၂၀၂၃ ဒီဇင်ဘာ ၂၆
၂၀၁၆ ဒီဇင်ဘာမှာ ယဉ်မျိုးစာပေက ထုတ်ဝေခဲ့တဲ့ ခွန်လှိုင်းမြန်မာပြန် 'ကိုးကန့်သမိုင်းထဲက ယန်မျိုးနွယ်' (မထင်မရှား နယ်စပ်တစ်နေရာက ကာကွယ်ခဲ့သူများ) စာအုပ်မှာ ကိုးကန့်အကြောင်း သောင်းပြောင်းထွေလာတွေ ဖော်ပြထားပါတယ်။ မူရင်းရေးသူကိုယ်တိုင်မှာ ကိုးကန့်အနွယ်၊ ပညာတတ် အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ ဒီစာအုပ်ရေးသူ ယန်လီ(ခေါ်) ဂျက်ကီယန်းဟာ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ကနေ မဟာဝိဇ္ဇာ(အမ်အေ) ဘွဲ့ရခဲ့ပါတယ်။ သူမဟာ သြစတြေးလျနိုင်ငံ အမျိုးသားတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာသင်ယူခဲ့ပါတယ်။ သူမနှင့် ခင်ပွန်းဖြစ်သူ 'ဒေးဗစ်'တို့ဟာ ကုလသမဂ္ဂရဲ့ တာဝန်ပေးမှုနဲ့ သြစတြေးလျသို့ ရောက်လာခဲ့ပြီး ယခုအခါ 'ကမ်ဘာရာ'မှာ အခြေချနေ ထိုင်လျက်ရှိတယ်လို့ ဘာသာပြန်စာအုပ်ကျောဖုံးမှာ ဖော်ပြထားပါတယ်။ မူရင်းစာအုပ်အမည်က The House of Yang (Guardians of an Unknown Frontier) ဖြစ်ပါတယ်။ ဒီစာအုပ်ကို အမေရိကန်ပြည်ထောင်စု ရစ်တ်ဂျားစ် တက္ကသိုလ်ပါမောက္ခဒေါက်တာ ဂျိုးဇက်ဆေးလ်ဗားစတိန်းက အမှာစာရေးပေးထားပါတယ်။
'ဒီစာအုပ်ကနေ ကျွန်တော်တို့ကို ပြောပြတဲ့ အဓိက အကြောင်းခြင်းရာကတော့ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြားမှာ တည်ရှိနေတဲ့ ကိုးကန့်ဒေသကို ၁၇ ရာစုကနေ ၂၀ ရာစုအထိ အုပ်ချုပ်ခဲ့တဲ့ မိသားစု ကြောင်းဖြစ်ပါတယ်။ အဲဒီ မိသားစုအကြောင်း ပြောပြရာကနေ ဒီစာအုပ်ကနေ ကျွန်တော် တို့ကို ပြောပြတာက သူတို့ရဲ့ နယ်မြေနဲ့ သူတို့ရဲ့ ပြည်သူလူထုအကြောင်း၊ ပြီးတော့ ခေတ်သစ် မြန်မာနိုင်ငံအတွင်းက ကြီးကျယ်ခမ်းနားတဲ့ ဖြစ်ရပ်တွေကြားမှာ သူတို့ရပ်တည်ရတဲ့ အဆင့်နေရာ အကြောင်းတွေ ဖြစ်ပါတယ်။'
ပါမောက္ခဒေါက်တာ ဂျိုးဇက်ဆေးလ်ဗားစတိန်း ရည်ညွှန်းတဲ့ မိသားစုဟာ ကိုးကန့်ဘိန်းဘုရင်မ အောလစ်ဖ်ယန်းတို့မိသားစု၊ ညီအစ်ကို မောင်နှမများဖြစ်ပါတယ်။ အမေရိကန်ပါမောက္ခကြီးက ဘိန်းဘုရင်မတို့ မိသားစုကို 'ယန်မင်းဆက်'လို့ သာသာထိုးထိုး ချီးမြှောက် ရေးသားထားတာလည်း တွေ့ရပါတယ်။ အမှန်တော့ 'မင်းဆက်' မဟုတ်ဘဲ 'စော်ဘွား'အဆင့်သာ ဖြစ်ပါတယ်။ မင်းနှင့် စော်ဘွား ဆိုတာ အဆင့်အတန်းချင်း အများကြီး ကွာခြားပါတယ်။ (ဥပမာ-မင်းတုန်းမင်းနဲ့ သိန္နီစော်ဘွား)၊ မင်း(ဘုရင်)ကို ရာဇဝင်ကျမ်းများမှာ 'ရေမြေ့ရှင်'လို့ ဝိသေသပြုရေးသားပြီး စော်ဘွားကတော့ နယ်စား ပယ်စားအဆင့်သာ ဖြစ်ပါတယ်။ ရှမ်းစော်ဘွားတစ်ဦးဟာ ရှမ်းပြည်တစ်ခုလုံးကို အစိုးမရဘဲ သူအုပ်ချုပ်ရာ နယ် ပယ်တစ်ခုအတွင်းမှာပဲ သြဇာသက်ရောက်ပါတယ်။ ဥပမာ ...မိုးမိတ်စော်ဘွားဟာ မိုးမိတ်နယ်နဲ့သာသက်ဆိုင်ပြီး သီပေါနယ်မှာ လာရောက်လွှမ်းမိုးလို့ မရပါဘူး။ အောလစ်ဖ်ယန်းတို့ဟာ လည်း ကိုးကန့်စော်ဘွားအဆင့် သာဖြစ်ပြီး မင်းမျိုးမင်းရိုးမင်းနွယ်မင်းဆက် မင်းအဆင့် လုံးဝမဟုတ်ပါဘူး။
ကိုးကန့်စော်ဘွားဆိုတာတောင် ရှမ်းပြည်နယ်ထဲ ဝင်ရောက်ခိုလှုံရာက ရှမ်းဓလေ့ကို အတုယူပြီး 'စော်ဘွား'လို့ သုံးနှုန်းခဲ့ပုံရပါတယ်။ တကယ်တော့လည်း ကိုးကန့်ဆိုတာ ရှမ်း၊ 'ဝ'၊ ကချင်၊ လားဟူစတဲ့ ရှမ်းပြည် မြောက်ပိုင်းနေ တိုင်းရင်းသားများကဲ့သို့ ရှေးနှစ်ပေါင်း များစွာကတည်းက နေထိုင်ခဲ့သူတွေမဟုတ်ဘဲ တရုတ်ပြည် နန်းလုပွဲများမှာ စစ်ရှုံးပြီး ထွက်ပြေးလာသူများဖြစ် ပါသည်။ ခရစ်နှစ် ၁၆၈၂ ဝန်းကျင်မှာ မန်ချူးတွေကို စစ်ရှုံးပြီး ကိုးကန့်နယ်ထဲမှာ ထွက်ပြေးတိမ်းရှောင်လာသူ တရုတ်မျိုးနွယ်တွေဟာ နောင်အခါ 'ကိုးကန့်'ရယ်လို့ဖြစ် လာတယ်လို့ဆိုပါတယ်။ အဲဒီအချိန်တုန်းက နယ်နိမိတ်အပိုင်းအခြားကို အတိအကျ သတ်မှတ်ထားခြင်းမရှိသေးလို့ ကိုးကန့်နယ်ဟာ တရုတ်ထီးရိပ် အောက်မှာပဲ ရှိခဲ့ပါတယ်။
ဒါပေမဲ့ 'သမိုင်းတစ်ကွေ့မှာ မမျှော်လင့်ဘဲ ကိုးကန့်ဒေသဟာ တရုတ်ပြည်ကနေ ဖဲ့ထုတ်ခြင်း ခံလိုက်ရပြီး ဗြိတိသျှအုပ်ချုပ်တဲ့ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ရောက်ရှိသွားပါတယ်လို့ 'ယန်မျိုးနွယ်'စာ အုပ်မှာ ဖော်ပြထားပါတယ်။ (စာ-၇)
၁၈၉၇ ခုနှစ်တွင် ကိုးကန့်ဒေသကို တရုတ်အစိုးရထံမှ တရားဝင် ပြန်ရပြီး ဘေဂျင်းမြို့တော်နှင့် အရောင်းအဝယ် ကုန်သွယ်ရေးလမ်းကြောင်း ဖောက်ဖို့ ညှိနှိုင်းဆွေးနွေးသည်။ (၂၀၂၃ ဇူလိုင်ထုတ်၊ ကိုးကန့်မင်း သမီး၊ စာ-၄၅)
ဘေဂျင်း(ပီကင်း)သဘောတူညီချက်ဖြင့် ကိုးကန့်ဟာ ဗြိတိသျှကိုလိုနီခေတ်မှာ မြန်မာပိုင်ဖြစ် လာတယ်လို့ ဘာတေးလ်လစ်တနာကလည်း Burma in Revolt စာအုပ်မှာ ဖော်ပြခဲ့ပါတယ်။ တကယ်တော့ ကိုးကန့်ဟာ တရုတ်လက်အောက်မှာ ရှိစဉ်ကတည်းက သိန္နီကို နှစ်စဉ်အခွန်ဆက်ခဲ့ရတယ်လို့ ယန်မျိုးနွယ်စာအုပ် စာမျက်နှာ ၄၀ မှာ တွေ့ရပါတယ်။ ယန်မျိုးနွယ်စာအုပ်ကိုရေးတဲ့ ယန်လီ (ဂျက်ကီယန်း)ဟာ ဒီစာအုပ်ပါ အချက်အလက်တွေကို လန်ဒန်မြို့ အိန္ဒိယမှတ်တမ်းရုံးက ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကိုးကန့်ဟာ တရုတ်ဟန်မျိုးနွယ်လို့ ဆိုပေမယ့် ရင်နာစရာကောင်းတာက'၁၈၄၀ ခုနှစ်မတိုင်မီအထိ တရုတ်တွေရဲ့ တရားဝင် အသိအမှတ်ပြုမှုကို မခံခဲ့ရပါဘူး'လို့ ယန်မျိုးနွယ်စာအုပ်မှာ ဖော်ပြ ထားပါတယ်။ (စာ-၄၃-ရှု)
'ဘာပဲဖြစ်ဖြစ် ၁၉ ရာစု အဆုံးပိုင်းမှာတော့ တရုတ်ပြည်နဲ့ ပတ်သက်တဲ့ ကိုးကန့်အထောက်အကူပြုမှုတွေ၊ အရင်တုန်းက နွေးနွေးထွေးထွေး ဆက်ဆံမှုတွေဟာ ဆုတ်ယုတ်စပြုလာပါတယ်။ (စာ-၄၃)၊ ဗြိတိသျှတွေ ရောက်မလာခင်ကတည်း ကိုးကန့်ခေါင်းဆောင်တွေဟာ တရုတ်ပြည်က မန်ဒရင်း စကားပြောသူတွေနဲ့ သိပ်အဆင် မပြေခဲ့ကြဘူးဆိုတာ သိသာနေပါတယ်' (စာ-၄၅)
၁၈၅၅ ခုနှစ် ယူနန်ပြည်နယ်မှာ တရုတ်မွတ်ဆလင်(ပန်းသေး)တွေရဲ့ တော်လှန်ပုန်ကန်မှုကြီး ဖြစ်ပွားတယ်။ ပီကင်းအစိုးရက လာရောက်နှိမ်နင်းရာ ၁၈၇၅ ခုနှစ်အထိ အနှစ် ၂၀ လောက်ကြာတဲ့ စစ်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ တရုတ်မွတ်ဆလင်တွေ ရှုံးနိမ့်ပြီး ကိုးကန့်နယ်ထဲ ဆုတ်ခွာဝင်ရောက်လာ ကြတယ်။ သူတို့ကို ကိုးကန့်နယ်မြေထဲမှာ အခြေချနေထိုင်ဖို့ ခွင့်တောင်းတယ်။ ကိုးကန့်ခေါင်းဆောင် 'ယန်ကော်ကျင်း'က ခွင့်မပြုတော့ တရုတ်မွတ်ဆလင်တွေက စစ်ပြုတယ်။ ကိုးကန့်နယ်မြေကိုလုယူဖို့ အကြမ်းဖက်ကြတယ်။ 'ကျေးရွာတွေဝင်ပြီး ရွှေငွေပစ္စည်းတွေ လုယက်ကြတယ်။ မိန်းမတွေကို မုဒိမ်းကျင့်ကြတယ်။ လူသတ်ကြတယ်။ ကိုးကန့်နဲ့ မွတ်ဆလင်တပ်ဖွဲ့တွေကြားက ရက်စက်ကြမ်းကြုတ်တဲ့ ပဋိပက္ခတွေ'လို့ ယန်လီက ရေးသားထားပါတယ်။ (စာ-၄၁)
မွတ်ဆလင်တွေဟာ ပန်လုံကို ဆုတ်ခွာသွားပြီး အင်အားစုကာ ကိုးကန့်ကို ပြန်တိုက်ကြ ပြန်တယ်။ 'နမ့်ဆန်'နဲ့ 'လောက်ကိုင်'ကြားက 'တိုက်ကျားကျိုက်'မှာ အပြင်းအထန်တိုက်ကြရင်း မွတ်ဆလင်တွေ ရှုံးနိမ့်ပြီး ဆုတ်ခွာထွက်ပြေးသွားကြတယ်။ ဒါကြောင့် ယန်လီက ကိုးကန့်တွေကို 'နယ်စပ်ဒေသတစ်နေရာကို ကာကွယ်ခဲ့သူများ'လို့ အမွှမ်းတင်ထားခြင်း ဖြစ်ဟန်တူပါတယ်။ တကယ်တော့ 'ကိုးကန့်'ဆိုတာ ဒေသရဲ့အမည်ဖြစ်ပြီး ဒီဒေသကို စစ်ရှုံးလို့ ထွက်ပြေးလာတဲ့ တရုတ်မျိုးနွယ်တွေ နှစ်ပေါင်း ရာချီနေထိုင်ခဲ့ရာက ဒေသအမည်ကို အစွဲပြုပြီး စစ်ရှုံးတရုတ်တွေဟာ 'ကိုးကန့်'လို့ အမည်တွင်လာတာ ဖြစ်ပါတယ်။ ၁၈၈၆ ဗြိတိသျှတွေ အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီးချိန်မှာ ကိုးကန့်ကို သိန္နီနယ်ထဲ ထည့်သွင်း လိုက်ပါတယ်။ ၁၈၉၇ မှာတော့ ကိုးကန့်ဟာ သိန္နီရဲ့လက် အောက် လုံးလုံးကျရောက်သွားခဲ့ပါပြီ။ သိန္နီနဲ့ကိုးကန့်ကြားမှာ ၁၈၅၀ နှင့် ၁၈၇၅ ခုနှစ်များအတွင်း လက်နက် ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ဖူးပါတယ်။ ဒါ့ကြောင့် သိန္နီရဲ့ လက်အောက်သွတ်သွင်းခံရတာကို ကိုးကန့်တွေ မကျေနပ်ခဲ့ပါဘူး။
ဗြိတိသျှတွေဟာ သိန္နီ၊ ကိုးကန့်နယ်တွေကို သိမ်းသွင်းနိုင်ခဲ့ပေမယ့် ကချင်ကို အလွယ်တကူ သိမ်းယူလို့မရဘဲ ခုခံမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ကချင်ကို နှိမ်နင်းတဲ့ တိုက်ပွဲတွေမှာ ဗြိတိသျှတွေဟာ သယ်ယူပို့ ဆောင်ရေးအတွက် ကိုးကန့်တွေဆီက လားတွေကိုငှားပြီး အသုံးပြုခဲ့ရပါ တယ်။ လားတွေကိုငှားရင် လားထိန်းအဖြစ် လူလိုက်ပေးရမှာမို့ ကိုးကန့်တွေက လားမငှားချင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ရှေးတုန်းက သံလွင်မြစ်ကို ဖြတ်ကျော်ပြီး ခရီးသွားသူတွေဟာ ရောဂါရလာပြီး အိမ်ပြန်ရောက်တာနဲ့ ကြာကြာမနေလိုက်ရဘဲ သေကုန်ကြတဲ့ ဖြစ်ရပ်တွေရှိခဲ့လို့ပါပဲ။ သံလွင်မြစ်အနောက်ဘက် ကမ်းကိုသွားရင် သေတတ်တယ်ဆိုတဲ့ အယူသည်းမှု တွေရှိခဲ့ပါတယ်။ နောင်အခါမှာ ဘိန်းဘုရင်မဖြစ်လာမယ့် အောလစ်ဖ်ယန်း လားရှိုးသို့ ကျောင်းနေရန် သွားတဲ့အခါ သံလွင်မြစ်ကို ဖြတ်ကူးစဉ် ငွေဒင်္ဂါးအချို့ကို မြစ်အတွင်းသို့ ပစ်ချကာ မြစ်စောင့်နတ်ကို ပူဇော်ပသခဲ့ရတယ်လို့ နိုင်ဦးမြန်မာပြန် ကိုးကန့်မင်းသမီးစာအုပ်မှာ ဖော်ပြခဲ့ပါ တယ်။
ဆရာခွန်လှိုင်း ဘာသာပြန်တဲ့ 'ယန်မျိုးနွယ်'စာအုပ်မှာလည်း ...'အမေဖြစ်သူ နယ်စားကတော်ကလည်း သံလွင်မြစ်ကို ဖြတ်ကျော်တဲ့အချိန်မှာ လုပ်ရမယ့် ဓလေ့ထုံးစံတွေကို လုပ်ဖို့သားတွေကို မှာကြားပါတယ်။ လှေပေါ်မတက်ခင် သံလွင်မြစ်ကို သုံးကြိမ်တိုင်တိုင် ကန်တော့ရပါမယ်။ မြစ်ကိုစောင့်နေတဲ့ ဝိညာဉ်တွေကို ဖြေသိမ့်ဖို့ရာ ငွေဒင်္ဂါးပြားတချို့ကို မြစ်ထဲပစ်ချပေးရမယ် လို့ မှာကြားခဲ့ပါတယ်။' (စာ-၈၈)
ဗြိတိသျှတွေဟာ ကချင်ကို နှိမ်နင်းနေရပေ မယ့် ကိုးကန့်နဲ့တော့ အဆင်ပြေနေပါတယ်။ ကိုလိုနီ ခေတ်ဦးမှာ ကိုးကန့်နယ်ထဲ အစောဆုံးရောက်လာသူက ဗိုလ်မှူးကြီး ဆာဂျိမ်းဂျော့စကော့ ဖြစ်ပါတယ်။ စကော့ကို နယ်ခြားဒေသ ငြိမ်ဝပ်ပိပြားမှုအတွက် ဗြိတိသမျှအစိုးရက တာဝန်ပေးခဲ့တာပါ။ ဘိန်းပင်၊ ဘိန်းခင်းတွေ တင်းကြမ်းပြည့်နေတဲ့ ကိုးကန့်ဒေသဟာ ဗြိတိသျှလက်အောက် မှာပဲရှိရမယ်လို့ ဂျော့စကော့ နားလည်သွားပါတယ်။ ဗြိတိသျှ အင်ပါယာတည်ဆောက်ရေးမှာ ဘိန်းဟာ အလွန်အရေးပါခဲ့တယ် မဟုတ်ပါလား။ ဒါ့ကြောင့် ကိုးကန့်ကို ဗြိတိသျှတွေ သိမ်းယူထားတဲ့ မြန်မာ့နယ်နိမိတ်ထဲ ဆွဲသွင်းဖို့ ပီကင်းအစိုးရကို အရေးဆိုခဲ့လေတော့တယ်။ စစ်ရေး၊ စီးပွားရေး အဘက်ဘက်က အားနည်းနေတဲ့ ပီကင်းအစိုးရဟာ ဗြိတိသျှတို့ရဲ့ တောင်းဆိုချက်ကို လိုက်လျောခဲ့ရတဲ့ အတွက် ကိုးကန့်ဟာ မြန်မာပိုင် ဖြစ်လာခဲ့ တာပါပဲ။
ကိုးကန့်ဒေသကို သိန္နီစော်ဘွားရဲ့ လက်အောက်မှာ 'ဟိန်'လို့ ခေါ်တဲ့ ကိုးကန့်စော်ဘွားက အုပ်ချုပ်ဖို့ ဗြိတိသျှအစိုးရက စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ရှမ်း၊ ကချင် စတဲ့ တိုင်းရင်းသားတွေက ဗြိတိသျှကို တော်လှန်ခဲ့ကြပေမယ့် ကိုးကန့်က မတော်လှန်ဘဲ ငြိမ်ခံနေတာ အတော်ထူးခြားပါတယ်။ ဒီထူးခြား မှုကတော့ ဗြိတိသျှနဲ့ ကိုးကန့်တို့ဟာ ဘိန်းစီးပွားရေးအပေါ်မှာ အကျိုးတူ ညီညွတ်ရေး တည်ဆောက်ထားလို့ ဖြစ်ပေါ်ခဲ့တာပါ။ ယန်လီ(ဂျက်ကီယန်း)ကတော့ 'နယ်ချဲ့ဆန့်ကျင်ရေး ဒါမှမဟုတ် ကိုလိုနီဝါဒီတွေကို ဆန့်ကျင်ရေးဆိုတဲ့ လှိုင်းလုံးတွေ ပြင်းထန်လာတယ်ဆိုဦးတော့ ၁၈၉၇ ခုနှစ် ကနေ ၁၉၄၂ ခုနှစ်အကြား ကိုးကန့်ဒေသအဖို့တော့ အငြိမ်းချမ်းဆုံးနဲ့ အတည်ငြိမ်ဆုံးကာလကို ကြုံတွေ့ခဲ့ရ တယ်ဆိုတာ ယေဘုယျအားဖြင့် လက်ခံထားကြပါတယ်' လို့ ရေးပါတယ်။ (စာ-၆၄)
'၁၉ ရာစု နှောင်းပိုင်းမှာ ကိုးကန့်ဒေသရှိ စိုက်ပျိုးနိုင်တဲ့ မြေအားလုံးရဲ့ သုံးပုံနှစ်ပုံလောက် (ဧက တစ်သောင်းလောက်)မှာ ဘိန်းစိုက်ခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ ကိုးကန့်စိုက်ပျိုးရေးသမားတွေဟာ အဓိက ဘိန်းစိုက်ပျိုးသူတွေဖြစ်သွားပြီး ဈေးကွက်ကိုတော့ ယူနန်နယ်က ဒါမှမဟုတ် တရုတ်ပြည်က ဘိန်းကုန်သည်တွေပဲ ချုပ်ကိုင်ထားပါတယ်။ ဒုတိယကမ္ဘာစစ်မဖြစ်မီ အချိန်ထိ ယူနန်ဘိန်းကုန်သည် တွေဟာ ကိုးကန့်မှာ ဘိန်းလာဝယ်ကြပြီး ဘိန်းအများစုဟာ တရုတ်ပြည်ထဲဝင်သွားတာပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရသွားတဲ့အခါမှာတော့ ဘိန်းကုန်သွယ် ရေးကို ကူမင်တန်(ထိုင်ဝမ်တရုတ်ဖြူ)တွေက လက်ဝါးကြီးအုပ်သွားပါတယ်' (စာ-၆၅)
မော်စီတုန်း တိုက်ထုတ်လိုက်လို့ ထွက်ပြေးလာတဲ့ တရုတ်ဖြူ ကူမင်တန်တွေဟာ ကိုးကန့်မြောက်ပိုင်းဒေသကို ၁၉၄၉ စက်တင်ဘာလမှာ သိမ်းပိုက်လိုက်ပါတော့တယ်။ ၁၉၅၁ မှာ ကိုးကန့်ဒေသအတော်များများ ကို သိမ်းပိုက်ပြီးသား ဖြစ်သွားပါပြီ။ ၁၉၅၂ ခုနှစ်မှာ မြန်မာအစိုးရက တရုတ်ဖြူကူမင်တန်တွေကို တိုက်ထုတ်ပစ်တော့မယ်လို့ ကိုးကန့်ခေါင်းဆောင်များထံ တရားဝင် သတိပေးခဲ့ပါတယ်။ ကိုးကန့်ခေါင်းဆောင်ပိုင်းက မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ချင်ပေမယ့် သူခိုးဓားရိုးကမ်းပြီး ကူမင်တန်နဲ့ပေါင်းပြီး စီးပွားရေးလုပ်ချင်တဲ့ အုပ်စုလည်း ရှိနေခဲ့ပါတယ်။ ကိုးကန့်စော်ဘွား ယန်ကျိန်းစိုင်းဟာ လူမျိုးစုလွှတ်တော်မှာ ကိုယ်စားလှယ် တစ်နေရာ ချီးမြှောက်ခံထားရပါတယ်။ ၁၉၅၀ ခုနှစ်က ကုလသမဂ္ဂကို သွားရောက်ခဲ့တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့မှာလည်း အဖွဲ့ဝင်တစ်ဦးအဖြစ် လိုက်ပါခွင့်ရခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်သူက မြန်မာစစ်တပ် သံလွင်အနောက်ခြမ်းကို ရောက်တာနဲ့ လားအကောင်နှစ်ထောင် ပေးပို့ကူညီခဲ့ပါတယ်။ သို့သော်လည်း သူတို့မိသားစုထဲက နောင်အခါ ဘိန်းဘုရင်မဖြစ်လာမယ့် အောလစ်ဖ်ယန်းကတော့ ကူမင်တန်တ ရုတ်တွေနဲ့ ပူးပေါင်းသွားတဲ့အတွက် မြန်မာအစိုးရနဲ့ မျက်နှာပျက်စရာ ဖြစ်ခဲ့ပါတယ်။
ကိုးကန့်စော်ဘွားမိသားစုထဲက 'ယန်ကျိန်းစိန် (ဂျင်မီယန်း)'ဟာလည်း ၁၉၅၀ ပြည့်နှစ် ဦးနုအစိုးရလက် ထက်မှာ လွှတ်တော်ကိုယ်စားလှယ် ပါလီမန်အမတ်တစ် ဦးဖြစ်လာခဲ့ပါတယ်။ 'ယန်မျိုးနွယ်' စာအုပ်ကိုရေးတဲ့ ယန်လီ(ဂျက်ကီယန်း)ဟာ ဂျင်မီယန်းရဲ့ တူမဖြစ်တယ်လို့ စာအုပ်အမှာ စာမှာ ဖော်ပြထားပါတယ်။ ကူမင်တန်နဲ့ ပေါင်းသွားတဲ့ အောလစ်ဖ်ယန်း(ဘိန်းဘုရင်မ)ကို ၁၉၅၂ မှာ မြန်မာစစ်တပ်က ဖမ်းမိပြီး မန္တလေးထောင်ကို ပို့ လိုက်ပါတယ်။ ၁၉၅၃ ဖေဖော်ဝါရီလမှာ မြန်မာ့တပ်မ တော်က ကူမင်တန်တရုတ်ဖြူတွေကို ကိုးကန့်နယ်ထဲက အပြီးအပိုင် မောင်းထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘိန်း လုပ်ငန်းနဲ့ ဆက်စပ်ရာ ကူမင်တန် အကင်းအကျန်တွေက နယ်စပ်တစ်လျှောက် ရှိနေဆဲဖြစ်ပါ တယ်။
'၁၉၅၃ ခုနှစ် ဖေဖော်ဝါရီလမှာ ကိုးကန့်နယ် မြေအတွင်း ကျူးကျော်သူတွေ ကင်းစင်သွားပါ တယ်။ နိုဝင်ဘာလထဲမှာ ပြည်ထဲရေးဝန်ကြီးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအပါအဝင် တခြားအရာရှိ ၁၁ ယောက်နဲ့အတူ ကိုးကန့်ဒေသထံ အလည်အပတ်လာရောက်ခဲ့ပါတယ်။ အထက်အဆင့် မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ပထမဆုံး ၂၈ ကြိမ်လာရောက်မှုပါ။ ဘက်နှစ်ဖက်လုံးအတွက် ချစ် ကြည်ရေးစိတ်ဓာတ်ကို ရောင်ပြန်ဟပ်နိုင်ခဲ့ပါတယ်။ ဝန်ကြီးရဲ့ မိန့်ခွန်းထဲမှာ ကိုးကန့်ဒေသဟာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
'ယန်ကျိန်းစိုင်းက ပြန်လည်ပြောကြားခဲ့ရာမှာ ကိုးကန့်ရဲ့ သစ္စာရှိမှု၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ကို ထိန်းသိမ်းထားမှုတို့ကို ဆက်လက်ဆုပ်ကိုင်သွားမယ် လို့ ကတိပေးခဲ့ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် မြန်မာခေါင်းဆောင်တွေရဲ့ ဦးဆောင်တိုက်ပွဲဝင်ခဲ့ မှုကို အသိအမှတ်ပြုကြောင်း ကြေညာခဲ့ပါတယ်။' (စာ-၁၅၄)
၁၉၅၂ မှာပဲ ဗိုလ်မှူးကြီးစောမြင့်(မှူးသမိန်) ကိုးကန့်နယ်ကို အလည်အပတ်ရောက်လာခဲ့ပါ တယ်။ ကိုးကန့်သား ၁၀ ယောက်ကို မြန်မာ့တပ်မတော်မှာ လေ့ ကျင့်ပေးမယ်ဆိုပြီး သိမ်းသွင်းပါ =တယ်။ 'ပီတာယန်း'လို့ ခေါ်တဲ့ လူငယ်တစ်ယောက်ကတော့ မေမြို့စစ်တက္ကသိုလ် ဝင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ပထမနှစ်မှာပဲ စည်းကမ်း ဖောက်ဖျက်လို့ ကျောင်းထုတ်ခံရပါတယ်။ ကာကွယ်ရေး ခေတ်ရောက်တဲ့အခါ ပီတာယန်းဟာ ခွန်ဆာရဲ့ တပ်ဖွဲ့ ဝင်ဖြစ်သွားပါတယ်။ နောက်ပိုင်းမှာ ခွန်ဆာ အဖမ်းခံရ ပြီး ထောင်ကျနေစဉ် ခွန်ဆာနဲ့ အလဲအလှယ်လုပ်ဖို့ တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံက ရုရှားပါရဂူနှစ်ယောက် ကို ပြန်ပေးဆွဲသွားရာမှာ ပီတာယန်းက အဓိကအခန်း ကဏ္ဍက ပါဝင်ခဲ့ပါတယ်။ (စာ-၁၇၄-ရှု)
ကိုးကန့်တွေမှာ ပြည်ထောင်စု စိတ်ဓာတ်ထက် ဘိန်းစီးပွားရေးကသာ ညှို့ငင်ဖမ်းစားထားတာ ထင်ရှားပါတယ်။ ၁၉၅၉ ဧပြီလမှာ စော်ဘွားတွေ အာဏာစွန့် ရမယ်ဆိုတော့ ယန်ကျိန်းစိုင်း လုံးဝမကျေနပ်ပါဘူး။ ဒါ့ကြောင့် စော်ဘွားများ အာဏာစွန့်ပွဲ အခမ်းအနားကို လည်း မတက်ရောက်ခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်စေ ယန်မျိုး ဆက် စော်ဘွားခေတ်ကတော့ နိဂုံးချုပ်သွားခဲ့ပါပြီ။ ဒါပေမဲ့ သူတို့သာလျှင် ကိုးကန့်ရဲ့ အရှင်သခင်ဆိုတဲ့ စိတ်ကြီးဝင်နေမှုက ဘယ်လိုမှ ပျောက်ပျက်မသွား ခဲ့ပါဘူး။ ၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးအစိုးရ ပေါ်ပေါက်လာချိန်မှာ ပိုပြီးသိသာလာ ပါတယ်။ အောက် လွှတ်တော် ပါလီမန်အမတ်အဖြစ် ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းမှာ နေထိုင်လျက်ရှိတဲ့ 'ယန်ကျိန်းစိန်(ဂျင်မီယန်း)'ဟာ ၁၉၆၃ မှာ ကိုးကန့်သို့ ပြန်လာပြီး ကိုးကန့် တော်လှန်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းပုန်ကန်ပါတော့တယ်။ (စာ-၁၉၂-ရှု)
ဂျင်မီယန်းရဲ့ တပ်ဖွဲ့တွေထဲမှာ 'ဖုန်ကျားရှင်'လည်း ပါလာခဲ့ပါတယ်။ ဒါပေမဲ့ ကိုးကန့်တော်လှန်ရေးက နိဒါန်းအစမှာပဲ နိဂုံးချုပ်သွားခဲ့ပါတယ်။ ၁၉၆၅ ဧပြီလမှာ မြန်မာ့တပ်မတော်က ကိုးကန့်ရှေ့တန်းစခန်းတွေကို ဝင်တိုက်ရာ အားလုံးပဲ လက်နက်ချ အညံ့ခံလိုက်ကြပါတယ်။ ဆက်လက်ပြီး ကိုးကန့်တပ်မှူး ဖုန်ဇစ်ခွမ်နဲ့ အင်အား ၂၀၀ လက်နက်ချပြန်ပါတယ်။ အဲဒီမှာ ကိုး ကန့်ခေါင်းဆောင် ဂျင်မီယန်းဟာ သူ့အလှည့်ရောက်လာတော့မှာကို ကြောက်လန့်ပြီး ကလေးနဲ့ မိန်းမတွေအပါအဝင် တပ်ဖွဲ့အင်အား ၆၀၀ နဲ့ မြောက်ပိုင်းသို့ ဆုတ်ခွာထွက်ပြေးရပါတယ်။ ပြေးရင်းလွှားရင်း တရုတ်ဖြူကူမင်တန် အကြွင်းအကျန် တပ်ဖွဲ့တစ်ခုနဲ့ ဆုံမိပါတယ်။ ကူမင်တန် အမှတ်(၃) တပ်ရဲ့ တပ်မှူး 'လီဝင်ဟွမ်'ထံ သတင်းပို့ အကူအညီတောင်းပါတယ်။ ကူမင်တန်တပ်မှူးက သဘောတူပြီး ဂျင်မီယန်းတို့အဖွဲ့ကို လမ်းပြခေါ် ဆောင်ခဲ့ဖို့ ကူမင်တန်တပ်ဖွဲ့ငယ်ကို အမိန့်ပေးလိုက်ပါ တယ်။ ထိုင်းနယ်စပ်ရောက်တဲ့အထိ ခရီးကြမ်းကြီးကို နှစ်လကြာ ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။ (စာ-၂၀၂-ရှု)
ထိုင်းနယ်စပ် 'ထန်ဝေါ်'လို့ခေါ်တဲ့ ဒေသမှာ ကူမင်တန်ရဲ့ အုပ်ချုပ်မှုအောက်မှာ နေကြရပါတယ်။ 'တချို့က တောနက်ထဲ ထွက်ခွာသွားပြီး စိုက်ပျိုးစား သောက်ကြပါတယ်။ တချို့က ချင်းမိုင်လို မြို့ကြီးတွေဆီသွားပြီး ကာယအလုပ်တွေ၊ အိမ်ဖော်အလုပ်တွေ လုပ်ကြပါတယ်။ မိန်းကလေးငယ်ငယ် အတော်များများက ပြည့်တန်ဆာတွေ ဖြစ်ကုန်ပါတယ်။ နယ်စပ်ဒေသရောက် ကိုးကန့်သားတွေဟာ ဂုဏ်သိက္ခာတွေ ကျဆင်းနေသလို ဦးတည်ချက်လည်း ပျောက်ကုန်ကြပါတယ်' (စာ-၂၁၂)
ဂျင်မီယန်းကိုယ်တိုင်ကတော့ ရှမ်းမိတ်ဆွေ တချို့ရဲ့ အကူအညီနဲ့ ချင်းမိုင်က 'ရင်းကမ်း' ဟိုတယ်မှာ အလုပ်ဝင်လုပ်ပါတယ်။ ချင်းမိုင်မှာ ရှမ်း၊ ကချင် စတဲ့ အင်အားစုတွေနဲ့ ချိတ်ဆက်မိပါတယ်။ ၁၉၆၆ မှာ ဦးနုထောင်ကလွတ်လာပြီး သိပ်မကြာခင်မှာပဲ ဗိုလ်နေဝင်း အစိုးရကို လက်နက်ကိုင်ဖြုတ်ချ မယ်ဆိုပြီး ထိုင်းနိုင်ငံ ရောက်လာပါတယ်။ ဂျင်မီယန်းဟာ ဖဆပလခေတ်မှာ လွှတ်တော် အမတ်တစ်ယောက်အနေနဲ့ ဦးနုနဲ့သိကျွမ်းခဲ့ပြီးသားပေမယ်မို့ ဦးနုနဲ့ ချက်ချင်းချိတ်ဆက်လိုက်ပါတယ်။ ဦးနုက ဂျင်မီယန်းကို အရှေ့တိုင်းစစ်ဌာနချုပ် တပ်မှူးအဖြစ် ခန့်အပ်တာဝန်ပေးပါတယ်။ ဒါပေမဲ့ ပြည်သိမ်းစီမံကိန်းကြီးဟာ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ပြီး ပြိုလဲသွားတဲ့အခါ ဂျင်မီယန်းဟာ တပ်မှူးကြီးဘဝကနေ ချင်းမိုင်က ရင်းကမ်းဟိုတယ်မှာပဲ အလုပ်ပြန်ဝင်ရပါတယ်။ ဒီတစ်ခါတော့ ထိုင်း အစိုးရက သူ့ကိုတရား မဝင်ပြည်ဝင်မှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။ ဒါပေမဲ့ ပြင်သစ် ဂျာနယ်လစ်တစ် ယောက်ရဲ့ အကူအညီနဲ့ ပြန်လည်လွတ် မြောက်လာပြီး ပြင်သစ်မှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရ ခဲ့ပါတယ်။ 'ပြင်သစ်မှာသူဟာ အရမ်းကို နိမ့်နိမ့်ကျကျနေ ထိုင်ခဲ့ရပြီးကလေးတွေ ပညာသင်နိုင်ဖို့ စားသောက်ဆိုင် တစ်ဆိုင်မှာ ပန်ကန်ဆေးတဲ့အလုပ် ဝင်လုပ်ခဲ့ရပါတယ်' (စာ-၂၁၆)
၁၉၈၀ မှာ ဦးနေဝင်းအစိုးရက အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတော့ ဂျင်မီယန်းမြန်မာ ပြည် ပြန်လာပါတယ်။ အဲဒီနောက် မထင်မရှား ကွယ်လွန်သွား တယ်လို့ သိရပါတယ်။ ကိုးကန့်မှာတော့ တပ်ဖွဲ့ပြီးတစ်ဖွဲ့ အာဏာလုကြရင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မပြောင်းလဲတာကတော့ ဘိန်းစီးပွားရေးကို ကိုးကန့်ခေါင်းဆောင်တွေ အားသွန်ခွန်စိုက်လုပ် နေကြတယ်ဆိုတာပါပဲ။ ၁၉၉၂ စက်တင်ဘာ ၂၆ ရက် နေ့စွဲနဲ့ MNDAA ရဲ့ သဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ ဒုစစ်ဦးစီးချုပ် ဖုန်ကျားဖု (ဖုန်ကျားရှင်ရဲ့ညီ) ကိုယ်တိုင်က ဒီလိုပြောဆိုခဲ့ကြောင်း ယန်မျိုးနွယ်စာအုပ် စာမျက်နှာ ၂၆၅ မှ ၂၆၇ အတွင်း ဖော်ပြထားပါတယ်။
'ဘိန်းကိစ္စနဲ့ပတ်သက်လို့ ပြောချင်တာက ဒီကိစ္စတွေဟာ ကျွန်တော်တို့က သမိုင်းရဲ့အမွေကို ဆက်ခံလိုက်ရတာပါ။ ကိုးကန့်ပြည်သူတွေဟာ ဘိန်းစိုက်ပျိုးမှု လုပ်ခဲ့တာ လွန်ခဲ့တဲ့အနှစ် တစ်ရာကျော်ကတည်းကဖြစ်ပါတယ်။ ကျွန်တော်တို့ လူဦးရေရဲ့ ရာခိုင်နှုန်း ၈၀ ဟာ ဘိန်းစိုက်ပျိုးရေးကို ဘဝရှင်သန်ရပ်တည်ရေးအတွက် လုပ်ကိုင်ကြရတာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ကုန်သွယ်ရေးမှာ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေအတွက်တော့ အာမခံချက် မပေးနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေ ပါ ပါဝင်ပတ်သက်နေတယ်ဆိုတာက ကျွန်တော်တို့ ခေါင်းဆောင်တွေမှာလည်း တာဝန်ရှိနေတာ အမှန် ပါပဲ။}
ဖုန်ကြားဖုရဲ့ ဝန်ခံချက်ကို သမိုင်းသက်သေ တစ်ခုအဖြစ် ဂျင်မီယန်းရဲ့တူမ ယန်လီ(ဂျက်ကီ ယန်း)က ယန်မျိုးနွယ်စာအုပ်မှာ ဖော်ပြရေးသား မှတ်တမ်းတင် ထားတာ တွေ့ရပါတယ်။ ။
မြတ်ဘုန်းသစ်
( TREND News ဂျာနယ်အတွဲ(၂)၊အမှတ် (၄၈)တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )