၂၀၂၄ ဖေဖော်ဝါရီ ၅
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးဟာ ၁၃၄၉ ခုနှစ် တန်ဆောင်မုန်းလဆန်း ၉ ရက်မှာ စစ်ကိုင်းတောင် အရှေ့ပရက္ကမချောင်မှ ထွက်ကြွတော်မူခဲ့ပြီး လာရောက်ပင့်ဆောင်သော ဒကာ၊ ဒကာမများရဲ့ လျှောက်ထားချက်အရ မန္တလေးမြို့အနောက် ထီးလင်းရတနာပုံကျောင်းမှာ တစ်ညတာ တည်းခိုခဲ့ရပါတယ်။ နောက်တစ်နေ့ နံနက် ၄ နာရီ မန္တလေးမှ ထွက်ခွာလာကြရာ မိတ္ထီလာမှာ တစ်ထောက်နားပြီး သာစည်သို့ နံနက် ၉ နာရီမထိုးမီ ရောက်ခဲ့ကြပါတယ်။ သာစည်မြို့ ဘုရားကြီးတိုက်မြို့နယ် ဥက္ကဋ္ဌ ဆရာတော် ဦးသူရိယကို ဦးစွာဝင်ရောက် အရိုအသေပြုတဲ့အခါ သံဃာ့မှတ်ပုံတင်ကို တောင်းစစ်ဆေးပါတယ်။ စစ်ကိုင်းတောင် ဝင်ရက်၊ ထွက်ရက် မှန်ချက်ရေးထားတာ မတွေ့ လို့ အကြောင်းအကျိုး မေးပါတယ်။
စစ်ကိုင်းတောင်ရဲ့ ထုံးစံမလိုဘူးဆိုလို့ မလုပ်မိခဲ့ပါဘုရားလို့ လျှောက်ထားတဲ့အခါ 'မလိုတဲ့နေရာသာ မလိုတာ၊ လိုတဲ့နေရာလိုတယ်'လို့ ငေါက်ပါတော့တယ်။ ဒီလို စုံစမ်းမေးမြန်း ငေါက်ငမ်းရတဲ့ အကြောင်းကတော့ ဆရာတော် ပြန်ကြွလာမယ်ဆိုတာ သတင်းကြားတာနဲ့ မြို့ခံသံဃာများက တိုင်စာပို့ထားလို့ဆိုတာ နောင်မှသိရပါတယ်။ ဆရာတော်ဟာ သာစည်အတွက် ဝိဇ္ဇာနဲ့စရဏ တွဲဖက်ပြီး သာသနာပြုမဟဲ့ဆိုတဲ့ ရည်ရွယ်ချက်ကြီးကြီးနဲ့ ခရီးနှင်လာခဲ့တာပါ။ အခုတော့ တိုင်စာကအရင် ဆီးကြိုနှင့်နေပါရောလား။
တောထွက်ဆရာတော်ကို 'ကိုယ်တော် ဝိနည်းနားလည်ရဲ့လား'ဆိုတဲ့ မေးခွန်းနဲ့ ထပ်မံဟိန်းဟောက် လိုက်ပြန်ပါတယ်။
'ဘုရားတပည့်တော်များ ကိုရင်ငါးဝါ၊ ရဟန်းငါးဝါဖြင့် ပရိယတ္တိစာသင်တိုက်ကြီးများမှာ ပညာသင်ကြားခွင့်ရခဲ့ပြီး ပထမကြီးအောင်၊ ဓမ္မာစရိယတန်းအထိ ပညာသင်ခဲ့ဖူးပါသည်ဘုရား'
ဆရာတော်ရဲ့ အဖြေစကားမှာ မြို့နယ်ဥက္ကဋ္ဌ ဆရာတော် ဘဝင်ကျသွားခဲ့လေပြီ။ မဆူတော့၊ မငေါက်တော့။ စာပေပရိယတ္တိရဲ့ ဂုဏ်ကျေးဇူးကား ကြီးမားလေစွတကား။ ဇင်းကျိုက်မှာ သံဃာ့မှတ်ပုံတင်ပြုလုပ်စဉ်တုန်းကလည်း ဓမ္မာစရိယတန်းအထိ ပညာသင်ခဲ့ဖူးသောကြောင့် သံဃာ့မှတ်ပုံတင်ပြုလုပ်ခွင့် လွယ်ကူချောမွေ့ခဲ့တယ်မဟုတ်ပါလား။ စာပေပရိယတ္တိက နှစ်ကြိမ်ကယ်ခဲ့ ဖူးလေပြီလို့ အလေးအနက် ဖော်ပြခဲ့ပါတယ်။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းနေတဲ့ သံဃာ့ဥက္ကဋ္ဌဆီက အဖိုးတန် သြဝါဒစကားများကိုပင် မှတ်သားခဲ့ရပေပြီ။
"ကိုယ်က တရားသမားပဲ၊ သည်းခံစိတ်ထား၊ ကိုယ့်လမ်းကိုယ် တွင်တွင်သွား ...ဘယ်သူက ဘာစကားပြောပြော နားမကြား၊ မျက်မမြင်သဘောဆောင်တတ်ဖို့ အရှင်ဘုရားတာဝန်ပဲ။ သည်တော့ ကိုယ်တော်တို့ ထင်သလို မဟုတ်ဘူးဆိုတာ အရှင်ဘုရားက အလုပ်ဖြင့် လက်တွေ့ပြလိုက်ပါဘုရား"
မေတ္တာပြည့်ဝသော သြဝါဒစကားများကို နာကြားရင်းက ဥက္ကဋ္ဌဆရာတော်ကိုလည်း ဆရာအရာ ထားလိုက်ပြီလို့ ဆိုပါတယ်။ 'အကောင်းအဆိုးကြား လိုလိုလားလားဖြင့် အဆိုးကြားမှသည် အကောင်းဘက်သို့ ယက်တင်ပေးလိုက်သော ဆရာဂုဏ်၊ သမားဂုဏ်ကား တစ်ခါကြုံပင်ဖြစ်စေ၊ ဆုံတိုင်းပင် ထိုကျေးဇူးဝတ်ဆပ်၍မကုန်နိုင်လေ'လို့ မှတ်တမ်းတင် ဖော်ပြခဲ့ပါတယ်။ (၂၀၁၂ စက်တင်ဘာထုတ်၊ ဘဝကန္တာရ သင်္ကေတကထာ၊ စာ-၃၂၂)
ဥက္ကဋ္ဌဆရာတော် လမ်းညွှန်စကားကြောင့် နှုတ်အစွန်းထွက်၊ အလုပ်အစွန်းထွက်တို့ကို သတိထား ရှောင်ကြဉ်ရမည်ဆိုတဲ့အသိနဲ့ ၁၃၄၉ ခု တန်ဆောင်မုန်းလဆန်း ၁၀ ရက် ညနေ ၄ နာရီမှာ မူလတောထွက်ခဲ့ရာ ရွှေကျောင်းကုန်းတောင်ပေါ်သို့ ဒုတိယမ္ပိ နောက်တစ်ခေါက် ပြန်ရောက်ခဲ့ရ ပါချေပြီ။ ရောက်ပြီဆိုတာနဲ့ သာစည်တစ်နယ်လုံး အုန်းအုန်းကျွက်ကျွက် တစ်ခဲနက် လာရောက်ဖူးမြော်ကြပါတယ်။ ဆရာတော်ကို အတိုးချပြီး ဖူးမြော်ကြသလို ဆရာတော်ရဲ့ အဆုံးအမ သြဝါဒများကို လှိုက်လှိုက်လှဲလှဲ နာယူကြပါတယ်။ ဆရာတော်ဘုရားကို စစ်ကိုင်းတောင်မှာ လာရောက်ကြိုဆိုပင့်ဆောင်ကြတဲ့ ဦးကျော်မြင့်(မိုးမခ)ဦးဆောင်တဲ့ ရန်ကုန်အဖွဲ့ကလည်း ဆရာတော်ဖူးပရိသတ်ကို အထူးကောင်းမွန်စွာ ဧည့်ခံကျွေးမွေးပါတယ်။ သို့သော် ကုသိုလ်လုပ်ရင်း အကုသိုလ် ဖြစ်ခဲ့ပုံတွေကိုလည်း သတိပေးဖော်ပြထားပါတယ်။
'ဦးကျော်မြင့်ကား အစားလည်း အားပေး၏။ အသားလည်း အားပေး၏။ သို့ကြောင့် တောင်ပေါ် မှာတွင်ပင် ယုန်အရှင်၊ ကြက်အရှင် စသည်များ ဝယ်ယူဖမ်း လှောင်လျက်က ရက်ဆက်ပင် သတ်ဖြတ် ကျွေးမွေးချေတော့၏။ ကျန်လူကြီးအားလုံး ဦးကြီးစိန်၊ ဦးအေး၊ ဒေါ်ခင်မူ စသူတို့ကား အစားဖြင့် ငွေသောင်းချီကုန်စေမည့် အစားအခြားအမြဲတည်ရှိရာသို့သာ သုံးစွဲစေလို၏။ သာသနာ၏ ဝိပဿနာအမည်ခံ မြေပေါ်ဝယ် သားကောင်များကို ချုပ်နှောင် သတ်ဖြတ်နေခြင်းများကိုလည်း မလိုလား'၊ (စာ-၃၂၄)
သဘောထားကွဲပြားရာက ရန်စကားပြောတဲ့ထိ တင်းမာခဲ့လေပြီ။ ဆရာတော်ကို ကြည်ညိုသူများမှာ သဒ္ဓါအစစ်သို့ မရောက်ကြ၊ ပညာခန်းနဲ့လည်း အလှမ်းဝေးနေကြဆဲပင်။ စစ်ကိုင်းတောင်မှ ထွက်တော်မူစဉ် လာရောက်ကြိုဆိုပင့်ဆောင်သော ရန်ကုန်အဖွဲ့နှင့်သာစည်အဖွဲ့တို့ကိုလည်း လမ်းခုလတ် မိတ္ထီလာမှာ စကားများရန်ဖြစ်ခဲ့ကြပါသေးတယ်။
'ရောက်ရောက်ချင်း ထိုးကြမည်၊ ကြိတ်ကြမည် ဖြစ်ကြချေတော့၏။ ဘုန်းကြီးပင့်ပွဲနှင့်ကားမတူ၊ မယားခိုးသွားသူနှင့် ကြားဖြတ်လုယက်သူတို့ကြား စကားများ ဘိသို့သာရှိချေတော့၏။ မတိကျခြင်း၊ မစေ့စပ်ခြင်း၊ ရှေ့ကြိုမတွေးမိခြင်း၊ သဘောထားသေးသိမ်ခြင်း၊ အခွင့်အရေးနှိုက်လိုခြင်း စသည့်အများနှင့်ပတ်သက်ရာ၌ အံမဝင်သောလုပ်ရပ်များ ဤဘုန်းကြီးပင့်ပွဲက သက်သေပြနေချေ ပြီတကား (စာ-၃၂၀)
'ထိုရွှေကျောင်းကုန်းတောင်၌ ၁၀ ရက်ပြည့်သော် ရန်ကုန်သို့ လိုက်ပါခဲ့ရ၏။ ရန်ကုန်၌လည်း ဝင်ကတည်းက ရန်မကုန်သည့်အပြင် ရန်အစုံနှင့်တိုးရတော့ ၏။' (စာ-၃၂၄)
ရန်ကုန်သို့ ပင့်ဆောင်ရာတွင် 'ဘုရားတစ်ဆူဆူ၏ ခြေတော်ရင်း၌သာ သီတင်းသုံးနေရာ ဖန်တီးရန်၊ မည်သည့် ဘုန်းကြီးကျောင်းနှင့်မှ အဆက်အစပ်၊ အရောအနှော မရှိစေရ'ဆိုတဲ့ စည်းကမ်းချက်ဖြင့် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ပင့်ဆောင်ကြိုဆိုရေး အဖွဲ့ကိုလည်း သီးခြားဖွဲ့ခဲ့ကြပါတယ်။ ဒါပေမဲ့ ရန်ကုန်ရောက်တာနဲ့ ဘူတာကြီးမှာ ဒေါ်ခင်မူက သူ့ကားပေါ်အတင်းပင့်ပြီး သာသနာ့ဗိမာန်ကျောင်းသို့ ခေါ်ဆောင်သွားရာ ပင့်ဆောင်ရေးအဖွဲ့နဲ့ ပဋိပက္ခ ဖြစ်ရပါတော့တယ်။ အဲဒီနောက် အများဆုံးဖြတ်ရာ ကျိုက္ကစံစေတီတော်ရဲ့ ခြေရင်းရှိ ရွှေမြင့်မိုရ်ကျောင်းကိုပဲ ရောက်ခဲ့ပါတယ်။ ၁၀ ည တိုင်တိုင် တရားပွဲကြီး ဝှဲချီးကျင်းပခဲ့လေရာ အထူးအောင်မြင်ခဲ့ပါတယ်။
ဒါပေမဲ့ ...'သူတို့အဖွဲ့ချင်းကား အချင်းချင်း ဖဲ့ကြ၊ ကုတ်ကြသဖြင့် ပဲ့သူကပဲ့၊ ရွဲ့သူကရွဲ့၊ ဤသို့လျှင် ရန်ကုန်ကား ရန်မကုန်လေဘဲ ရန်ဆုံပွဲသာ ဖြစ်ခဲ့ရချေတော့၏။ ထိုမှနောက် အချင်းချင်း မသင့်မြတ်၊ ဤ ရန်ကုန်သို့ နောက်ထပ်မလာ ဆုံးဖြတ်ထားရာ ယနေ့ထိ ပင်တည်း'လို့ ဖော်ပြထားပါတယ်။ (ဘဝကန္တာရ၊ စာ-၃၂၅)
(ဟုတ်ပါတယ်။ ဆရာတော်ဟာ အလွယ်တကူလည်း ဆုံးဖြတ်လေ့မရှိ၊ ဖြစ်စဉ်တစ်ခုအပေါ် သုံးသပ်ဆုံးဖြတ်ပြီးပြီဆိုလျှင်လည်း ပြင်လေ့မရှိ၊ ဒီနေ့ သက်တော် (၈၀) ကျော် ဉေယျဓမ်တောရမှာ သီတင်းသုံးနေချိန် ရန်ကုန်အဖွဲ့များ လာရောက်ဖူးမြော်ကြ၊ လှူကြတန်းကြ ကုသိုလ်ပြုကြပြီးတော့ ဆရာတော်ကြီး ရန်ကုန်ကြွပါဦး လျှောက်ထားတဲ့အခါ ဆရာတော်ကြီးက သက်သက်ညှာညှာဖြင့် 'ရန်ကုန်ဆိုရင် ကန်တော့ဆွမ်းပါဗျို့'လို့ ငြင်းပယ်စကား မိန့်ကြားတော်မူလေ့ရှိပါတယ်။)
ရန်ကုန်ကို အကြောင်းပြုပြီး ရေးထားတဲ့ မှတ်ချက်စကားကလည်း မှတ်သားစရာပါ။
'ငါတို့နှင့် အနီးစပ်ဆုံး ဒကာဒကာမများကား လူချင်းနီးသဖြင့် တရားချင်းဝေးကွာနေချေရကား ၎င်းတို့၏ မိတ်ဆွေသူငယ်ချင်းအဆင့်ထက် ငါတို့ကို မပိုလေ။ လူချင်းဝေးသော်မှ တရားချင်းနီးသဖြင့် ရောက်လာကြ ကုန်သူတို့ကား သံဃာ့ဂုဏ်အင် အစုံအလင် မြင်သိခွင့် ရသွားချေရကား ၎င်းတို့ အားကိုးအားထား စေတနာ သဒ္ဓါတို့ သိုမှီးရာ သံဃာတော်တစ်ဆူအဖြစ်၌သာ တည်လေ၏။' (၎င်းင်း၊ စာ-၃၂၆)
ဆရာတော်ဘုရားကြီးကဲ့သို့ အရိယာသူတော်ကောင်းကြီးရဲ့ အရိပ်ခိုလျက် ကုသိုလ်ပြုရာက အကုသိုလ်ဖြစ်သွားပုံများဟာ မှတ်သားလို့မကုန်နိုင်တဲ့ သင်ခန်းစာများလို့ ဆိုနိုင်ပါတယ်။ ရန်ကုန်လမ်း ၃၀ သာသနာပြုအဖွဲ့က လှူလိုက်တဲ့ အလှူငွေများနဲ့ သာစည်ရွှေကျောင်းကုန်းတောင်ပေါ်မှာ ယောဂီကျောင်းပေါင်း ၃၀ ဆောက်ဖို့ စီစဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျောင်းဆောက်ဖို့ ငွေကြိုထုတ်သွား သူများဟာ နွားလှည်းဝယ်သူနဲ့၊ စက်ဘီးဝယ်စီးသူနဲ့ တောင်ပေါ်ကိုတောင် တက်မလာကြတော့ပါဘူး။ ကဆုန်လပြည့်နေ့ ကျောင်း ၃၀၊ ဓမ္မာရုံ၊ ဆရာတော်စံကျောင်းတို့ကို ရေစက်ချမယ်ဆိုပြီး ဖိတ်စာတောင် ကမ်းပြီးဖြစ်နေပြီ။ ကျောင်းကား ရုပ်လုံးပင် ပေါ်မလာ။ အကျိုးဆောင်အဖွဲ့ရှိပါလျက်နဲ့ ကမောက်ကမ ဖြစ်နေတော့ရာ ဆရာတော် ဝင်ရောက်စီမံပေးမှ ကဆုန်လပြည့်ကျော် ၈ ရက်မှာ ယောဂီကျောင်းများ ရေစက်ချနိုင်ပါတော့တယ်။
သာစည်ရွှေကျောင်းကုန်းတောင်မှာ စရဏနဲ့ ဝိဇ္ဇာတွဲဖက်၍ အသက်ဝင်စေရမယ်ဆိုတဲ့ အဓိဓာန်ထား ရှိခဲ့ပါတယ်။ 'ဤကမ္မဋ္ဌာန်းပွားများနည်းကို မဟာစည် စည်းကမ်းအတိုင်း စနစ်တကျ ဖြန့်ဖြူးမည်၊ ဤကမ္မဋ္ဌာန်း နည်းပွားများနည်းကို သုံးနှစ်တိတိ တစ်နှစ်လျှင် နှစ်လစခန်းဖြင့် ဖြန့်ဖြူး ပေးမည်။ ဤကမ္မဋ္ဌာန်းနည်း ပွားများနည်းကို နည်းခံရာမှ ပေါ်ထွက်လာသော ဝေနေယျဖြင့် သာသနာပြုမည်။ ထိုသုံးနှစ်၏ ထိုသုံးချက် မအောင်မြင်သော် ဝေနေယျ လက်ခံခြင်း၊ ဟောပြောပြသခြင်းမပြုပြီ။ ငါတို့ကိစ္စမပြီးသေးသမျှ မည်သူ့ကိုမျှ ငဲ့ညှာခြင်းမပြုတော့ပြီ။ ဤကား ငါတို့၏ အဓိဋ္ဌာန်တည်း။ ထိုအဓိဋ္ဌာန်အတိုင်း ဦးစွာနည်းခံရဟန်းများ ကဆုန်လယောဂီကျောင်း မပြီးမီကပင် ကြွလာကြ၏။ နှစ်လပြည့်သော်မှ သမာဓိ မတည်ချေရကား ဝါဆိုခါနီး စခန်းသိမ်းလိုက်ရတော့၏' (စာ-၃၂၇)
အဲဒီနောက် ဝါခေါင်လပြည့်ကျော် ၁ ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ နှစ်လအဓိဋ္ဌာန်ဖြင့် တရားပြခဲ့ပါတယ်။
ယောဂီနှစ်ဦးသာ ရိုရိုသေသေ စွဲစွဲမြဲမြဲ အားထုတ်ပါတယ်။ ဆရာတော်ကို အတုယူပြီး ဆွမ်းတစ်နပ်သာစားပြီး အားထုတ်ကြရာ အားထုတ်သလောက် ခရီးရောက်တာတွေ့ရပါတယ်။ (ကျန်အားလုံးကား အသုံးမဝင်ပြီ)လို့ ဆိုပါတယ်။ ဝါမကျွတ်မီ တရားစခန်းကထွက်ခွာသွားသူတွေတောင် ရှိခဲ့ပါတယ်။ မယ်တော်ကြီး ကိုယ်တိုင်လည်း မကျင့်နိုင်သည်ကို အတင်းကျင့်ခိုင်းရမလားဆိုပြီး ငိုတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဆရာတော်ကိုယ်တိုင် ဆွမ်းခံကျွေးပြီး တရားပြပေးခဲ့ရတဲ့ ကိုရင်ကြီးတစ်ပါးဆိုရင် မချေမငံ ဆက်ဆံလာတဲ့အထိ၊ သံဝေဂရဖွယ်တွေ ချည်းပါတကား။
သို့သော် ဆရာတော်ကား အားမလျှော့ပါ။ တရားစခန်းများ ဆက်ဖွင့်ပေးခဲ့ပါတယ်။ နွေကာလအတွက် တပေါင်းလပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ နှစ်လစခန်း၊ နှစ်လမတတ်နိုင်သူများအတွက် သင်္ကြန်တွင်း ၁၀ ရက်စခန်း၊ နှစ်လစခန်းအတွက် ယောဂီ ၇၂ ဦး၊ ၁၀ ရက်စခန်းဝင် ယောဂီ ၁၀ ဦး၊ ပေါင်း ၁၀၂ ဦး၊ ၁၀ ရက်စခန်း ယောဂီများ ပြီးဆုံးတဲ့အထိ အားထုတ်ကြသော်လည်း ကျန်ယောဂီများ ထင်သလိုမနေရ၊ စိတ် အထိုင်မကျခြင်းများကြောင့် ထွက်ပြေးသူ၊ ပြောင်ထွက် သူ ၂၄ ဦးအထိ ရှိခဲ့ပါတယ်။ ကျန်ယောဂီ ၄၈ ဦးထဲမှာ အားရလောက်ဖွယ် ယောဂီများ ပါလာတဲ့အတွက် ]သာ သနာ့နောက်ပိုင်းသည် ကောက်သင်းကောက်ခေတ်ဖြစ် သဖြင့် အနှံကြီးမျှော်စရာမရှိ၊ အယုတ်ဆုံး မသိကို သိလျှင်ပင် ကျေနပ်ရမည်သာဖြစ်၏'လို့ မှတ်ချက်ရေးထားပါတယ်။ (စာ-၃၂၈၊ ရှု)
တရားစခန်းလည်းပြီးရော ဆရာတော်ဘုရားလည်း အားပြတ်ပြီး ဗုန်းဗုန်းလဲပါလေရော၊ တောင်အောက်ဆင်းပြီး နယုန်လကွယ်နေ့မှ ဝါဆိုလဆန်း ၁၂ ရက်အထိ မြေစိုမုံတောကျောင်းမှာ ဆေးကုသခြင်းခံယူ ခဲ့ရပါတယ်။ ကျန်းမာရေးကောင်းလာတာနဲ့ တောင်ပေါ်ပြန်တက်ပြီး စရဏအလုပ်တွေ မနားတမ်း ဆက်လုပ်ပါတော့တယ်။
'၁၃၅၁ ခုနှစ်ကား တောင်တော်သို့ သွားရာလမ်းတော်ကြီးကိုလည်းကောင်း၊ တောင်တော်ပေါ်၌ ရေအခက်အခဲပြီးပြောရန် ဆည်တော်ကြီးကိုလည်းကောင်း၊ အကောင်ရုပ်လုံး အတုံးအရုံးပေါ်လာရန် ကြိုးစားရသောနှစ် ဖြစ်၏' (စာ-၃၂၈)
ဘုဉ်းကျက်သရေတည်သော တောင်တော်သို့ သွားရာလမ်းဖြစ်လို့ ဒီလမ်းမကြီးကို 'သီရိရွှေပြည်'လို့ အမည်ပေးထားပါတယ်။ ရွာပေါင်း ၁၆ ရွာ သူ့တာဝန်နဲ့သူ အကွက်ချလုပ်ဆောင်ခဲ့ကြလို့ 'ပိန်းပိတ်အောင်မှောင်နေသော တောပြင်ကြီးမှ တစ်ခဏချင်း လမ်းမတော်ကြီး ပေါ်စေခဲ့၏'လို့ ဆိုပါတယ်။ ဆရာတော်ဘုရားရဲ့ နောက်လိုက် အင်အားဝေနေယျတွေ ဘယ်လောက်များတယ်ဆိုတာ သီရိရွှေပြည်လမ်းမတော်ကြီးက သက်သေခံနေခဲ့ပါပြီ။ ကားလမ်းမကြီးမှ တောင်ခြေအထိ ၁၄ ဖာလုံရှည်ပြီး အနံပေ ၅၀ ရှိတဲ့ ဒီလမ်းမတော်ကြီးကို အချိန်တိုတိုအတွင်း ဖောက်လုပ်နိုင်ခဲ့ခြင်းဟာ 'အံ့မခန်းသော စေတနာအဟုန်များကြောင့် (ဘုရားလမ်း)ဟူ၍ ခမ်းခမ်းနားနား ပေါ်လာခဲ့ချေ၏'လို့ မှတ်တမ်းတင် တော်မူပါတယ်။ (စာ-၃၃၀)
ဆည်တော်ကြီး တည်ဆောက်ဖို့ ၁၃၅၁ တော်သလင်းလကွယ်နေ့ ပန္နက်တင် မင်္ဂလာပြုတဲ့နေ့မှာပင် ထူးကဲသော ကြေးစည်သံများ ကြားရပြီး 'အောင်ပြီ အောင်ပြီ'ဆိုတဲ့ ကြွေးကြော်သံများလည်း တောလုံးဆန် တောင်လုံးညံအောင် ပေါ်ထွက်လာခဲ့တာ အလွန်ပဲအံ့သြစရာ ကောင်းလှပါတယ်။ သက်တန့်ကြီးတစ်ခုကလည်း ပန္နက်ကွင်းထဲက ကျောက်တုံးကြီးတစ်ခုအပေါ် ထိုးကျလာတာ ထူးထူး ဆန်းဆန်း တွေ့ရပါတယ်။
''ဆည်တော်ကား စမ်းချောင်းနှစ်ခုတို့မှ စီးဆင်းကျလာသော မိုးကျရေ၊ စမ်းရေများကို ဆီးကြိုခံထားရာ သိုလှောင်ရာ ထိုတောင်တော်၏ အသက်ကယ်ရေသာ ဖြစ်ချေရကား ဘုရားရှင်၏ ရင်တွင်း ကြားမှ ထွက်ပြူလာသော မေတ္တာဓာတ်ရည်များအလား တင်စားထားရှိ၏' (၎င်း၊ စာ-၃၂၉)
ဒါ့ကြောင့် ဆည်တော်ကြီးရဲ့ အလျားကို ဘုရားရှင်ရဲ့ ဉာဏ်တော်အလား ပေ ၈၀ ၊ အနံကို ဘုရားရှင်၏ ဝါတော်အလား ၄၅ ပေ၊ အစောက်ကိုကား ဘုရားရှင်၏ အရပ်တော်အလား ၁၈ ပေထားခဲ့တယ်လို့ ဆိုပါတယ်။ သို့ဖြစ်ရာ ဆည်တော်ကြီးဟာ ဘုရားရှင်ရဲ့ ကိုယ်စားတော်အလား ရိုသေညွတ်တွားဖွယ်ရာ ဖြစ်ခဲ့ပါလေပြီ။ ဆည်တော်ကြီးအတွက် အလှူငွေအများစုကို ရန်ကုန်က ထည့်ဝင်ကြပါတယ်။ ပြေစာဖြင့် လိုက်လံ ကောက်ခံခဲ့ရတာလည်း ရှိပါတယ်။ သာစည်နယ်သာမက ဝမ်းတွင်းနယ်ကပါ လုပ်အားကုသိုလ်ပါဝင်ခဲ့ကြပါတယ်။ တည်ဆောက်ရေး၊ ဘဏ္ဍာရေး၊ အထွေထွေ ဆိုပြီး ကော်မတီတွေဖွဲ့ပြီး လုပ်ဆောင်ခဲ့ကြပါတယ်။ ဆည်တော်ကြီးရဲ့ ဘွဲ့အမည်ကား 'အရိယာ ရွှေပြည်"။
ဆည်တော်ကြီး တည်ဆောက်နေချိန် တပို့တွဲလပြည့်ကျော် ၁ ရက်မှ တပေါင်းလပြည့်အထိ လူတွေ့ မခံတော့ဘဲ ဆရာတော်ဘုရား အဓိဋ္ဌာန်ဝင်နေခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ ဆည်တည်ဆောက်ရေး ဦးဆောင်သူများ သာစည်အုပ်စု၊ ရန်ကုန်အုပ်စုတို့ကြား ပဋိပက္ခအက်ကြောင်းရာများ ဖြစ်ပေါ်လာခဲ့ပါတယ်။ သာသနာပြုရာတွင် အတက်နှင့်အဖျက်၊ အသွားနှင့်အတား အားပြိုင်ကြစမြဲပါပေ။ အမွှေအ နှောက်များ ရောက်လာစမြဲပါပေ။ 'ရန်ကုန်သား အချင်းချင်းပင် ပုလင်းဖင်တုတ်ထိုးမိသည့်ပမာ အရုပ်ဆိုးအကျည်းတန်စေခဲ့ပြီ'လို့ ဆိုပါတယ်။ သာစည်နယ်သား အချင်းချင်းလည်း တရားရေခန်း စိတ်လျှင်ကြမ်းတမ်း ကိုယ်သရမ်းဖြစ်ခဲ့လေရာ နောက်ဆုံးမှာ သာစည်မှ လူကြီးနှစ်ဦးသာ ကျန်ပါတော့တယ်။ တပေါင်းလပြည့် အဓိဋ္ဌာန်စေ့ပြီမို့ ဆရာတော်ဘုရား ကျောင်းပြင်ထွက်လာချိန်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ဆည်တော်ကြီးအတွက် ကိုယ်တော်တိုင် အချိန်ပြည့် အလုပ်ဆင်းခဲ့ရရှာပါတယ်။
'ငါတို့ကိုယ်တိုင် ကျောင်းတုံးသယ်၏။ ဆည်တော်တည်မည့်အတွက် တစ်နေကုန် ငါထမ်းရွက်၏။ ဤနည်းဖြင့်ပင် တရားလည်းမပျက်၊ စကားလည်းမပျက်၊ ငါတစ်ဦးတည်း နှစ်ခုပြီး ထမ်းရွက်၏။ ဤနည်းဖြင့်ပင် ငါသည် စရဏသမား၊ ငါသည် ဝိဇ္ဇာသမား နှစ်ကိုယ်ခွဲလျက် ထမ်းရွက်၏' (စာ-၃၃၂)
အဲဒီနောက် နွေရာသီတရားစခန်းဖွင့်၊ မဖွင့်ကိစ္စ ဖိတ်ခေါ်လိုက်ရာ လူကြီးနှစ်ယောက်သာ ရောက်လာခဲ့တယ်။ ကျန်လူကြီးတွေ တရားစခန်းကိစ္စ စိတ်မပါကြတော့၊ စခန်းဝင်ယောဂီစာရင်းကလည်း အတည်ဝင်လို သူ ၁၃ ဦး၊ အဆင်ပြေမှ ဝင်လိုသူသုံးဦး၊ ပေါင်း ၁၆ ဦး မျှသာ ထို ၁၆ ဦးအတွက် စားသောက်နေထိုင်ရေး ပြင်ဆင်ကြဖို့ပြောတော့ သူတို့နှစ်ဦးတည်းနဲ့မပြီး၊ အစည်းအဝေးခေါ်ရဦး မယ်ဆိုတယ်။
'ထို့နောက် နယ်ရှိတာဝန်ခံများ စုဝေးလာကြ၏။ ဆုံးဖြတ်၏။ သည်နှစ်တရားစခန်းမဖွင့်'
ဆရာတော်ဘုရားက မဆုံးဖြတ်ရဘဲ သူတို့ဘာသာ သူတို့ ဆုံးဖြတ်လိုက်ကြတာ၊ ဝမ်းနည်းစရာ ကောင်းပါဘိ။
'ငါတို့၏ သုံးနှစ်စခန်းဖွင့် တရားစခန်းကိစ္စပြီး ဆုံးသွားခဲ့ပြီ။ မြေစမ်းခရမ်းပျိုးကား ပိုးထိုး လောက်ကိုက်ဖြင့် ခရီးလမ်းဆုံးစေပြီ။' (စာ-၃၃၀)
ဒါ့ကြောင့် တရားစခန်းမဖွင့်တော့ရန် ဆုံးဖြတ်လိုက်ပါတယ်။ 'ငါတို့ ခေတ်ကား လူစုရုံမျှသာ အခြေပေးတော့၏။ သာသနာတည်စေသော သာသနာပြုမျိုးကား အခြေဝေးချေပြီ။}လို့ မှတ်ချက်ချခဲ့ပါတယ်။ စရဏနှင့် ဝိဇ္ဇာနှစ်ဖြာတွဲလျက် ခရီးမဆက်နိုင်တော့ပြီ။ ဒါ့ကြောင့် ၁၃၅၂ ခုနှစ် သုံးနှစ်မြောက် ဝါဆိုမည့်နေ့မှာ နောက်နှစ် ၁၃၅၃ ခုနှစ်မှာ ရွှေကျောင်းကုန်းတောင်မှာ ဝါမဆိုတော့ကြောင်း ဂေါစရ ဂါမ်ပရိသတ်ရှေ့တွင် အတိအလင်း ကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ သာစည်ရွှေကျောင်းကုန်း တောင်ကို နှုတ်ဆက်ခွဲခွာဖို့ အကြောင်းဖန်လာခဲ့ရပုံကို ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးရဲ့ 'ဘဝကန္တာရသင်္ကေတကထာ'ကျမ်းစာအုပ်ကြီးမှာ ဖတ်မှတ်ခဲ့ရပါတယ်။ ။
မောင်သွေးချွန်
( TREND News ဂျာနယ်အတွဲ(၃)၊ အမှတ် (၃) တွင်ပါရှိသော ဆောင်းပါးအားတဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )