၂၀၂၃ ယူရို ယူ-၂၁ ချန်ပီယံဆုကို ပြိုင်ပွဲတစ်လျှောက် ပေးဂိုးမရှိပဲ အင်္ဂလန်အသင်းရရှိ

2023 ဇူလိုင် ၉

ရိုမေးနီးယားနဲ့ ဂျော်ဂျီယာနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ဥရောပ ယူ-၂၁ ဘောလုံးပြိုင်ပွဲမှာ အင်္ဂလန်ယူ-၂၁ အသင်းချန်ပီယံဆုရခဲ့ပါတယ်။

ဗိုလ်လုပွဲအဖြစ် အင်္ဂလန်အသင်းနဲ့ စပိန်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့တာဖြစ်ပြီး ၂ သင်းစလုံးက အကောင်းဆုံးပုံစံကို ပြသသွားနိုင်ခဲ့ပါတယ်။ ဒီပွဲအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပထမပိုင်းပြီးကာနီးမှာ အင်္ဂလန်ကွင်းလယ်လူ ပယ်မာရဲ့ ဖရီးကစ် ကန်ချက်က အသင်းဖော် ကာတစ်ဂျုံးစ်နဲ့ထိပြီး ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။

ဒီဂိုးသွင်းယူပြီးနောက် ၂ ဖက်ကစားသမားတွေ အချင်းများခဲ့ကြလို့ အင်္ဂလန်နောက်ခံလူ ကိုဝဲလ်နဲ့ စပိန်ကွင်း လယ်လူ ဆန်းဆက်တို့ကို အဝါကတ်ပြခဲ့ရသလို ၂ ဖက်အသင်းက နည်းပြအဖွဲ့ဝင်တစ်ယောက်စီကိုလည်း ကွင်းလယ်ဒိုင်က အနီကတ်နဲ့ထုတ်ပယ်ခဲ့ရပါတယ်။

အင်္ဂလန်အသင်းကအနိုင်ဂိုးကိုရဖို့ထိန်းကစားခဲ့သလို စပိန်အသင်း ဘက်ကလည်းတိုက်စစ်မြှင့်ခဲ့ရာ ပွဲပြီးကာနီး နောက်ဆုံးမိနစ်မှာ စပိန်အသင်းပင်နယ်တီရခဲ့ပါတယ်။

ဒီပင်နယ်တီကို စပိန်အသင်းခေါင်းဆောင် အေဘယ်ရုဇ် ကန်ခဲ့ရာမှာ အင်္ဂလန်ဂိုးသမား ထရက်ဖို့ဒ် ကာကွယ်နိုင်ခဲ့လို့ စပိန်အသင်းရှုံးနိမ့်ခဲ့ပါတယ်။ အခုပြိုင်ပွဲမှာ ရှုံးပွဲမရှိ သလို ပေးဂိုးလည်း တစ်ဂိုးမှ မရှိခဲ့တဲ့အင်္ဂလန်အသင်းဟာ နှစ်ပေါင်း ၄၀ အတွင်း ယူရို ယူ-၂၁ ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူ သွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ပြိုင်ပွဲတစ်လျှောက် ပေးဂိုးမရှိပဲ ပြိုင်ပွဲတွင် ချန်ပီယံဆုကို ရယူနိုင်ခြင်းလည်း ဖြစ်ပါတယ်။

Total Views ~ 186

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43534

© 2022 - 2025 News. All Rights Reserved.