၂၀၂၃ ဇွန် ၂၈
အင်အားကြီး "ဝ" အဖွဲ့ ၊ မိုင်းလားနှင့် ရှမ်းပြည်တိုးတက်ရေးပါတီတို့နှင့် နစကတို့ အကြားတွေ့ဆုံဆွေးနွေးနိုင်ရေး ကိစ္စကို ယနေ့ ဇွန်လ (၂၇) ရက် နံနက်ပိုင်းက ပြုလုပ်သည့် NCA လက်မှတ်ရေးထိုးထားသည့် အပစ်ရပ်အဖွဲ့ (၅) ဖွဲ့နှင့် နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့၏ ဒုတိယနေ့ ဆွေးနွေးပွဲအတွင်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
PPST အဖွဲ့ဝင်များ ဖြစ်သည့် ALP, KNU/KNLA(PC) , DKBA, LDU , PNLO အဖွဲ့တို့နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် NSPNC တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုကို ယမန်နေ့ ဇွန်လ (၂၆) ရက်က စတင်လုပ်ဆောင်နေခြင်းဖြစ်သည်။
ယနေ့ ဒုတိယ နေ့တွေ့ဆုံမှုတွင် "ဝ" အဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး၊ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံနိုင်ရေးတို့ကို NCA - S EAO များ၏ သဘောထားများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် NCA - S EAO များအကြား ဆွေးနွေးသဘောတူထားသည့် ဘုံသဘောတူညီချက်များ၊ ဖက်ဒရယ်အခြေခံမူ ကိစ္စ အပါအဝင် လူသားချင်းစာနာမှုအကူအညီပေးရေး ကိစ္စများကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်ရယူနိုင်ရန် မူကြမ်းများကို ဆွေးနွေးခဲ့ကြပြီး ဇွန် (၂၈) ရက်တွင် တတိယနေ့ ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်မည်ဖြစ်ကာ နှစ်ဖက်သဘောတူညီချက်များအား လက် မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။