၂၀၂၃ ၊ ဇူလိုင် ၂၁
အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် ၅၁/ ၂၀၂၃ ဖြင့် ယနေ့ ထုတ်ပြန်ခဲ့သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်လိုက်သည့် အမိန့်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယင်းအမိန့်ကြော်ငြာစာတွင် မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရမည်ဖြစ်ပြီး ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့် နေ့ရက်မှ စတင်၍မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်ဟု အသိပေးထားသည်။
အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်လိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ဇူလိုင် ၄ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့ပြီးတားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလို ဆောင်ရွက်စေမည့် အမိန့်ထုတ်ပြန်ခွင့်ကိုလည်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကို အပ်နှင်းခဲ့ခြင်း ဖြစ်သည်။