၂၀၂၄ စက်တင်ဘာ ၁၃
ကိုယ့်မြို့နယ်လုံခြုံရေး၊ တည်ငြိမ်ရေးအတွက် ပူးပေါင်းပါဝင်ပေးတယ်ဆိုရင် ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ် ဖြစ်သွားတာပေါ့။ အဖျက်သမားတွေ မရှိနိုင်တော့ဘူး။
လာမည့် ၂၀၂၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်၍ အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေးဆောင်ရွက်ခြင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ပါတီတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်များကို ရွေးကောက်ပွဲကော်မရှင်က စိစစ်ခွင့်ပြုပေးခြင်း၊ မြန်မာအီလက်ထရောနစ် မဲပေးစက်စနစ်လက်တွေ့စမ်းသပ်အသုံးပြုခြင်းအပါအဝင် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ အလားတူပြုလုပ်ပေးမည့် အထွေထွေရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုသည့် PR စနစ်ကို ပြောင်းလဲကျင့်သုံးသွားမည်ဟုလည်း မှတ်ပုံတင်ခွင့် ကျထားပြီးသား နိုင်ငံရေးပါတီများက သိထားကြသည်။ ယင်းအခြအနေတွင် ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင် ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြရာ ရွေးကောက်ပွဲ စနစ်မှာ PR (သို့) FPTP ကျင့်သုံးမည့် အခြေအနေကို မသိရချိန် နိုင်ငံရေးပါတီများကြား အသံမျိုးစုံထွက်လာခဲ့သည်။ နိုင်ငံရေးတည် တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြင့် ရွေးကောက်ပွဲ အောင်မြင်အောင် ကျင်းပနိုင်ရေးအပါအဝင် ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် ရွေး ကောက်ပွဲစနစ်နှင့်ပတ်သက်၍ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၏ အမြင်သဘောထားများကို ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။လာမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ပွဲစနစ်နဲ့ပတ်သက်ပြီး ဘယ်လိုဖြစ်သင့်လဲ။
USEP ။ ။ PR လုပ်မယ်လို့ ပြောထားတယ်။အဲဒီလိုပြောထားပြီးတော့ အခုပဲ PR ၊ အခု FPTP ဆိုတဲ့ သဘောမျိုးဆိုတော့ ကော်မရှင်တစ်ရပ်အနေနဲ့ကတော့ ရွေးကောက်ပွဲစနစ်ကိစ္စ တည်တည်ငြိမ်ငြိမ်လေး ဖြစ်သင့်တယ်လို့ မြင်ပါတယ်။ ပြီးတော့ ဒါက အကြံပြုချက်ဆိုရင်လည်း အဲဒီလိုမျိုး အကြံမပြုသင့်ဘူး။ ဘာလို့လဲဆိုတော့ ဒါက ပါတီကြီးတစ်ခုကပဲ landslide နိုင်စေချင်တဲ့ ပုံစံလားဆိုပြီး မေးခွန်းလေးတွေ ပေါ်လာနိုင်တယ်။ ဒါကိုတော့ ကျွန်တော်တို့ပါတီကတော့ မကြိုက်ဘူး။ နဂိုက FPTP ပြောထားတယ်ဆိုရင် FPTP ပဲ၊ PR လာပြီး ချပြစရာမလိုဘူးလို့ မြင်တယ်။ ကျွန်တော်တို့ PR ကို နှစ်ခါ၊ သုံးခါရှိပြီ၊ အစည်းအဝေးတက်ပြီး အကြံပေးတာတွေက အခုမှတစ်မျိုး ပြန်ပြောင်းမယ်ဆိုတာမျိုး မဖြစ်သင့်ဘူးလို့တော့ မြင်ပါတယ်။ အခုက ၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးတော့ ပြောထားတာ တစ်နှစ်ကျော် လောက်ပဲလိုတော့တာ။ ပြီးတော့ Voter Education တွေဘာတွေတောင် လုပ်ရတော့မယ်။ မကြာခင်ပဲ ဖင်လှည့်ခေါင်းလှည့်နဲ့ နှစ်ကကုန်တော့မှာဆိုတော့ တကယ်လို့ FPTP လို့သာ ပြောင်းလိုက်ရင်တော့ ပါတီတွေရဲ့ အသံထွက်လာမှာပဲ။ သူတို့ပြောတာကတော့ နိုင်ငံတော် အကြံပေးကနေ အကြံပေးတယ်လို့ နားလည်တယ်။ အမှန်ကတော့ အကြံပေးတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ အချိန်ကာလအရ တွက်ကြည့်ရင် နှောင်းသွားပြီလို့ မြင်တယ်။ ဒါက ကမ္ဘာသိ မြန်မာသိ PR နဲ့ သွားမယ်ဆိုပြီး ပြောထားပြီးပြီဆိုတာမျိုး ကော်မရှင်က ပြန်ပြီးရှင်းပြသင့်တယ်လို့ မြင်ပါတယ်။

TREND ။ ။ PR ကနေ FPTP စနစ်ကို ပြောင်းခဲ့မယ်ဆိုရင် သက်ရောက်မှုက ဘယ်လိုဖြစ်လာနိုင်မလဲ။
USEP ။ ။ ပါတီငယ်လေးတွေရယ်၊ တိုင်းရင်းသားပါတီတွေအတွက် သက်ရောက်မှု ရှိနိုင်တယ်။ ပါတီငယ်လေးတွေ၊ တိုင်းရင်းသားပါတီတွေ နစ်နာသွားမယ်လို့မြင်တယ်။ ကျွန်တော်တို့ပါတီက နစ်နာ စရာမရှိဘူး။ တစ်နိုင်ငံလုံးပြိုင်တဲ့ပါတီ။ ပါတီကြီးတွေအတွက် ကတော့ သိပ်ပြီး ထိခိုက်မှုမရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဘာကိုသဘောမကျလဲဆိုရင် တော်တော်ကြာကြာပြောထားပြီးမှ ပြန်ပြောင်းတာမျိုးဆိုရင် အဲဒါကိုတော့ သဘောမကျဘူး။ အဲဒါက ပါတီတစ်ခုကို landslide နိုင်စေချင်လို့များ ဆိုတဲ့ Question Mark က ဖြစ်လာတာပေါ့။ သေချာစဉ်းစားကြည့်လေ။ ယုတ္တိရှိရှိ စဉ်းစားကြည့်လေ။ ပါတီတစ်ခုကပဲ အစိုးရဖွဲ့စေချင်သလားဆိုတဲ့ မေးခွန်းဖြစ်လာနိုင်တယ်။ ဘာလို့လဲဆိုရင် PR ဆိုရင် ပါတီတစ်ခုက landslide နိုင်ဖို့က ခက်ခဲတယ်လေ။ အရမ်းခက်ခဲတယ်၊ မဲကလည်း မျှသွားမယ်။ ပါတီငယ်လေးတွေ လည်းရှိတယ်။ ပါတီပေါင်း ၄၉ ပါတီရှိတဲ့အထဲမှာ တစ်နိုင်ငံလုံးပြိုင်တာ ကိုးပါတီပဲရှိတယ်။ ၄၀ က ပါတီငယ်တွေနဲ့ တိုင်းရင်းသားပါတီတွေရှိတယ်။ ဆိုတော့ အဲဒါက ဖြစ်တော့မဖြစ်သေးဘူး။ ဒါပေမဲ့ သတ်သတ်မှတ်မှတ် မရှိသေးဘူးဆိုတာမျိုးကတော့ မဖြစ်သင့်ဘူးလေ။ အခုအကြံပြုတာကို ချပြတယ်ဆိုတာကလည်း အချိန်သိပ်မရှိတော့ဘူး။ တကယ်ဆိုရင် အခု PR ကျင့်သုံးကြည့်မယ်၊ PR သုံးကြည့်လို့ အခြေအနေတစ်မျိုး ဖြစ်လာတော့မှ PR ပုံစံက သိပ်မဟုတ်သေးဘူး။ နောက်ငါးနှစ်ကျမှ ပြောင်းမယ်ဆိုတာမျိုးပေါ့။ အခုက PR လုပ်မယ်ဆိုပြီး ပြောထားတာဆိုတော့ ပြန်ပြောင်းမယ်ဆိုတာမျိုးက မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ ကျွန်တော်တို့က FPTP ကို ကြိုက်သည့်တိုင်အောင် မဖြစ်သင့်ဘူးလို့ဘဲ ယူဆတယ်။ တိုင်းပြည်ရဲ့ကံကြမ္မာကို အပြောင်းအလဲဖြစ်စေမယ့်ဟာ (ရွေးကောက်ပွဲစနစ်)ကို တည်တည်ငြိမ်ငြိမ်နဲ့ သတ်သတ်မှတ်မှတ် ဖြစ်စေချင်တယ်။ အုပ်ချုပ်ရေး စနစ်ပြောင်းဖို့က ရွေး ကောက်ပွဲပဲလေ။ အစိုးရသစ်တစ်ရပ် ပေါ်ထွန်းဖို့ဆိုတာလည်း ရွေးကောက်ပွဲပဲ။ လွှတ်တော်ပေါ် ပေါက်တယ်ဆိုတာလည်း ဒီရွေးကောက်ပွဲပဲလေ။ အခုက ရွေးကောက်ပွဲနှစ်ကြိမ်ရှိပြီလေ။ ပြည်ခိုင်ဖြိုး Landslide နိုင်တာ ၂၀၁၀ ၊ NLD Landslide နိုင်ခဲ့တယ်။ ၂၀၁၅-၂၀၂၀ ရွေးကောက်ပွဲ ပျက်ပြယ်သွားတယ်။ ၂၀၂၅ ရွေးကောက်ပွဲ မသေချာမရေရာတဲ့ ပုံစံဆိုရင် မကောင်းဘူးလို့ မြင်တယ်။
TREND ။ ။ နိုင်ငံရေးပါတီ ၁၆ ပါတီ အစု အဖွဲ့မှာလည်း ဦးဆောင်သူတစ်ဦးဆိုတော့ ရွေးကောက်ပွဲစနစ်နဲ့ပတ်သက်ပြီး ပါတီအများစုရဲ့ ဆန္ဒတွေကိုရော ဘယ်လိုမျိုးတွေ့ရလဲ။
USEP ။ ။ ပါတီတော်တော်များများ မကြိုက်ဘူး။ မကြိုက်ဘူးဆိုတာက PR နဲ့သွားမယ်ဆိုပြီး ပြောထားပြီးမှ PR က မသေချာသေးဘူးဆိုတဲ့ သဘောမျိုးထွက်လာတယ်ပေါ့။ ဒါလည်း ကျွန်တော် ထင်ပါတယ်။ ကော်မရှင်ဥက္ကဋ္ဌက ပါတီတွေရဲ့သဘောထားကို နည်းနည်းတီးခေါက်ကြည့်တဲ့ သဘောထားများ ဖြစ်လာမလား။ တကယ်လို့ ပါတီတွေက မကြိုက်ဘူးဆိုရင် PR ပဲလုပ်မှာပေါ့။ ကြိုက်တယ်ဆို ရင်လည်း FPTP ပဲ ပြန်လုပ်ရင် လုပ်မှာပေါ့။ ဒါတော့ ပြောလို့မရဘူး။ မကျိန်းသေဘူး။ UEC နဲ့ တွေ့တုန်းကလည်း ပါတီတွေအားလုံးက ရွေးကောက်ပွဲစနစ်နဲ့ပတ်သက်ပြီး ဝိုင်းဝန်းဆွေးနွေးတင်ပြကြတယ်။ အဲဒီလို ဆွေးနွေးတင်ပြကြတော့ ကော်မရှင်ကလည်း သူတို့အနေနဲ့ သတ်မှတ်တာမဟုတ်ဘူး။ အကြံပေးအဖွဲ့ရဲ့ အကြံပေးလာတာကို ရှင်းပြတာလို့ ပြန်ပြောပါတယ်။ FPTP ပဲ ပြန်ကျင့်သုံးမယ်ဆိုတာ မျိုး ပြောတာမဟုတ်ဘူး။ ပြီးတော့ PR ကျိန်းသေ လုပ်မယ်ဆိုတာမျိုးလည်း မပြောသေးဘူး။ ဒါပေမဲ့ စဉ်းစားကြည့်ရသလောက် ပါတီတွေဘက်က အများအပြား ပြောလာရင်တော့ PR ပဲ ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ မှန်ချင်လည်းမှန်မယ်၊ မှားချင်လည်းမှားမယ်။ ကျွန်တော့်အထင်ပါ။

TREND ။ ။ ရွေးကောက်ပွဲတစ်ခုဟာ PR ရော၊ FPTP ရော စနစ်နှစ်မျိုးလုံးနဲ့ တွဲပြီးကျင်းပလို့ရ လား။
USEP ။ ။ ရတာပေါ့။ သဘောက PR က တိုင်းဒေသကြီးရယ်၊ ပြည်သူ့လွှတ်တော်ရယ်၊ အမျိုးသား လွှတ်တော်ရယ် PR လုပ်လို့ရတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးကျတော့ PR သွားလုပ်လို့မရဘူး။ ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာက ၂၉ နေရာရှိတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ ၂၉ နေရာအတွက်ကတော့ FPTP ပဲ လုပ်လို့ရမယ်။ နိုင်သူအကုန်ယူ စနစ်ပဲရမယ်။ PR သွားလုပ်လို့မရဘူး။ အဲဒီလိုမျိုးဆိုရင် နှစ်မျိုးတွဲပြီး ကျင်းပတာပေါ့။ FPTP လည်းပါ တယ်၊ PR လည်းပါတယ်။ အဲဒီလိုမျိုးပုံစံတော့ ဖြစ်သွားမှာပေါ့။
TREND ။ ။ လာမယ့်ရွေးကောက်ပွဲတွေမှာ မဲလက်မှတ်နဲ့ မဲပေးတဲ့စနစ်အစား၊ မဲပေးစက်နဲ့ မဲပေးရတဲ့ မြန်မာအီလက်ထရောနစ် မဲပေးစက်ကို ကျင့်သုံးဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။ ဒီမဲပေးစက်မှာရော ဘယ်ရွေးကောက်ပွဲစနစ်နဲ့ အသုံးပြုဖို့ ပြင်ဆင်ထားတာ တွေ့ရလဲ။
USEP ။ ။ ရွေးကောက်ပွဲမှာ မဲပေးစက်နဲ့ မဲပေးရတဲ့ စနစ်ကလည်း ကျွန်တော်ထင်တာ PR ပဲထင်တယ်။ ကျွန်တော်တို့ သွားစမ်းပြီးတော့ သွားနှိပ်ရဖူးတယ်။ နှိပ်လိုက်တဲ့အခါမှာ ကွန်ပျူတာထဲမှာ မဲတော့ပါတာပေါ့။ ရေတွက်လိုက်တယ်၊ နောက်ပြီးတော့ စလစ်စာ ရွက်လေးကလည်း တစ်ခါတည်း ထွက်လာတယ်။ လက်ရှိ အနေအထားအရကတော့ ကောင်းတာပေါ့။ မဲလိမ်လို့ မရဘူး၊ တစ်ခါနှိပ်ပြီးရင်လည်း ထပ်နှိပ်လို့မရတော့ဘူး။ သဘောက မဲလိမ်လို့မရဘူး၊ ပိုလုပ်လို့လည်း မရဘူးဆိုတာတော့ သိရတယ်။ ဒါပေမဲ့ အခုနည်းပညာတိုးတက်နေတဲ့အတွက်ကြောင့် နောက်ဘယ်လိုလုပ်နေသလဲ၊ ဘယ်လို ပြင်ဆင်ထားလဲဆိုတာတော့ ကျွန်တော်တို့ မသိရသေးဘူး။ လက်တွေ့စမ်းသပ်တဲ့ ပုံစံအရ ကတော့ မဲပေးစက်နဲ့ မဲပေးရတဲ့စနစ်ကို ကျွန်တော်တို့ တော်တော် ကြိုက်တယ်လို့ ပြောလို့ရတယ်။ နောက်တစ်ချက်က PR စနစ်နဲ့ အံဝင်အောင် မဲပေးစက်နဲ့ စမ်းသပ်ထားတာ လို့တော့ နားလည်ရတယ်။
TREND ။ ။ PR စနစ်သာ ပါတီငယ်လေးတွေ၊ တိုင်းရင်းသားပါတီတွေအတွက် လွှတ်တော်နေရာရရှိမှု အခွင့်အရေးပိုရှိစေတယ်လို့ သုံးသပ်ကြပါတယ်။ PR ရဲ့ အားနည်းချက် ဆိုးကျိုးအနေနဲ့ရောရှိလား၊ ဘယ်လို သုံးသပ်မိလဲ။
USEP ။ ။ ကျွန်တော်တို့ လေ့လာကြည့်ရသလောက် ဆိုးကျိုးမရှိဘူး။ ကောင်းကျိုးပဲ ရှိပါတယ်။ အားလုံးက All Inclusive ပုံစံမျိုးတော့ ပါသွားတာပေါ့။ PR စနစ်က တိုင်းပြည်ကံကြမ္မာကို အားလုံးဝိုင်းဝန်းပြီးတော့ တိုင်ပင်ဆွေးနွေးလို့ရတာပေါ့။ လွှတ်တော်ထဲ အကုန်လုံးဝင်လာကြတော့ ခေါင်းများလေ၊ ဦးနှောက်များလေ တိုင်းပြည်အတွက် ပိုကောင်းလေပေါ့။ ကျွန်တော်တို့ မြင်ခဲ့ပြီးပြီလေဗျာ။ One Men Show တို့၊ One Lady Show တို့ဆိုတာ တိုင်းပြည်အတွက် မကောင်းဘူးဗျ။ လူတစ်ယောက်တည်းနဲ့ စီမံမှုမပြီး ပြည့်စုံနိုင်ဘူး။ ဘုရားမှလွဲလို့ ကျန်တဲ့ပုဂ္ဂိုလ်တွေက မဖြစ်နိုင်ဘူးလေ။ အားလုံးတိုင်ပင်ပြီးတော့ အကြံယူပြီးတော့ စီးပွားရေးအကြံပေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စိုက်ပျိုးရေး အကုန်လုံးဗျ၊ သူ့ ဆိုင်ရာဆိုင်ရာ အကြံပေးတွေရှိရမယ်။ လွှတ်တော်ဆိုတာလည်း အကြံပေးတစ်မျိုးပဲလေ။ ပြီးတော့ အစိုးရကိုလည်း Check and Balance လည်း လုပ်တယ်လေ။ အစိုးရက ထင်သလိုလုပ်လို့မရဘူး၊ လွှတ်တော်ကနေ ဝေဖန်လို့ရတယ်၊ ထောက်ပြ အကြံပြုလို့ရတယ်။ ဒါကြောင့် လွှတ်တော်ကို တိုင်းရင်းသား နယ်မြေတွေက လူထုရဲ့အသံတွေ၊ ခံစားမှုတွေကို ကိုယ်စားပြုမှုတွေလည်း ရောက်ဖို့လိုတယ်လို့ မြင်တယ်။
TREND ။ ။ ဒီတစ်ခေါက် တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံအားပေးကြောင်း ပြောသွားပါတယ်။ ပြီးတော့ ရွေးကောက်ပွဲကိုရော၊ ရွေးကောက်ပွဲ မဲပေးစနစ်ကိစ္စတွေရော၊ နိုင်ငံတကာက စိတ်ဝင်စားနေကြတယ်လို့ပြောရမှာပါ။ တကယ်လို့သာ PR နဲ့သွားမယ်ဆိုပြီး FPTP ပဲ ကျင့်သုံးမယ်ဆိုရင် နိုင်ငံတကာရဲ့အမြင် ဘယ်လိုရှိ လာနိုင်လဲ။
USEP ။ ။ သူများရယ်စရာ ဖြစ်သွားမယ်လို့ မြင်တယ်။ အမှန်က ရွေးကောက်ပွဲစနစ်ဆိုတာ မြန်မြန်ဆန်ဆန်ကို သတ်မှတ်ရမှာ။ ဒါပဲ အပြောင်းအလဲမရှိဘဲ လုပ်မယ်ဆိုတာမျိုးပေါ့။ ဒါပေမဲ့ စောစောက ပြောပြသလို တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကျတော့ PR နဲ့ သွားလို့မရဘူး။ တိုင်းရင်းသားရေးရာ ဝန်ကြီးရွေးတဲ့ နေရာမှာ FPTP ပဲ လုပ်ရမှာလေ။ သူကတစ်ဦးပဲ ရွေးရမှာကို။ လွှတ်တော်သုံးရပ်ဖြစ်တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် နေရာတွေကိုတော့ PR နဲ့ လုပ်လို့ရတယ်။ ဒါကြောင့် PR လုပ်မယ်ဆိုရင် PR ပဲ ဖြစ်သင့်တယ်။ ဟို FPTP ကတော့ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက်ပဲ ဖြစ်သင့်တယ်လို့ မြင်တယ်။ ပြီးတော့ တရုတ်ကလည်း စောင့်ကြည့်မယ်၊ အာဆီယံကလည်း စောင့်ကြည့်မယ်။ မြန်မာနိုင်ငံကကျင်းပမယ့် ရွေးကောက်ပွဲကို တစ်ကမ္ဘာလုံးက စောင့်ကြည့်ကြမှာ သေချာတယ်။ အဓိကကတော့ ရွေးကောက်ပွဲ တည်တည် ငြိမ်ငြိမ် ဖြစ်စေချင်တယ်။ ပြီးတော့ အားလုံးလည်း ပါဝင်စေချင်တယ်ဆိုတော့ PR ပဲလေ။

TREND ။ ။ နိုင်ငံရေးအပြောင်းအလဲအရွေ့အတွက် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲစနစ် အရေးကြီးပုံနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပေးပါဦး။
USEP ။ ။ ရွေးကောက်ပွဲတစ်ခုမှာ ရွေးကောက်ပွဲစနစ်က အရမ်းအရေးကြီးတာပေါ့။ ကျွန်တော်တို့မှာ ရွေးကောက်ပွဲအတွေ့အကြုံတွေလည်း ရှိခဲ့ပြီးပြီ လေ။ FPTP ကတော့ တစ်ပါတီအတွက်စနစ်ပဲ၊ တစ်ပါတီအာဏာရှင် အဲဒီလိုစနစ်ပဲ ဖြစ်သွားတာပေါ့။ သူက Landslide နိုင်သွားတော့ ကျန်တဲ့ပါတီတွေက၊ နည်းနည်းပါးပါးနဲ့ပဲ နိုင်တဲ့ပါတီက လွှတ်တော်မှာ ဘယ်လိုပဲ ကန့်ကွက်ကန့်ကွက် အဲဒီပါတီက သူတို့ စိတ်တိုင်းကျလုပ်သွားမှာပဲ။ အနိုင်ရပါတီက သူ့ဘာသာ လုပ်သွားမှာပဲ။ တကယ်လို့ ညွန့်ပေါင်း အစိုးရပုံစံမျိုး ဖြစ်လာရင် အဲဒီလိုမျိုး ပါတီတစ်ခုက လွှတ်တော်မှာ အများဆုံးလွှမ်းမိုးထားပြီး ထင်သလို လုပ်တာမျိုးတွေ မဖြစ်တော့ဘူး။ခြယ်လှယ်ချင်သလိုလည်း ခြယ်လှယ်လို့မရဘူး။ အဲဒီမှာ Check and Balance လုပ်လို့ရတယ်လေ။ PR ဆိုရင် တိုင်းရင်းသား ပါတီငယ်လေးတွေရဲ့ အသံစုံကိုလည်း လွှတ်တော်ထဲရောက်သွားမယ်။ ကျွန်တော်တို့နိုင်ငံက ပြည်ထောင်စုမြန်မာနိုင်ငံတော်လေ၊ တိုင်းရင်း သားတွေရဲ့အသံကိုလည်း နားထောင်ရမယ်။ တိုင်းရင်းသားပေါင်းစုံ၊ မျိုးစုံရှိတဲ့ နိုင်ငံဆိုတော့ တိုင်းရင်း သားတွေရဲ့ အသံ၊ တိုင်းရင်းသားတွေရဲ့ ဆန္ဒ၊ တိုင်းရင်းသားတွေရဲ့ လိုအင်ဆန္ဒ၊ အခက်အခဲတွေကို လွှတ်တော်မှာ နားထောင်ပြီးတော့ ဖြေရှင်းပေးရမယ်လေ။
TREND ။ ။ အောင်မြင်တဲ့ ရွေးကောက်ပွဲတစ် ရပ်ကျင်းပနိုင်ဖို့နဲ့ပတ်သက်ပြီး ဘယ်လိုပြင်ဆင် ဆောင် ရွက်သင့်လဲ။
USEP ။ ။ ရွေးကောက်ပွဲဖြစ်မှာပါ။ အခုလည်း ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဆိုပြီး မြို့တိုင်းမှာ စဖွဲ့နေပြီ။ ကျွန်တော်တို့ပါတီတောင်မှ ရန်ကုန်တိုင်းထဲမှာ ပါဝင်နေပြီလေ။ ရန်ကုန်တိုင်းထဲမှာဆိုရင် တချို့မြို့နယ်တွေမှာ ကျွန်တော်တို့ပါတီက ၁၅ ယောက်တောင် ပူးပေါင်းပါဝင်ထားတာ။ တချို့မြို့နယ်တွေမှာ ထည့်ပေးထားတယ်။ အခြားပါတီတွေအနေနဲ့လည်း ပါဝင်သင့်တယ်။ သဘောက ကိုယ့်မြို့နယ်က အလုံဆိုရင် အလုံမြို့နယ်လုံခြုံရေးအတွက်၊ တည်ငြိမ်ရေးအတွက် ဝိုင်းဝန်းပြီးတော့ ထိန်းပေးတယ်။ အဲဒီလို ကိုယ့်မြို့နယ်လုံခြုံရေး၊ တည်ငြိမ်ရေးအတွက် ပူးပေါင်းပါဝင် ပေးတယ်ဆိုရင် ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ် ဖြစ်သွားတာပေါ့။ အဖျက်သမားတွေ မရှိနိုင်တော့ဘူးပေါ့။
TREND ။ ။ ပြီးတော့ ပြီးခဲ့တဲ့လက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် EAO တွေ ဘက်ကလည်း သူတို့ရဲ့ ထိန်းချုပ်တဲ့နယ်မြေတွေမှာ တည်တည် ငြိမ်ငြိမ်ဖြစ်အောင် ပံ့ပိုးကူညီမယ်ဆိုပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒီအပေါ် တိုင်းရင်းသားပါတီ ဥက္ကဋ္ဌတစ်ဦး ရဲ့ သဘောထားဆန္ဒအမြင် ဘယ်လိုရှိလဲ။
USEP ။ ။ ဟိုတစ်နေ့က EAO ခြောက်ဖွဲ့၊ NSPNC နဲ့ နိုင်ငံရေးပါတီတွေအစုအဖွဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးတော့ သူတို့လည်း NCA ထိုးထားတဲ့အဖွဲ့တွေလည်း ရွေးကောက်ပွဲဖြစ်သင့်တယ်လို့ ထင်ကြမှာပါ။ NCA မထိုးထားရင်လည်း သူတို့လည်းလေ့လာရင်းနဲ့ သူတို့သိမှာပါ။ ဒါက ရွေးကောက်ပွဲ ကိုဖြစ်မြောက်အောင် သူတို့ ကူညီနိုင်မယ်ဆိုလို့ရှိရင် အစိုးရသစ်တစ် ရပ်ဖြစ်လာတဲ့အခါမှာ နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမယ်ဆိုတဲ့အတွေးလည်း သူတို့ခေါင်းထဲမှာ ဝင်သွားနိုင်တယ်လို့ ကျွန်တော်ယူဆတယ်။ အဲဒီလိုပဲ NCA ထိုးထားတဲ့ EAO ခြောက်ဖွဲ့ကလည်း မြန်မာနိုင်ငံမှာ အလို အပ်ဆုံးအရာပဲလို့ ခံယူထားတယ်။ အဲဒီလိုပဲ ကျွန်တော်မြင်တယ်။ သူတို့လည်း အဲဒီလိုခံယူထားမယ် လို့ထင်တယ်။ သူတို့ကလည်း တိုင်းပြည်အေးချမ်းဖို့အတွက် လိုလားနေကြတာလေ။ ပြည်ထောင်စုငြိမ်း ချမ်းရေးအတွက် လုပ်နေကြတာ။ ဒါကြောင့် ရွေးကောက်ပွဲတည်တည်ငြိမ်ငြိမ်ဖြစ်အောင် သူတို့လည်း ကူညီမယ်လို့ ထင်ပါတယ်။
TREND ။ ။ ရွေးကောက်ပွဲဆိုတာ တိုင်းပြည်နဲ့ လူမျိုးအတွက် အခက်အခဲအကျပ်အတည်းတွေကနေ ထွက်ပေါက်လို့ သုံးသပ်နေကြပါတယ်။ ရွေးကောက်ပွဲ အောင်မြင်အောင် ကျင်းပနိုင်ဖို့နဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောကြားလိုပါလဲ။
USEP ။ ။ ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံး၊ မိဘပြည်သူတစ်ရပ်လုံးကို မေတ္တာရပ်ခံချင်တာက ကျွန်တော်တို့ တိုင်းပြည်အတွက်က ရွေးကောက်ပွဲဖြစ်မှ အရပ်သားအစိုးရဖြစ်လာမယ်။ အရပ်သားအစိုးရဖြစ်လာမှ နိုင်ငံတကာက လုပ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှု Sanction တွေ၊ အနောက်နိုင်ငံက လုပ်ထားတဲ့ Sanction တွေကနေ ထွက်နိုင်မယ်။ မဟုတ်ရင် Sanction မိနေမယ်ဆိုရင် ဘာမှ လုပ်လို့ရမှာမဟုတ်ဘူး။ ကုန်သွယ်ရေးမှာ အခက်အခဲရှိနေတယ်။ နိုင်ငံခြားနဲ့ ကုန်သွယ်တဲ့နေရာမှာ အရမ်းခက်ခဲနေမယ်။ Sanction ရှိတဲ့အတွက်ကြောင့် တိုင်းပြည်က မဖွံ့ဖြိုးမတိုးတက်နိုင်ဘူး။ အဲဒီတော့ အရပ်သားအစိုးရ ပေါ်ပေါက်လာမှ နိုင်ငံတကာ အသိုင်းအဝိုင်းထဲကို နိုင်ငံတကာ မိသား စုထဲကို ဝင်ဆန့်နိုင်မယ်။ အဲဒီတော့ ရွေးကောက်ပွဲကို ဖြစ်အောင်၊ အရပ်သားအစိုးရတစ်ရပ် ပေါ်ထွက်လာနိုင်အောင် ပြည်သူလူ ထုတစ်ရပ်လုံးက ဝိုင်းဝန်းကူညီပေးသင့်ပါတယ်လို့ပဲ ကျွန်တော်က မေတ္တာရပ်ခံချင်ပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်