ရန်ကုန်၊ သြဂုတ် ၂၁
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို တစ်ဆင့်ချင်းစီ အကောင်အထည်ဖော်နေသည်ကိုတွေ့ရကြောင်း ရခိုင်ဒေသခံလည်းဖြစ်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ရေး အကြံပေးအဖွဲ့၏ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဘရှိန်က ပြောသည်။
"ဒီစာချုပ်က အသက်မဝင်ခဲ့တာကနေ အသက်ဝင်အောင် နှစ်ဖက်ဆက်လုပ် နေကြတယ်။ CITIC (တရုတ်ကုမ္ပဏီ)ကလည်း လှုပ်လှုပ်ရှားရှား လုပ်နေတယ်။ အဲဒီမှာ EIA/SIA ကို Report ရေးတဲ့ MSR ကုမ္ပဏီကလည်း သူ့အလုပ်တွေ အဆုံးသတ်ဖို့ လုပ်နေတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီကလည်း ဥက္ကဋ္ဌအသစ်၊ အတွင်းရေးမှူးအသစ် ဖွဲ့စည်းထားပြီးတော့ လိုအပ်တဲ့အချက်တွေကို အစည်းအဝေး လုပ်ပြီးတော့ အစီအစဉ်ချနေတယ်။ မကြာခင်ကာလမှာ မြေတွေအသုံးချဖို့အတွက် သက်ဆိုင်ရာ CITIC ကုမ္ပဏီကို နေရာထိုင် ခင်းတွေပေးရမယ်၊ မြေယာလျော်ကြေးတွေ ပေးရမယ်။ အဲဒီနေရာမှာ စပြီး အလုပ်လုပ်တော့မယ်ဆိုရင် အလုပ်လုပ်တဲ့သူတွေ သုံးဖို့အတွက် အဓိကရေလိုတယ်။ မဒေးကျွန်းမှာ ရေကန်တည်ဆောက်ဖို့ အစိုးရက ဘတ်ဂျက် ချပေးထားတယ်ဆိုတဲ့ သတင်းလည်း ကြားနေရတယ်။ ဘယ်လောက် ဘတ်ဂျက်ချပေး တယ်ဆိုလည်း မသိရသေးဘူး။ သတင်းတွေ ကြားနေရတာပဲရှိတာပါ။ ရေကန်ဆောက် မယ့်ကိစ္စကလည်း ဆည်မြောင်းဦးစီးဌာနအစု အဖွဲ့တွေ လာလုပ်ရမှာဆိုတော့ အဲဒါတွေ လုပ်ဖို့တော့ စီစဉ်နေကြတယ်။
တစ်ဆင့်ချင်းလုပ်နေတယ်။ ကုမ္ပဏီတစ်ခုက ရေကြောင်းကိုလည်း ရှင်းလင်းရေးတွေ၊ တိုင်းတာရေးတွေက လုပ်တာက သင်္ကြန်မတိုင်ခင်က လုပ်ပြီးသွားပြီထင်တယ်။ တဖြည်းဖြည်းချင်းလုပ်နေတယ်။ မြေပြင်မှာက အခု အလုပ်စလုပ်လို့ရအောင် မြေသိမ်းတာတွေ လုပ်မှာပေါ့။ သိမ်းတဲ့မြေတွေကို လျော်ကြေးပေးတာတွေ၊ ဒါတွေ လုပ်လာကြမှာပါ"ဟု ဦးဘရှိန်က ပြောသည်။
သတင်းထုတ်ပြန်ချက်များအရ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ် ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံဘက်မှ ကြိုတင်ဖြည့် ဆည်းဆောင်ရွက်ရမည့် အခြေခံ အဆောက်အအုံဆိုင်ရာလုပ်ငန်းများ Implementation Plan နှင့် စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က ပြုလုပ်ခဲ့သည်။ အလားတူ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Ad-dendum) လက်မှတ်ရေးထိုးပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က ကျင်းပခဲ့ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) ကို ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက် ဒါရိုက်တာတို့က လက်မှတ် ရေးထိုးခဲ့ကြကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်အစိုးရက ကျောက်ဖြူ ဒေသကို အထူးစီးပွားရေးဇုန်တစ်ခုထူထောင်ရန် ၂၀၁၁ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ပြီး စီမံကိန်းအတွက် အစုရှယ်ယာရှင်များနှင့် သက်ဆိုင်သော သဘောတူစာချုပ် (Shareholders’ Agreement)နှင့် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agr-eement) များကို ၂၀၂၀ ပြည့်နှစ်ကတည်းက ချုပ်ဆိုနိုင်ခဲ့ခြင်း ဖြစ်သည်။
သဘောတူစာချုပ် လက်မှတ်ရေး ထိုးပြီးနောက် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့ခဲ့ခြင်း၊ မြန်မာဘက်က ကျောက်ဖြူ အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် CITIC ဘက်နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ဆောင် ရွက်နေရခြင်းတို့ကြောင့် စီမံကိန်းစတင်အကောင်အထည်ဖော်နိုင်ရေး နှစ်နှစ်ကျော် နှောင့်နှေးနေခဲ့ရပြီး နစကအစိုးရလက်ထက်တွင် ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံမှ အစုရှယ်ယာ ရာခိုင်နှုန်း ၃၀ နှင့် တရုတ်နိုင်ငံမှ အစုရှယ်ယာ ရာခိုင်နှုန်း ၇၀ ပိုင်ဆိုင်သည့် ကျောက်ဖြူရေ နက်ဆိပ်ကမ်းသည် မြန်မာနိုင်ငံအတွက် ပထမဦးဆုံးသော နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပြီး ကျောက်ဖြူဒေသအပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရုံသာမက မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်မှုကိုပါ အထောက်အကူ ပေးနိုင်မည် ဖြစ်ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု များကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် ကျောက်ဖြူစီမံကိန်းကြီးမှတစ်ဆင့် တောင်အာရှ၊ အနောက်အာရှနှင့် အာဖရိကမှ တင်သွင်းမည့် ကုန်ပစ္စည်းများကို တရုတ်ပြည်မကြီးသို့ စင်္ကြံလမ်းကြောင်းအသုံးပြုပြီး သယ်ယူပို့ဆောင်ခြင်းဖြင့် အချိန်နှင့်ကုန်ကျစရိတ်များ အထူးသက် သာစေမည် ဖြစ်ကြောင်း သိရသည်။
နဒီ