ထူးမြတ် အရူးကွက် နင်းနေသည်

၂၀၂၃ ဒီဇင်ဘာ ၂၁

    "အစိုးရက ပြည်သူတွေကို လမ်းပေါ်ဆွဲတင်လိုက်ပြီ"ဟု သတင်းကြားကြားချင်း ထူးမြတ်တစ်ယောက် 'ဟိုက်' ဟူသော အာမေဋိတ်အသံ ထွက်သွားသည်။ အစိုးရဆိုတာမျိုးက ပြည်သူတွေ ဆူဆူပူပူလမ်းပေါ်ထွက်တာ မကြိုက်သည့် အမျိုးအစားဖြစ်တာကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအဆင်ပြေအောင် ဆောင်ရွက်ပေးနေကြတာ ဖြစ်သည်။ ဒါကြောင့် အစိုးရက ပြည်သူကို လမ်းမပေါ်ဆွဲတင်တာ ဟုတ်၊ မဟုတ် ဖေ့စ်ဘုတ် သတင်းတွေကို ရှာကြံဖတ်ရလေသည်။ အရင်ကတော့  လူတွေကို လမ်းပေါ်ဆွဲတင်တာမျိုး ဝါသနာပါတာက အတိုက်အခံ အင်အားစုတွေ ဖြစ်သည်။ တပ်မတော်က အာဏာထိန်းတော့ ပြည်ပကို လှစ်ခနဲ ထွက်သွားသည့် ကျောင်းသားခေါင်းရှောင် ကိုခေါကြီးဆိုရင် ပြည်သူတွေကို လမ်းပေါ်ဆွဲတင်ဖို့ အင်မတန် ဝါသနာပါလှသည်။ ရန်ကုန်မြို့လယ်ကောင်မှာ ပြည်သူတွေဆန္ဒပြတော့ ဟိုဒီသွားပြီး လူတွေထွက်မလာ,လာအောင် လှုံ့ဆော်ခဲ့ပြီး လူတွေလည်း ထွက်လာရော ကိုခေါကြီးတို့ နိုင်ငံခြားကို လေယာဉ်လက်မှတ်လေးဖြတ်ပြီး လစ်သွားလေတော့ သည်။ အတိုက်အခံဆိုတော့လည်း ပြည်သူတွေကို လမ်းပေါ်ထွက်လာအောင် မြှောက်ပင့်ပေးရတာက အလုပ်တစ်ခုပင် ဖြစ်သည်။
    ယခုတစ်ကြိမ် လမ်းပေါ် ရောက်လာပုံက ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာနိုင်ငံဆိုင်ရာ မြန်မာ သံရုံးများ၏ ခြံဝင်းကြီးအပြင်ဘက်တွင် မိခင်ဘာသာစကားအပြင် သက်ဆိုင်ရာ နိုင်ငံ၏ဘာသာစကားပါဝင်သော ဗွီနိုင်းကြီးများ စိုက်ထူလိုက်ပြီး ဗွီနိုင်းတွင် ဘာသာစကား နှစ်မျိုးဖြင့် "လမ်းအားလုံး သံရုံးဆီသို့"ဆိုသည့် စာတန်းကြီး ချိတ်ဆွဲလိုက်သည်။
    ထို့အပြင် သံရုံးများရှေ့ LED ဆိုင်းဘုတ်ကြီး တွင်လည်း "လမ်းချင်းတူရင် လူချင်းဆုံမယ်" ဆိုသည့် စာတန်းကြီးက တဖျပ်ဖျပ်ပြေးနေပြီး သံရုံးသို့လာရောက် သူများကို ကြိုဆိုနေသည်။ သံရုံးရှေ့သို့ ဖြတ်သန်းသွားလာကြသော နိုင်ငံခြားသားများက ထူးထူးဆန်းဆန်း ရေးသားထားသော မြန်မာသံရုံး၏ ထုတ်ပြန်ချက်များကို အံ့သြနေကြပြီး မြန်မာ့အရေးကို ပိုမိုစိတ်ဝင်စားလာကြသည်။ တချို့ကလည်း မြန်မာသံရုံးရှေ့တွင် ဆန္ဒပြကုန်ပြီ၊  သံအမတ်တွေ တောင်းဆိုကုန်ကြပြီဟု အင်တာနက်စာမျက်နှာများတွင် ရေးသားခဲ့ကြပြီး နိုင်ငံတကာက မြန်မာသံရုံး အခြေ အနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြသည်။
    သံရုံးတွေဆိုတာက သူ့နိုင်ငံမှာ ကိုယ့်သံရုံးရှိ၊ ကိုယ့်နိုင်ငံမှာ သူ့သံရုံးရှိပြီး ထူးဆန်းတာမရှိသလို သက်ဆိုင်ရာ နိုင်ငံသားတွေက နိုင်ငံကူးလက်မှတ်ကိစ္စ၊ နိုင်ငံသား အခက်အခဲများကို သွားရောက်အကူအညီတောင်း ခံလို့ရသည့်နေရာဟုသာ အကြမ်းဖျင်းသိထားကြပြီး  ယခုရက်ပိုင်း မြန်မာသံရုံးများတွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်နေသည်က ထူးဆန်းဖွယ်ဖြစ်နေသည်။ ယခင်ကလည်း သံရုံးများရှေ့တွင် ယခုကဲ့သို့ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ဖူးသည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပသည့် အချိန်ဖြစ်ပြီး မြန်မာနိုင်ငံသားအများစု သံရုံးများဆီသို့ လာရောက်ကာ မဲပေးခဲ့ကြသည်။ မဲပေးအပြီး သံရုံးရှေ့တွင် လက်သန်းလေးများကို ဓာတ်ပုံရိုက်ကာ တာဝန်ကျေပြီ ဘာညာဆိုသည့် ပုံများ လူမှုကွန်ရက်တွင် တင်ခဲ့ကြသည်။ ယခုတစ်ကြိမ်က ရွေးကောက်ပွဲ ရာသီမဟုတ်သည့်ကာလတွင် သံရုံးများ တလှုပ်လှုပ်ဖြစ်လာတာကြောင့် ကမ္ဘာက အာရုံ စိုက်လာတာ ဖြစ်သည်။
    သက်ဆိုင်ရာနိုင်ငံအလိုက် စံတော်ချိန်အရ ရုံးဖွင့်ချိန်တွင် သံရုံးများစတင်ဖွင့်လှစ်ချိန်၌ မြန်မာနိုင်ငံသားများ တဖွဲဖွဲလာရောက်ခဲ့ကြပြီး နာရီပိုင်းအတွင်း လူတန်းကြီး ပြည့်နှက်သွားသည်။ လူတန်းကြီးက ရာထောင်ချီရှိပြီး ပြည်ပရောက် မြန်မာနိုင်ငံသားများကို သံရုံးက စားအုန်းဆီပေး ဝေးသည်ဟူသည့် သတင်းလည်း မထုတ်ပြန်ထားသလို၊ စက်သုံးဆီပေးရအောင်လည်း မြန်မာနိုင်ငံမှာ မဟုတ်သည့်အတွက် ထူးဆန်းသော မြင်ကွင်း ဖြစ်နေသည်။ သံရုံးတာဝန်ရှိသူများကလည်း အသံချဲ့စက်များဖြင့် "မြန်မာနိုင်ငံသားများခင်ဗျ။ တစ်ယောက်ချင်း တန်းစီကြပါ။ ကြားဖြတ်တာတွေ မလုပ်ပါနဲ့။ ပွဲစားတွေ တန်းစီဖို့ ခွင့်မပြုပါဘူး။ ကိုယ်တိုင်တန်းစီပါ"ဟု အသိပေး ကြေညာနေသည်။ ထိုသို့သော ကြေညာသံများ ကြားလေ သက်ဆိုင်ရာ နိုင်ငံသားတွေ မြန်မာသံရုံးနဲ့ မြန်မာလူမျိုးတွေကို ပိုစိတ်ဝင်စား လာလေ ဖြစ်သည်။
    မြန်မာလူမျိုးတွေက တန်းစီရတာကို တော်တော်လေး ဝါသနာပါကြသည်။ နွေဦးကာလမူထစဉ်က လျှပ်စစ်မီတာခတွေ မပေးကြနဲ့၊ မဆောင်ကြနဲ့ အော်ဟစ်နေစဉ်က မဆောင်ခဲ့ကြသလို အစိုးရက မဆောင်ချင်လည်း ပြည်သူတွေသဘောပါ၊ မဆောင်ရင်တော့ မီးမသုံးကြနဲ့ပေါ့ဟု ဆိုကာ ဒီမိုကရေစီဆန်ဆန် မသုံးရင် မဆောင်ကြနဲ့ဟု မီးများလိုက်ဖြတ်လေသည်။ ထိုအချိန်မှသာ မြန်မာလူမျိုးများ ထုံးစံအတိုင်း မီတာရုံးများရှေ့တွင် အလုအယက် တန်းစီကာ မီတာဆောင်ကြလေတော့သည်။ မီတာခမဆောင်ခိုင်းသည့် သူများက ပြည်ပတွင် အဲယားကွန်းလေးဖြင့် နှပ်နေချိန် မီတာကြွေးကျန်များကြောင့် မီးဖြတ်ခံရပြီး ဖယောင်းတိုင်လေးများဖြင့် သုံး၊ လေးရက်လောက် နေရတော့မှ အလုအယက်လေး တန်းစီကာ မီတာဆောင်သည့် အလေ့အထလေးရှိသည်။ ဒါတင်မကသေး ဓာတ်ဆီတွေ ကုန်တော့မယ်ဟေ့ဆိုပြီး အသံလေးထွက်လာတော့လည်း ဓာတ်ဆီ အပြေးအလွှားသွားကာ ညအိပ်ညနေ ဆီသွားတန်းစီကြပြန်သေးသည်။ အငှားအိမ်ရာတွေ၊ တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာတွေ မဲဖောက်ပေးရင်လည်း ပေါက်တာ၊ မပေါက်တာ နောက်ထား တန်းစီလိုက်ရမှာ အာသာပြေကြသော လူမျိုးများ ဖြစ်သည်။ ဤမျှလောက် တန်းစီတာဝါသနာ ပါကြသော လူမျိုးဖြစ်သည်။
    ဒါကြောင့် ယခုတစ်ကြိမ် မြန်မာသံရုံးများရှေ့တွင် မြန်မာလူမျိုးတွေ ရာထောင်ချီ တန်းစီနေကြတာကို ကမ္ဘာ့နိုင်ငံအသီးသီးက ထူးထူးဆန်းဆန်း ဖြစ်နေကြသည်။ နိုင်ငံတကာမှာ ကတော့ တန်းစီတာမျိုးက ရှားပါးလှသည်။ အစားအသောက်ကောင်းသည်ဟု နာမည်ကြီး သော ဆိုင်ကြီးများတွင် တစ်ခါတလေ တန်းစီဝယ်ယူ တာမျိုးရှိသည်။ နောက်ပြီးနာမည်ကြီး မိုဘိုင်းဖုန်းအမျိုး အစားဖြစ်သော အိုင်ဖုန်း၏ အမျိုးအစားသစ် ထုတ်ဝေချိန်တွင် သူ့ထက်ငါ အိုင်ဖုန်းကိုင်ရဖို့အရေး ဝယ်ယူရန်အတွက် တန်းစီတာမျိုးရှိတတ်သည်။ ဒါတောင်ရာ ထောင်ချီတန်စီတာမျိုး မဟုတ်ဘဲ အိုင်ဖုန်း၏ ထုတ်ကုန်ကို နှစ်သက်သူများလောက်သာ တန်းစီကြတာဖြစ်သည်။ ယခု မြန်မာသံရုံးရှေ့တွင် တန်းစီနေသော လူအုပ်ကြီးကို ကြည့်ကာ သံရုံးနဲ့ Apple တို့ပေါင်းကာ အိုင်ဖုန်းတွေ ရောင်းချပေးနေတာ ဖြစ်နိုင်ကြောင်း ခန့်မှန်းသူများရှိကြသလို၊ တချို့ကလည်း သံရုံးမှာ တန်ဖိုးနည်းအိမ်ရာတွေ ရောင်းချပေးတာဖြစ်နိုင်ကြောင်း သုံးသပ်ကြပြန်သည်။အလွန်တရာ စပ်စပ်စုစုနိုင်သော နိုင်ငံခြားသားများကလည်း မြန်မာသံရုံး၏ လူမှုကွန်ရက် စာမျက်နှာတွေ၊ ဝက်ဘ်ဆိုက်တွေကို ရှာဖွေကာ မြန်မာလူမျိုးတွေ တန်းစီရသည့် အကြောင်းအရင်းများကို ဝင်ရောက်စပ်စုကြလေသည်။ သံရုံးများ၏ လူမှုကွန်ရက် စာမျက်နှာများတွင်လည်း တစ်လတစ်ခါ အလှူခံသလို "စင်ကာပူကချစ်တို့ရေ၊ ယူအက်စ်ကအမျိုးတို့ရေဆိုပြီး"တင်လေ့တင်ထ မရှိတာကြောင့် စပ်စုတတ်သည့် နိုင်ငံခြားသားများ အခက်တွေ့ကုန်သည်။
    သံရုံးရှေ့ လာရောက်တန်းစီသော မြန်မာနိုင်ငံသားအားလုံးက တိတ်တိတ်ဆိတ်ဆိတ် လာကြသဖြင့် နိုင်ငံခြားသားများ ပိုလို့တောင် စိတ်ဝင်စားတာဖြစ်သည်။အရင်တစ်ခါ ရွေးကောက်ပွဲတုန်းကတော့ ဘာဖိနပ်လျှောက်သံ တုန်ဟည်းနေဆိုသည့်သီချင်းတွေ အော်ဟစ်နေကြသူတွေ ယခုအကြိမ်မှာတော့ စိတ်လိုလက်ရ စည်းကမ်းတကျ တန်းစီနေကြသည်။ သံရုံးရှေ့တွင် တာဝန်ရှိနေသော လုံခြုံရေးတာဝန်ရှိသူကလည်း နိုင်ငံသားတစ် ယောက်ချင်းကို လက်ဝါးလေးကပ်ပြီး နားနားကပ်ကာ မြန်မာဘာသာစကားဖြင့် ပြောဆိုပြီး သံရုံးထဲသို့ ဝင်ခိုင်း နေတာကြောင့် ပိုလို့ပင်ထူးဆန်းနေကြသည်။ သံရုံးအရာ ရှိပြောသည့် မြန်မာစကားကို သိချင်သလို၊ မြန်မာနိုင်ငံသားတွေ သံရုံးကို တန်းစီလာရောက်သည့် အကြောင်း အရင်းကိုသိချင်တာကြောင့် နိုင်ငံခြားသား သတင်းထောက်များက မေးမြန်းရာ "ငါတို့ အခွန်လာဆောင်ကြတာ ငါတို့နိုင်ငံအတွက်"ဟု ဖြေကြတာကြောင့် နိုင်ငံခြားသားများက လက်ခုပ်တီးကာ တာဝန်ကျေသော မြန်မာနိုင်ငံသားများကို ဂုဏ်ပြုလိုက်ကြသည်။ နောက်ပြီး သံရုံးအပေါက်ဝက လုံခြုံရေးအရာရှိ နားနားကပ်၍ ဒီမြန်မာစကားအဓိပ္ပာယ်ကို မေးမြန်းရာတွင် မြန်မာနိုင်ငံသားများ ပြန်ဖြေသည်က "တိတ်တိတ်လေးငိုနေတဲ့ သူတွေရှိလို့ တိုးတိုးလေးဆောင်ပေးပါ"လို့ ပြောတာဟု ဖြေလိုက်ကြလေတော့သည်။    ။
ထူးမြတ်
( TREND News ဂျာနယ်အတွဲ(၂)၊ အမှတ်(၄၈)တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။)

Total Views ~ 237

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43076

© 2022 - 2025 News. All Rights Reserved.