၂၀၂၄ ဖေဖော်ဝါရီ ၄
အမျိုးသားရေးတာဝန်နှင့်ပတ်သက်ပြီး အမြင်အမျိုးမျိုး၊ အယူအဆအမျိုးမျိုး ရှိကြပါသည်။ အစွန်းရောက်သူများ၏အမြင်က တစ်မျိုး၊ အလည်အလတ်သမားအမြင်က တစ်မျိုးဖြစ်ကောင်းဖြစ်ကြပါလိမ့်မည်။ မည်သို့ပင် မြင်ကြပါစေ အဓိကအရေးကြီးသည်မှာ တိုင်းပြည်အရေးပင် ဖြစ်ပေသည်။ အမြင်မတူ၊ အကျင့်မတူသည့်အခါ လုပ်ထုံးလုပ်နည်းများလည်း တူနိုင်မည် မဟုတ်ပေ။ တချို့ကိစ္စ ရပ်များသည် စိတ်ကူးဖြင့် အကောင်အထည် ဖော်ရသည်မှာ လွယ်သလောက် အမှန်တကယ် အကောင်အထည်ဖော်ရချိန်မှာ အခက်အခဲများစွာ ကြုံတွေ့ရတတ်ပေသည်။ ထိုအခက်အခဲများမှတဆင့် တိုင်းပြည်အရေးကို မထိဖို့တော့ လိုပါလိမ့်မည်။
၂၀၂၄ ခုနှစ်ဇန်နဝါရီလ ၃၁ ရက်မှာ နိုင်ငံတော် အရေးပေါ်အခြေအနေ သက်တမ်းတိုး ခြောက်လ ပြည့်သည့်အတွက် ထပ်မံသက်တမ်းတိုးမလား၊ နိုင်ငံတော်အာဏာကို ယာယီသမ္မတထံ ပြန်အပ်ပြီး ရွေးကောက်ပွဲ ကျင်းပပေးမလားဆိုသည့် အသံများကျယ် ကျယ်ပြန့်ပြန့် ကြားခဲ့ရပါသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး NUG က ဇန်နဝါရီလ ၃၁ ရက်စွဲဖြင့် 'စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထား ရပ်တည်ချက်အား ထုတ်ပြန်ကြေညာခြင်း' ခေါင်းစဉ်ပါ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တာတွေ့ရပါသည်။ ထိုကြေညာချက်နှင့် ပတ်သက်ပြီး ဆက်သွယ်ရန် ပေးထားသည့် လူပုဂ္ဂိုလ်နှင့် လိပ်စာများအရ လက်တွဲပါဝင်သည့် အဖွဲ့အစည်းများသည် CNF ၊ KNPP နှင့် KNU တို့ ဖြစ်ကြသည်ကို တွေ့ရပါသည်။
ကြေညာချက်မှာ ဦးတည်ချက် ၆ ချက်၊ ရပ်တည်ချက် ၉ ချက်၊ လုပ်ငန်းစဉ် အဆင့်ဆင့် ၆ ချက် ဖော်ပြရေးသားထားသည်ကို တွေ့ရပါသည်။ ဦးတည်ချက် ခြောက်ချက်ထဲတွင် NLD အစိုးရဖြစ်စဉ်မှာ ချမှတ်ထားခဲ့သည့် တပ်မတော်ကို အရပ်သားအစိုးရအောက် မှာ လုံးလုံးလျားလျား ထားရှိရေးနှင့် တပ်မတော်မှ နိုင်ငံရေးတွင် ပါဝင်ခြင်းကို အဆုံးသတ်ရန်ဆိုသည့် အချက်များတွေ့ရပါသည်။ ထို့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန် ဟူ၍လည်း ဆိုထားပါသေးသည်။
လက်ရှိမြန်မာနိုင်ငံ၏ နယ်မြေအတော်များများမှာ တိုက်ပွဲများနှင့် ပြည့်နှက်နေပြီး မြို့ကြီးများပေါ်မှာ လူသတ်၊ ဗုံးခွဲစသည့် အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပွားလျှက်ရှိနေသည်မှာ NUG ၏ ဝါဒဖြန့် လှုံ့ဆော်မှုများ၊ စီမံခန့်ခွဲမှုများကြောင့် ဖြစ်ပွားခဲ့သည်ဆိုတာကို အငြင်းပွားစရာ မလိုပါ။ NUG ၏ ဦးတည်ချက်မှာ တပ်မတော်ကိုသာ နိုင်ငံရေးသမားလက်အောက်ရောက် ရှိရေးကို ဦးတည်နေသော် လည်း ဒေသစုံမှာ သူပုန်ထနေသည့် လက်နက်ကိုင်လမ်းစဉ်ကို မည်သို့ အဆုံးသတ် မည်ဆိုသည်ကို ဖော်ပြထားခြင်း မရှိပါ။ တော်လှန်ရေး အကြောင်းပြပြီး ပုံသဏ္ဍာန်အမျိုးမျိုး၊ ရည်ရွယ်ချက် အမျိုးမျိုးနှင့် လက်နက်ကိုင်ထားသည့် တိုင်းရင်းသား အဖွဲ့အသီးသီးကို မြှောက်ပင့်ပေးနေသည်မှာ တိုင်းပြည် အတွက် လက်ရှိအချိန်မှာရော နောင်အနာဂါတ်မှာပါ အလွန် အန္တရာယ်ကြီးသည့် လုပ်ရပ်ဖြစ်ပါသည်။
ရပ်တည်ချက်မှာ "၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တရားမဝင်တော့ပါ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ရှိ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ရန် မဟုတ်ဘဲ တော်လှန်ရေးအောင်မြင်ရေးနှင့် စနစ်ပြောင်း နိုင်ငံရေး တည်ဆောက်မှုအတွက် အသုံးချရန် ဖြစ်သည်"ဟူ၍ ဆိုထားပါသည်။ သဘောကတော့ ၂၀၀၈ ခုနှစ်အခြေခံဥပဒေ ဖျက်သိမ်းပြီး သူတို့ အာဏာရယူထားမည် ဆိုသည့်သဘောပါ။ ဤလုပ်ရပ်သည် ဥပဒေနှင့်အညီဟု မည်သို့မျှ ဆိုနိုင်မည် မဟုတ်သည်ကို နားလည်သင့်ပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွယ်လွယ်စွပ်စွဲ၊ လွယ်လွယ် ပုတ်ခတ်၊ လွယ်လွယ် ဖျက်ပစ်လိုသည့် စိတ်ဓာတ်ရှိသူများ ဖြစ်ကြသည့်အတွက် တိုင်းပြည် ၏အန္တရာယ်ကောင်များအဖြစ် ဆိုချင်ပါသည်။ သူတို့ အတွက်ကိုတော့ ရလဒ်ကောင်းများ ရယူလိုကြသည့်သဘောတွေ့ရသည့်အတွက် ပိုလို့ပင် အထင် သေးစိတ် ဖြစ်မိပါသည်။ သူတို့၏ ဆောင်ရွက်ချက်၊ ကြေညာချက်၊ မျှော်မှန်းချက်များကို ကြည့်လျှင် လက်တွေ့ကြသည့် တိုင်းပြည်အကျိုး တစ်ခုမှ မတွေ့ရပါ။
ထို့အပြင် "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းခြင်းသည် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်နိုင်မည် မဟုတ်သည့်အပြင် အာဏာသိမ်းမှု တရားဝင်ဖြစ်စေပြီး မြန်မာစစ်တပ်ကို ကာလအကန့်အသတ်မရှိ အုပ်ချုပ်ခွင့်ပေးခြင်းသာ ဖြစ်သည်"ဟုလည်း ဆိုထားပါသည်။ မြန်မာစစ်တပ်ဆိုသည့် အသုံးအနှုန်းကိုကြည့်လျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ရန်တိုက်ပေးခြင်းသက်သက်သာ ဖြစ်ပါသည်။ ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲ ပြုလုပ်ပေးခြင်းသည် မည်သည့်အတွက် ဒီမိုကရေစီ ပြန်လည် ဖော်ဆောင်နိုင်မည်မဟုတ်ဟု ဆိုရပါသနည်း။ပြည်တွင်းမှာ မှတ်ပုံတင်ထားသည့် ရွေးကောက်ပွဲပြန်လည် ကျင်းပပေးစေလိုသည့် နိုင်ငံရေးပါတီ များနှင့် နိုင်ငံရေးသမားများကို စော်ကားလိုက်ခြင်းဟု ဆိုရပေလိမ့်မည်။ ကိုယ်ခိုးထားသည့် မဲရလဒ်ကို အသေဆုပ်ကိုင် ထားပြီး ပြည်တွင်းမှာ တရားဝင်ရပ်တည်၍ မရတော့ သည့်အတွက် ကိုယ်အာဏာရရှိရေး တိုင်းပြည်ပျက်အောင် ဖျက်ဆီးနေသည့် လုပ်ရပ်ကို ပြန်လည်ဆင်ခြင် ကြဖို့ ကောင်းပါလိမ့်မည်။ နစက အစိုးရက ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲ အနိုင်ရသူကို အာဏာပြန်လွှဲပေးမည်ဟု အာမခံထားပြီး ဖြစ်ပေသည်။
ထိုကြေညာချက်ကိုကြည့်လျှင် NUG ၏ ရည်ရွယ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်စီးရေးနှင့် ရွေးကောက်ပွဲ မဖြစ်မြောက်ရေးကို အဓိကထားနေခြင်းဖြစ်သည်ကို တွေ့ရမှာ ဖြစ်ပါသည်။ ထို့ကြောင့်လည်း ဒေသစုံမှာ မတည်မငြိမ် ဖြစ်စေခြင်းနှင့် လက်နက်စွဲကိုင် တိုက်ခိုက်နိုင်အောင် မြှောက်ပင့်ပေးနေခြင်း ဖြစ်ပါသည်။ လက်ရှိအခြေအနေမှာ NUG ၏ လက်နက်ကိုင်လမ်းစဉ် ဆောင်ရွက်ချက်များ အရ တဖြည်းဖြည်း ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ ကူးစက်လာနေသည်ကို တွေ့ရမှာ ဖြစ်ပါသည်။ အထူးသဖြင့် KIA ၊ KNU ၊ KNPP ၊ CNF အဖွဲ့များပဲ ဖြစ်ပါသည်။ မကြာသေးမီ ရက်ပိုင်း အတွင်းမှာပင် တည်ငြိမ်အေးချမ်းနေသည့် ပအိုဝ်းဒေသကို စစ်မီးကူးစက်လာသည်ကိုတွေ့ရမှာ ဖြစ်ပါသည်။ တချို့လက်နက်ကိုင်အဖွဲ့များ၏လုပ်ရပ်များသည် တောကြောင်လက်ခမောင်းခတ်သည့် လုပ်ရပ်များ ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။အထူး သဖြင့် MNDAA ၊ TNLA နှင့် AA တို့၏ လုပ်ရပ်များသည် ထိုလုပ်ရပ်များသာ ဖြစ်ပေသည်။ အကြောင်းအမျိုးမျိုးကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ ပေါ်ပေါက်လာခဲ့ကြသော်လည်း သူတို့၏ ရည်ရွယ်ချက်မှာ လက်နက်ဖြင့် နယ်မြေသိမ်းပိုက်ရေး၊ အာဏာတည်ဆောက်ရေးသာလျှင် ဖြစ်ပါသည်။
နေရာစုံမှာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ရှမ်းမြောက်ဒေသမှာ ယာယီအပစ်အခတ် ရပ်စဲရေး အခြေအနေမှာသာ ရှိနေပါသည်။ ထိုအင်အားစုများသည် သတင်းများအရ AA အမည်ခံ၊ AA ယူနီဖောင်းဝတ်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ခိုက်လျက်ရှိသည်ကိုတွေ့ရမှာ ဖြစ်ပါသည်။ ထို့အပြင် NUG ၏ ရည်ရွယ်ချက်သည် ရွေးကောက်ပွဲ ပျက်စီးရေးသာ ဖြစ်ပေသည်။ သို့ဖြစ်ပါ၍ ဒီအချိန်မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဆိုလျှင် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ရမှာ အမှန်ပင် ဖြစ်ပါသည်။ NUG လက်သပ်မွေးထားသည့် အကြမ်းဖက်အဖွဲ့များသည် ဗုံးခွဲဖို့၊ လူသတ်ဖို့ ဝန်မလေး ကြသူများ ဖြစ်ကြသည့်အတွက် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ငဲ့ညှာ ရပေလိမ့်မည်။ တပ်မတော်အနေဖြင့် ဒီမိုကရေစီအရေးကို ပြန်လည်အကောင်အထည်ဖော်ပေးဖို့ ရည်မှန်း ထားပေမဲ့ လက်ရှိ အခြေ အနေများအရ တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးသာလျှင် အဓိကဖြစ်သည်ဟု မြင်ပါသည်။ ထိုအခြေအနေ ရောက်ပါက မျှော်မှန်းထားသည့်အတိုင်း ဒီမိုကရေစီကို ပြန်လည် အသက်သွင်းပေးမည်ကို ယုံကြည်ပါသည်။
ဇော်နိုင်
( TREDN News ဂျာနယ်အတွဲ(၃)၊ အမှတ် (၃) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )