နေပြည်တော်၊ ဒီဇင်ဘာ ၁၁
ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသောလွှတ်တော်မဖြစ်ခင် ဂုဏ်သိက္ခာရှိသော နိုင်ငံရေးသမားများ၊ ဂုဏ်သိက္ခာရှိသော နိုင်ငံရေးဝန်းကျင်ဖြစ်ဖို့ အရေးကြီးကြောင်း ဒီဇင်ဘာ ၇ ရက်က ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအခမ်းအနားတွင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားလိုက်သည်။
"ပြည်သူ့ပါတီရဲ့ လှုပ်ရှားမှုတွေကိုပြောရရင် ရုံးခန်းဖွင့်တာတွေကို သာမန်ကော်မရှင်ကို အကြောင်းကြားရုံ မဟုတ်ဘဲနဲ့ ဟောပြောပွဲ ဆွေးနွေးပွဲပုံစံမျိုးတွေဖြစ်အောင် ဆောင်ရွက်နေတာ သတိပြုမိကြမယ် ထင်ပါတယ်။ အဲဒီမှာ ကျွန်တော်အဓိက ပြောချင်တာက ဂုဏ်သိက္ခာရှိသော ရွေး ကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသော လွှတ်တော်မဖြစ်ခင် ဂုဏ်သိက္ခာရှိသော နိုင်ငံရေးသမားတွေ၊ ဂုဏ်သိက္ခာရှိသော နိုင်ငံရေးဝန်းကျင်ဖြစ်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော် ဟောပြောပွဲတိုင်းမှာ ပါတီစည်းရုံးရေးလုပ်တာထက်ကို နိုင်ငံရေးစည်းရုံးရေးကို လုပ်နေရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဆောင်းဘောက်ဖွင့်ပြီးတော့ ဘေးပတ်ဝန်းကျင် လာရောက်နားထောင်နေကြတဲ့ပုဂ္ဂိုလ်တွေရော၊ အွန်လိုင်းကနေ ထုတ်လွင့်တဲ့အခါမှာ နားထောင်နေတဲ့ ပုဂ္ဂိုလ်တွေကိုရော ကျွန်တော်တို့ရဲ့ ဦးတည်ချက်က နိုင်ငံရေးအပေါ်မှာ ယုံကြည်လာအောင်၊ ကိုးစားလာအောင် အဓိကကြိုးစားနေတာ ဖြစ်ပါတယ်။ ပါတီဝင်ဖို့ စည်းရုံးရေးထက်၊ အကြမ်းမဖက် နိုင်ငံရေးအပေါ်မှာ ယုံကြည်အားကိုးလာအောင် ဆောင် ရွက်နေတာဖြစ်ပါတယ်"ဟု ၎င်းက ဆက်ပြောသည်။
နိုင်ငံတော်အကြီးအကဲများက လူ့အဖွဲ့အစည်းအတွင်း ပါတီစုံဒီမိုကရေစီထွန်းကားအောင် ဆောင်ရွက်သွားမည်ဟူ၍ အထပ်ထပ်အကြိမ်ကြိမ် ကတိပေးနေသည့်ကြားကပင် အောက်ခြေတွင် နိုင်ငံရေးကို မထိရဲ၊ မတို့ရဲအောင်ဖြစ်နေသော အခြေအနေကြီးကို ကာကွယ်တားဆီးပေးနိုင်ရေးအ တွက် UEC အနေဖြင့် နိုင်ငံတော်အကြီးအကဲများထံ ကြိုးစားတင်ပြပေးရန်လည်း ဦးကိုကိုကြီးက မေတ္တာရပ်ခံခဲ့သည်။
"ဒါက Concept ပြဿနာ၊ Concept ကမှားပြီး လွဲပြီဆိုရင် ဥပဒေတွေ၊ မူဝါဒတွေ၊ အကောင်အထည်ဖော်မှုတွေ အကုန်လုံးလွဲမှာပဲ။ ပြောရရင် ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စမှာလည်း ဆွေးနွေးနေတာ ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဆိုတဲ့ စကားလုံးဟာ ဗလုံးဗထွေး စကားလုံးပါ။ ၂၀၀၈ ဖွဲ့စည်းပုံဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကို လေ့လာတဲ့အခါ ညောင်နှစ်ပင် ညီလာခံမှာ ကတည်းက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလည်း အဲဒီကိစ္စကိုဆွေး နွေးခဲ့တဲ့ မှတ်တမ်းတွေ တွေ့ခဲ့ရပါတယ်။ ကင်းရှင်းရ မယ်ဆိုတဲ့ကိစ္စက စကားမပြောရဘူးလား၊ မဆက်ဆံရဘူးလား၊ မပတ်သက်ရဘူးလား၊ ဆိုတော့ ဗလုံးဗထွေး ဝေါဟာရဟာ ဥပဒေမ ဖြစ်သင့်ဘူး။ ဘာကြောင့် ဒီဟာကို ပြောသလဲဆိုရင် နိုင်ငံ့ဝန်ထမ်းတွေဟာ နိုင်ငံရေးပါတီတွေကို အကြောင်းပြုပြီး တော့ စိတ်ဝမ်း ကွဲတာ၊ အကွဲကွဲအပြားပြား မဖြစ်စေချင်ဘူး။ မဖြစ်ရဘူး။ အဲဒါမူအားဖြင့် မှန်ပါတယ်။ ဒါကြောင့်မို့လို့ မည်သည့်နိုင်ငံရေးပါတီဝင်မျှ မဖြစ်စေရ၊ နိုင်ငံရေးပါတီတစ်ခုခုရဲ့ လုပ်ငန်းဆောင်တာများမှာ ပါဝင်ပတ်သက်ခြင်း မရှိစေရ စသည်ဖြင့် တိကျတဲ့ဝေါဟာရတွေ ပြဋ္ဌာန်းလိုက်ရင် ဘာကိုသက်ရောက်မှုကို ကာကွယ်နိုင်လဲဆိုရင် အခု နေရာအနှံ့မှာ တွေ့ နေရတယ်။ နိုင်ငံ့ဝန်ထမ်းကိုတင်မကဘဲနဲ့ အလုပ်သင်ရှေ့နေ၊ ရှေ့နေမဖြစ်သေးဘူး၊ ဒါသည် ပုဂ္ဂလိကဝန်ထမ်း၊ အစိုးရဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်း မဟုတ်ဘူး။ အဲဒီမှာ ပါတီနိုင်ငံရေး ကင်းရှင်းကြောင်း ခံဝန်ချက် လုပ်ခိုင်းတယ်။ ရယ်စရာကောင်းတယ်ဗျာ။ အခု ဒီရက်ထဲမှာ အိမ်ခြံမြေအကျိုးဆောင် အသင်းဝင်ဖို့အတွက်ကို ပါတီနိုင်ငံရေး ကင်းရှင်းကြောင်း လုပ်တယ်၊ ဂေါပကကို ပါတီနိုင်ငံရေး ကင်းရှင်းကြောင်းလုပ်တယ်၊ ဂေါပက အဖွဲ့ဝင်ပေးဖို့။ ပုဂ္ဂလိက အလုပ်အကိုင်များကလည်း အလုပ်ခန့်စာ၊ အလုပ်ခေါ်စာလုပ်တဲ့အခါ ပါတီနိုင်ငံရေး ကင်းရှင်းကြောင်း လုပ်တယ်။ တစ်ချိန်တုန်းက၊ ဟိုတုန်းက ဘယ်လောက်အထိ ဖြစ်လဲဆိုရင် မြန်မာ့စိုက် ပျိုးရေးဌာနကနေပြီးတော့ မှိုစိုက်ပျိုးရေး နည်းပညာသင်တန်း ဖွင့်တယ်။ နိုင်ငံရေး ကင်းရှင်းကြောင်း တောင်းတယ်၊ မှိုစိုက်ပျိုးတဲ့ နည်းပညာ နိုင်ငံရေးသမားတွေလက်ထဲ ရောက်သွားလို့ မဖြစ်ဘူးဆိုပြီး ကျွန်တော် စိတ်ထဲတွေးမိတယ်။ အဲဒီလောက်လွဲနေတဲ့ အလွဲကြီးကို ပြည်သူတွေကြားထဲမှာ ဂုဏ်သိက္ခာရှိသော လွှတ်တော်၊ ရွေးကောက်ပွဲဖြစ်ဖို့ နေနေသာသာ နိုင်ငံရေးသမားဆိုရင် ဝေးဝေးက ရှောင်ရမယ်၊ မပတ်သက်အောင် နေရမယ်ဆိုတဲ့ အဲဒီအယူအဆကြီးကို ပြည်သူတွေကြားထဲမှာ အဲဒီလောက် ကြီးကျယ် ပျံ့နှံ့နေတဲ့ကိစ္စ အိမ်ငှားလို့မရဘူး၊ ကိုကိုကြီး Person သွားငှားရင် ငှားတယ်၊ ပါတီရုံးဖွင့်ဖို့ဆိုရင် မငှားတော့ဘူး။ အဲဒီလောက် ဂုဏ်သိက္ခာမဲ့အောင် ဖြစ်နေတဲ့ Concept ကြီးကို ပြုပြင်ပြောင်းလဲဖို့ မလုပ်နိုင်ဘဲနဲ့ ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသော လွှတ်တော် ဖြစ်ဖို့ နေနေသာသာ နိုင်ငံရေးသမားကိုယ်တိုင် လူ့အသိုင်းအဝိုင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရပဲ ပြောရရင် နိုင်ငံသားတစ်ယောက် လူမျိုး၊ ဘာသာ၊ ကျားမ အဆင့်အတန်းမရွေး ခွဲခြားဆက်ဆံမှု မရှိစေရဆိုတာ၊ ကျွန်တော်တို့ နိုင်ငံရေးသမားတွေက အကြီးအကျယ် ခွဲခြားဆက်ဆံမှု ခံနေရတဲ့ Concept ကို မပြင်ဘဲနဲ့ ပါတီစုံဒီမို ကရေစီထွန်းကားဖို့ မဖြစ်နိုင်ဘူးဆိုတာ အလေးအနက် တင်ပြပါတယ်"ဟူ၍ ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
ထို့အပြင် အမှန်တကယ် ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသော လွှတ်တော်ဖြစ်ဖို့၊ ဂုဏ်သိက္ခာရှိသော နိုင်ငံရေးဝန်းကျင်ဖြစ်ဖို့ လွဲနေတဲ့အလွဲများကို တည့်မတ်ပေးနိုင်ရေး UEC မှတစ်ဆင့် အစိုးရထံ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက မေတ္တာရပ်ခံခဲ့သည်။ ညီသစ်