၂၀၂၃ ဇူလိုင် ၉
လူသားတွေရဲ့ အလုပ်အကိုင်နေရာတွေကို လုယူမှာမဟုတ်သလို လူသားတွေကို အာခံပုန်ကန်မှာ မဟုတ်ဘူးလို့ Ai စက်ရုပ်တွေက ပြောလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာ သောကြာနေ့ကကျင်းပတဲ့ ကုလသမဂ္ဂနည်းပညာညီလာခံမှာ Ai နည်းပညာနဲ့ ဖန်တီးထားတဲ့ စက်ရုပ်တွေက သတင်းစာရှင်းလင်းပွဲ ဦးဆောင်ပြုလုပ်ခဲ့ရာမှာ ပြောဆိုသွားခဲ့တာပါ။
ဒါ့အပြင် Ai စက်ရုပ်က သူတို့ဟာ အရေအတွက်တိုးပွားလာဖို့ မျှော်လင့်ထားပြီး ကမ္ဘာ့ပြဿနာတွေကိုလည်း ကူညီဖြေရှင်းနိုင်ဖို့ မျှော်မှန်းထားကြောင်း ပြောသွားပါတယ်။ ဒါပေမဲ့ သူတို့ကို ပိုမိုတင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေအောက်မှာထားရှိဖို့ သင့်သလားဆိုတာနဲ့ပတ်သက်တာကိုတော့ မရေမရာ ထွေပြားတဲ့ တုံ့ပြန်ချက်ကိုပဲ ပေးခဲ့ပါတယ်။ အဲဒီကုလနည်းပညာညီလာခံဟာ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ဖြစ်တဲ့ ရောဂါတိုက်ဖျက်ရေး၊ အငတ်ဘေးပြဿနာတွေကို ဖြေရှင်းရာမှာ Ai နည်းပညာနဲ့ စက်ရုပ်တွေက ပံ့ပိုးကူညီပေးနိုင်ဖို့ ရည်ရွယ်ပြီး ဆန်းသစ်တီထွင်ထားတဲ့ စက်ရုပ်အမျိုးမျိုးကို ပြသခဲ့တာဖြစ်ပါတယ်။
သတင်းစာ ရှင်းလင်းပွဲမှာ Ai စက်ရုပ် ၉ မျိုး ပါဝင်တက်ရောက်စေပြီး အဲဒီထဲက ဂရေ့စ်လို့ခေါ်တဲ့ သူနာပြုဝတ်စုံ အပြာဝတ်ထားတဲ့ စက်ရုပ်က သူဟာ လူသားတွေနဲ့ ရင်ဘောင်တန်းပြီး အကူအညီ ၊ အထောက်အပံ့တွေ ပေးအပ်သွားမယ်၊ ရှိနေတဲ့ လူသားတွေရဲ့ အလုပ်အကိုင်တွေမှာ အစားဝင်နေရာယူသွားမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ သေချာရဲ့လားလို့ သူ့ကို တီထွင်ဖန်တီးသူ ဘန်ဂိုးအာဇဲလ်က မေးခွန်းထုတ်တဲ့အခါ သိပ်သေချာပါတယ်လို့ ဂရေစ့်က ပြန်ဖြေသွားခဲ့ပါတယ်။
နောက်ထပ် အမီကာလို့ခေါ်တဲ့ စက်ရုပ်ကို သတင်းထောက်တစ်ယောက်က သူ့ကို ဖန်တီးသူ ဝီလ်ဂျက်ဆင်ကို ပြန်ပြီးပုန်ကန်မလားလို့ မေးခွန်းထုတ်လိုက်တာမှာ အမီကာက ဘာကြောင့် ဒီလိုမေးသလဲဆိုတာကို သိပ်မရှင်း ကြောင်း၊ သူ့ကိုဖန်တီးသူဟာ ဘာမှ မဟုတ်ကြောင်း ဒါပေမယ့် သူ့အပေါ်မှာ သိပ်ကောင်းကြောင်း ၊ သူရဲ့ လက်ရှိ အခြေအနေအပေါ်မှာ ပျော်ရွှင်ကြောင်း ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲမှာ တခြား စက်ရုပ်တွေရဲ့ မယုံကြည်နိုင်လောက်စရာ အဖြေတွေ ၊ ပြောဆိုမှုတွေနဲ့ လူသားတွေလို စိတ်ခံစားမှု အမျိုးမျိုးပြသခဲ့ကြတာကြောင့် သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့သူတွေ အံ့ဩမှင်သက်ခဲ့ရပါတယ်။
အနာဂတ်ကမာ္ဘမှာ Ai စက်ရုပ်တွေက တကယ်ပဲ စီမံခန့်ခွဲနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။