌တော်အစိုးရကို တင်ပြပြောဆိုနိုင်ဖို့ဆိုရင် သူတို့ရဲ့အသံတွေကို နားထောင်ပြီး ပြောပေးနိုင်မယ့် ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို မျှော်လင့်လာကြတာ တွေ့ရတယ်။ အန်ကယ်တို့ကတော့ ပါတီတစ်ရပ် ဖြစ်လာပြီဆိုတော့ လွှတ်တော်၊ အစိုးရပေါ်လာပြီဆိုရင် ဒေသခံတွေရဲ့ လိုလားချက်တွေ၊ သူတို့ရဲ့စိတ်ခံ စားမှုတွေနဲ့ ပတ်သက်ပြီး အသံထွက်ပေးနိုင်တဲ့ အခွင့်အလမ်းတွေ ရလာမှာပါ။ အဲဒီလိုအခွင့်အရေးတွေရ လာရင် သူတို့ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ အားတစ်ခု ဖြစ်လာမှာပေါ့။ ဖြည့်ဆည်းပေးနိုင်တဲ့ အခွင့်အရေးတစ်ခု ရလာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပါတီတည်ထောင်ပြီးတော့ ကြိုးစားနေတာပါ။

TREND ။        ။ ရွေးကောက်ပွဲကနေ နိုင်ငံအရွေ့တစ်ခုအတွက် ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်လဲ၊ ဘယ်လို အပြောင်း အလဲ အခင်းအကျင်းတွေ ဖြစ်လာနိုင်မလဲ။
UBS    ။    ။
ကောင်းတဲ့ သက်ရောက်မှုတွေအများကြီး ဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲကို မလုပ်ဖို့ ဆန့်ကျင်နေတဲ့ အဖွဲ့တွေရှိတယ်။ မဲမပေးနဲ့လို့ ပြောတဲ့သူတွေ ရှိတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကို အစိုးရက တကယ်လုပ်မှာ၊ တကယ်လုပ်လို့ ရွေးကောက်ပွဲကနေတစ်ဆင့် လွှတ်တော်သုံးရပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပေါ်လာမယ်။ လွှတ်တော်ကရွေးတဲ့ အစိုးရလည်း ပေါ်လာမယ်။
    ပြည်သူတွေရဲ့ကြားမှာ ပုဂ္ဂလိက လွတ်လပ်မှု‌တွေ ပေါ်လာမယ်။ အခု ကန့်သတ်ထားတဲ့ ဥပဒေတွေကို မလိုအပ်ရင် ပယ်ဖျက်ဖို့ပေါ့၊ စသည်ဖြင့် အဲဒီလို ဥပဒေပြင်ဆင်ရေး အခွင့်အလမ်းတွေ၊ ဥပဒေပြု ရေးတွေ၊ အခွင့်အလမ်းတွေ ပေါ်လာမယ်။ ပြီးတော့ အရပ်ဘက် အဖွဲ့အစည်းတွေလည်း အများကြီး ပေါ်လာမယ်။ နိုင်ငံတကာကလည်း အခု ပိတ်ဆို့ထားတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလာမယ်။ အဲဒီလို အခင်းအကျင်းမျိုးဆိုရင် တစ်နိုင်ငံလုံးရဲ့ စီးပွားဖွံ့ဖြိုးမှု အခွင့်အလမ်းတွေလည်း ပေါ်လာမယ်။ အခု ပဋိပက္ခဖြစ်နေတဲ့ နယ်မြေဒေသတွေမှာ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်မှုတွေက လေး၊ ငါးနှစ်လောက် အခက်အခဲမျိုးစုံ ကြုံပြီး ဒုက္ခရောက်နေကြတယ်။ ဒီအခြေအနေ‌တွေကို လွှတ်တော် နိုင်ငံရေးစင် မြင့်ပေါ်မှာ ပြောခွင့်ဆိုခွင့် ရလာလို့ရှိရင်၊ တစ်နိုင်ငံလုံးက တရားဝင်ပြောတဲ့ အသံတွေ ကြားလာလို့ရှိရင် နိုင်ငံအပြောင်းအလဲအတွက် ကောင်းတဲ့လမ်းကို ရောက်လာမှာပါ။ အဲဒီလိုလည်း ယုံကြည်ပါတယ်။ ပြီးတော့ ဒီအပြောင်းအလဲမှာ ဘယ်ပါတီပဲနိုင်နိုင်၊ ဘယ်သူပဲ နိုင်နိုင်၊ ဘယ်သူပဲအစိုးရဖွဲ့ဖွဲ့ အပြောင်းအလဲတစ်ခုနဲ့ ဒီမို ကရေစီလမ်းကြောင်း ပေါက်သွားဖို့ မျှော်လင့်ပါတယ်။

TREND ။        ။ ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးပဋိပက္ခ ပြေလည်ငြိမ်းချမ်းဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းဆောင်ရွက်သင့်လဲ၊ ဘယ်လိုကြိုးပမ်းသင့်လဲ။
UBS    ။    ။
ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးပဋိပက္ခက ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးပမ်းရင် ပြေလည် ငြိမ်းချမ်းမလဲ ဆိုတာကတော့ ပြောဖို့ခက်ပါတယ်။ ရခိုင် ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတဲ့ အထဲက ၁၄ မြို့နယ်ကို ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ AA ရဲ့ ယာယီထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဖြစ်နေတယ်။ ဒါပေမဲ့ AA က သူတစ်ဖွဲ့တည်းမဟုတ်ဘူး။ သူ့မှာ မဟာမိတ်‌တွေ ရှိနေတယ်ဆိုတော့ သူကိုယ်တိုင်ကလည်း သီးခြားမဟုတ်ဘူး။ တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း လက်တွဲထားတာဆိုတော့ ဒီပြည်ထောင်စုထဲက အင်အားတွေနဲ့ ရပ်တည်နေတယ်ဆိုတာ မြင်ရတယ်။ အန်ကယ်တို့က နိုင်ငံရေးပါတီအချင်းချင်း ရပ်တည်တာ၊ အန်ကယ်တို့ကတော့ ဒီဘက်မှာ တရားဝင်ပါတီမှတ်ပုံ တင်ပြီးတော့ ရွေးကောက်ပွဲနည်းလမ်းနဲ့ ဖြတ်သန်းနေကြတယ်။ သူတို့ကတော့ ဟိုဘက်က လက်နက်ကိုင် အဖွဲ့တွေနဲ့ အချင်းချင်း ရပ်တည်ပေးကြတာလို့ မြင်တယ်။ ညီနောင်သုံးဖွဲ့တို့၊ တခြားအဖွဲ့တွေနဲ့ အဲဒီလို ပြည်ထောင်စုထဲက အဖွဲ့တွေနဲ့ တော်လှန်ရေး လမ်းကြောင်းကို လျှောက်နေကြတာ။ AA က ထုတ်ပြန် ထားတာရှိတယ်။ ဆွေးနွေးပွဲ စကားဝိုင်းကို သူတို့လည်း လိုလားတယ်ဆိုတဲ့ စကား AA ဘက်က ပြောဖူး တယ်။ အဲဒါတွေ သူတို့ အကောင်အထည်ဖော်နိုင်ကြရင် တိုက်တာခိုက်တာတွေ အဆုံးသတ်ဖို့ လမ်းတွေ ရှာကြမှာပေါ့။ ဆွေးနွေးပွဲ စကားဝိုင်း မရောက်နိုင်သေးတဲ့အခါ ပဋိပက္ခတွေက အဆုံးမသတ်နိုင်တာပေါ့။ ပြီးတော့ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်ဖို့၊ နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်ဖို့ဆိုတဲ့ ရခိုင်လက်နက် ကိုင်အဖွဲ့ AA ရဲ့ ခေါင်းဆောင်က ပြောတဲ့အထဲမှာပါတယ်။ အဲဒီတော့ သူတို့အနေနဲ့ စစ်ရေးပဋိပက္ခ ဆွေးနွေးပွဲ စကားဝိုင်းနဲ့ အဆုံးသတ်ချင်တာလား၊ အဲဒီလိုလည်း တိတိကျကျ မပြောတဲ့အခါကျတော့ အဓိပ္ပာယ်ဖွင့်လို့ မရဘူး။ ဆွေးနွေးပွဲကို ရောက်ချင်တယ်ဆိုတာမျိုးတော့ သူတို့ပြောထားတယ်။ အဲဒါကို အကောင်အ ထည်ဖော်နိုင်ရင်တော့ တိုက်တာခိုက်တာတွေ၊ သတ်တာဖြတ်တာတွေ အဆုံးသတ်ဖို့ စဉ်းစားလာကြမှာ ပါ။ ပဋိပက္ခမှာ ပါဝင်နေတဲ့အဖွဲ့တွေက ဒီပဋိပက္ခကို အဆုံးသတ်ဖို့ စဉ်းစားကြမယ်ဆိုရင် ဒီတိုက်တာခိုက်တာတွေနဲ့တော့ ပဋိပက္ခကို အဆုံး သတ်လို့ မရဘူးလေ။ ဒါက ဆွေး‌နွေးပွဲစကားဝိုင်း‌နဲ့ပဲ အဆုံးသတ်ရမှာ။ ဒါကြောင့်လည်း တကယ်ဆွေးနွေးကြဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်က ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခက  အစိုးရ၊ တပ်မတော်နဲ့ AA တို့ကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခတင်မကဘူး၊ ဘင်္ဂါလီတွေနဲ့ဖြစ်နေတဲ့ ပဋိပက္ခကလည်း နိုင်ငံ‌့ လုံခြုံရေးအတွက်ပါ ကြီးမားတဲ့ အန္တရာယ်ရှိနေတယ်။ ၂၀၁၂ ခုနှစ်က ဖြစ်ခဲ့တဲ့ ပဋိပက္ခရယ်၊ ၂၀၁၇ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခရယ် အန်ကယ်တို့ကိုယ်တိုင် ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါတယ်။ အခက်အခဲတွေလည်း အများကြီး ကြုံခဲ့ရတယ်။ အစိုးရ အပြစ်တင်လိုက်၊ ဟိုလူ့ အပြစ် တင်လိုက် ဆိုတာမျိုး အန်ကယ်တို့ မပြောဘူး၊ ခဲရာခဲဆစ် ဖြတ်သန်းခဲ့ရတယ်ဆိုတာ မှတ်တမ်းတွေရှိပါတယ်။ အဲဒါတွေကလည်း သမိုင်းမှာ ပျောက်မသွားပါဘူး။ အဲဒီတော့ နှစ်ပေါင်း ၇၀၊ ၈၀ လောက် ဖြစ်လာတဲ့ ပဋိပက္ခတွေကို အကြောင်းပြုပြီးတော့ ပေါက်ကွဲပြိုထွက်လာတဲ့ဟာ၊ အဲဒါကို စိတ်ရှည်လက်ရှည်နဲ့ ဘယ်လို ဖြေရှင်းကြမလဲ ဒါအရေးကြီးပါတယ်။ ပြည်ထောင်စုထဲမှာ ပြဿနာတစ်ခု ဖြစ်တယ်ဆိုတာက အရင်တုန်းက အခဲမကျေတာတွေကို အကြောင်းပြုပြီး ဖြစ်ကြတာ။ တိုင်းရင်းသားတွေမှာလည်း အရင်တုန်းက အကြောင်းအရာတွေကို အခဲမကျေလို့ ဖြစ်ကြတယ်။ ပုံစံမတူပေမယ့် အဲဒီလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် အခဲမကျေတဲ့ ခံစားချက်တွေ ပေါက်ကွဲပြီးတော့ ဖြစ်နေတဲ့ ပဋိပက္ခပါ။ အဲဒါကို ဆင်ခြင်တုံတရားနဲ့ ဖြေရှင်းဖို့ လိုအပ်တယ်။ အဲဒီလို ဖြေရှင်းနိုင်ကြတဲ့ အချိန်ဆိုရင်တော့ ဒီပဋိပက္ခတွေ ပြေလည် ငြိမ်းချမ်းသွားမယ်။ ဆင်ခြင်တုံတရားနဲ့မဟုတ်ဘဲ ခံစားချက်တွေနဲ့ ဖြေရှင်းနေကြရင် ဒီပဋိပက္ခက ပြီးမှာမဟုတ်ဘူး။ အန်ကယ်တို့ကတော့ နိုင်ငံရေးပါတီတစ်ရပ်အဖြစ်နဲ့ ဘယ်လောက်ပဲ အခက်အခဲရှိရှိ နိုင်ငံရေးနည်းလမ်းနဲ့ စိတ်ရှည် သည်းခံပြီးတော့ ကိုယ့်ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ရပ်တည်ပြီးတော့ ဖြတ် သန်းသွားမှာပါ။ ကိုယ့်အသိုင်းအဝိုင်းထဲမှာ ရနိုင်တဲ့အခွင့်အလမ်းတွေနဲ့ လူသားအရင်းအမြစ်တွေ ပိုပြီး ပျက်စီးမသွားအောင်၊ လူ့အခွင့် အရေးတွေ ပိုပြီး ဆုံးရှုံး မသွားအောင် နိုင်ငံရေးပါတီ ထောင်ပြီးတော့ ကာကွယ်စောင့်ရှောက်မယ်လို့ ဆုံးဖြတ်ထားတာပါ။

TREND ။        ။ ရခိုင်ပြည်နယ်အေးချမ်းဖို့နဲ့ နိုင်ငံတစ်ဝန်းက ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ ဖြစ်စေလိုတဲ့ ဆန္ဒက ဘာဖြစ်မလဲ၊ ဖြည့်စွက်ပြောကြားပေးပါဦး။
UBS    ။    ။
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အန်ကယ့်ဆန္ဒပြောရမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခရှိနေတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးမရဘဲ ဖြစ်နေတယ်။ ဒေသခံပြည်သူတွေ ဒုက္ခရောက် နေရတယ်။ လက်နက်ကိုင်ပဋိပက္ခကို ဘယ်လို အဆုံးသတ်နိုင်ကြမလဲ ဆိုတာနဲ့ ပတ်သက်ပြီး လက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ အဖွဲ့‌အစည်းတွေက နည်းလမ်းရှာပြီး အဆုံးသတ်ဖို့ လိုတယ်။
    နည်းလမ်းရှာပြီးတော့  အဆုံးမသတ်နိုင်ရင် လူထုကလည်း ပဋိပက္ခထဲမှာ သံသရာလည်နေမယ်။ အဲဒီဒုက္ခတွေက နှစ်ပေါင်းဘယ်လောက်အထိသွားမလဲ အဲဒီလိုဖြစ်နေမှာပါ။ ဒါကြောင့် နည်းလမ်းရှာပြီးတော့ လက်ရှိပဋိပက္ခကို အဆုံးသတ်သင့်ပါပြီ။ နိုင်ငံတော်အစိုးရက တွေ့ဆုံဆွေး နွေးရေး၊ ငြိမ်းချမ်းရေး ကမ်းလှမ်းထားတာရှိတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေရော၊ တခြားမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေရော တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို လျှောက်ကြရမှာပေါ့။ အဲဒီလို တွေ့‌ဆုံဆွေးနွေးတဲ့အခါမှာလည်း တစ်ကြိမ်၊ နှစ်ကြိမ်နဲ့တော့ ပြီးချင်မှပြီးမှာပါ။ စိတ်ရှည် သည်းခံကြရမှာပါ။ ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် ငြိမ်းချမ်းရေး‌ ဆွေးနွေးကြဖို့ပါ၊ ငြိမ်းချမ်းသော နည်းတွေနဲ့ အလုပ် စကြရမှာပါ။ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းချင်တယ်ဆိုရင် စားပွဲဝိုင်း ဆွေးနွေးပွဲလုပ်ဖို့ ရောက်လာကြဖို့ လိုအပ်ပါတယ်။ ရခိုင်မှာရှိနေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက်သော်လည်းကောင်း၊ နိုင်ငံတစ်ဝန်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် သော်လည်း ကောင်း၊ လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေတဲ့ အဖွဲ့အ စည်းတွေ အားလုံးဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ အဆုံးသတ်ဖို့ လိုအပ်ပါတယ်လို့ မှတ်ချက်ပြုချင်ပါ တယ်။

TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၀ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။ )
     
 

Total Views ~ 27

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49377

© 2022 - 2025 News. All Rights Reserved.