၂၀၂၃ ဇူလိုင် ၁၀
ဧရာဝတီတိုင်းမှာ အခြေခံကုန်စည်ဈေးနှုန်းတွေ ဇူလိုင်လအတွင်း သိသိသာသာထပ်မံမြင့်တက်လာနေပြီး ဆန်ဈေး၊ ဆီဈေး အပါအဝင် သားငါး၊ ဟင်းသီးဟင်းရွက် ဈေးနှုန်းတွေလည်း မြင့်တက်နေမှုကြောင့် အခြေခံပြည်သူတွေ စားဝတ်နေရေး ခက်ခဲလာတယ်လို့ အခြေခံလူတန်းစားတွေဆီကနေ သိရပါတယ်။
အခု ဇူလိုင်လ ၁ ရက်ကနေ ယနေ့အထိ အခြေခံစား သောက်ကုန်စည်တွေဖြစ်တဲ့ စားအုန်းဆီတစ်ပိဿာကိုငွေကျပ် ၈၅၀၀ ဝန်းကျင်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ကျပ် ၁၁၂၀၀၀ ဝန်းကျင်၊ ကြက်သွန်နီ(မြစ်သား) ၁၀ ပိဿာလျှင်ကျပ် ၄၀၀၀၀၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ် ပိဿာလျှင်ကျပ် ၈၀၀၀၀ အထိ ငရုတ်သီး အခြောက် ပိဿာချိန် ၁၀ ကိုကျပ် ၁၇၀၀၀၀ ရှိနေပေါက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်ကနေ ၃၀ ရက်အထိ အခြေခံစား သောက်ကုန်စည်တွေဖြစ်တဲ့ စားအုန်းဆီတစ်ပိဿာကိုငွေကျပ် ၆၅၀၀ ဝန်းကျင်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ကျပ် ၁၀၅၀၀၀ ဝန်းကျင်၊ ကြက်သွန်နီ(မြစ်သား)ပိဿာ ၁၀ ကိုကျပ် ၃၀၀၀၀၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ် ပိဿာချိန် ၁၀ ကိုကျပ် ၇၂၀၀၀ ၊ ငရုတ်သီး အခြောက် ပိဿာချိန် ၁၀ ကိုကျပ် ၁၁၅၀၀၀ ဈေးသာရှိခဲ့တယ်လို့ သိရပါတယ်။
"ဈေးက တက်ရင်မြန်တယ် ၊ တစ်ရိပ်ရိပ်တက်လာ တာမဟုတ်တော့ဘူး ၊ အဆမတန်ထိုးတက်သွားတာ၊အရင်ကထက် အဆမတန်ကို တက်သွားတာ ၊အရင်ကမနက်စာ ဟင်း ၃ မျိုး ညနေစာ ဟင်း ၃ မျိုးလောက်စားနိုင်ခဲ့တာ အခုကတော့ ဟင်းမပါပဲ စားရတဲ့ရက်တွေ တောင်ရှိလာပါတယ် ၊ ဆီက ၆၅၀၀ ကနေ ချက်ချင်း ၈၅၀၀ တက်ဖြစ်သွားတယ် ၊ ဒါတောင် ပိသာလုံးယူမှရ တာ။ ပိသာအပြည့် မယူရင် ၉၅၀၀ တဲ့။ ကြာလာရင်မြန်မာပြည်မှာ အဟာရပြတ်လို့ သေတဲ့ ဖြစ်စဉ်တွေဖြစ် ကုန်တော့မယ် ။ အခု မိန်မ တစ်ယောက် တစ်ရက်လုပ် အားခက ဆန် တစ်ပြည်ဖိုးပဲရတော့တယ်။''လို့ဧရာဝတီတိုင်းက အိမ်ရှင်မတစ်ဦးကပြောပါတယ်။
အဲ့ဒီလို ကုန်ဈေးနှုန်းမြင့်တက်လာရာမှာ ပြည်ပနိုင်ငံတွေမှ မှာယူတင်သွင်းနေရတဲ့ လူသုံးကုန်ပစ္စည်းတွေ၊ ဆေးဝါးများသာမက ပြည်တွင်းတွင်ထွက်ရှိတဲ့ ဆန်၊ သား၊ ငါး၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေပါ မြင့်တက်လာ တာဖြစ်ကြောင်း ဒါ့ကြောင့် အခြေခံပြည်သူတွေ အနေနဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ဒေါ်လာဈေး မတည်ငြိမ် မှုဂယက်ကြောင့် ပြည်တွင်းတွင် အခြေခံကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး လက်ရှိတွင်လည်း ရွှေဈေး၊ ဒေါ်လာဈေး ဆက်လက်မြင့်တက်နေမှုကြောင့် ကုန်ဈေးနှုန်းပါ လိုက်ပါမြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။