၂၀၂၄ ဖေဖော်ဝါရီ ၁၄
တပ်မတော်နှင့် ပြည်သူတစ်သား တည်းဖြစ်စေရန် တရားဥပဒေစိုးမိုးရေးကို နံပါတ်တစ် ဦးစားပေးအနေဖြင့် ဆောင်ရွက်သင့်ကြောင်း ဖက်ဒရယ် ပြည်ထောင်စုပါတီ ဥက္ကဋ္ဌဟောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးစောသန်းမြင့်က အကြံပြုပြောကြားသည်။
"ဘယ်ခေတ်ဘယ်အခါ ဖြစ်ဖြစ်ပေါ့ တစ်သားတည်းဖြစ်ဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့ကိစ္စပါ။ ဒီကိစ္စမျိုးက ဘယ်နိုင်ငံမှာမှ အဲလိုမျိုး သိပ်မရှိဘူး။ ကျွန်တော်တို့နိုင်ငံက အဲဒီလိုဖြစ်ဖို့ ကြိုးစားမယ်ဆိုရင် နံပါတ်(၁) က တရားဥပဒေစိုးမိုးရေးကို အရင်ဆုံး လုပ်ပေးရမယ်။ တရားဥပဒေစိုးမိုးရေက အဓိကပါ။ အခုအချိန်မှာ တရားဥပဒေစိုးမိုးရေးက အင်မတန်နည်းတဲ့ ကာလဆိုတော့ အဲဒီဟာ ဖြစ်ဖို့က ပိုပြီး တော့ ခက်ခဲတာပေါ့။ ဒါကြောင့် အဲဒီလိုပုံစံမျိုးကို ရှေးရှုမယ်၊ သွားမယ၊် အမှန်တကယ်လည်း လုပ်ဆောင်မယ်ဆိုရင်တော့ နံပါတ်(၁)က တရားဥပဒေစိုးမိုးရေးက အဓိကဖြစ်တယ်။ အားလုံးက ပြည်ထောင်စုနယ်မြေ တစ်ခုလုံးမှာ တရားဥပဒေ စိုးမိုးရေးကို အရင်ဦးဆုံး လုပ်ပေးရမယ်။ အဲဒါမှသာလျှင် ဆောင်ရွက်လို့ အဆင်ပြေမယ်လို့ မြင်ပါတယ်။ တစ်တိုင်းပြည်လုံးအေးချမ်း တည်ငြိမ်မှရမယ်။ ဘယ်ကိစ္စကိုပဲ ဦးတည်ဦးတည် ဘယ်လမ်းကိုပဲသွားသွား ကောင်းကောင်းမွန်မွန် ဖြစ်ဖို့ဆိုရင် တိုင်းပြည်ငြိမ်းချမ်းရေးက အဓိကပဲ။ ငြိမ်းချမ်းရေးရအောင် အရင်ဆုံးကြိုးပမ်းမှရမယ်။ တိုင်းပြည်မငြိမ်း ချမ်းရင် ဘာလုပ်ငန်းဖြစ်ဖြစ် ဘယ်ဦးတည် ချက်ဖြစ်ဖြစ်၊ ဘာရည်ရွယ်ချက်ဖြစ်ဖြစ် အင်မတန် ခက်ခဲမယ့်အနေအထားမျိုးတွေ့ ရတယ်"ဟု ၎င်းကပြောသည်။
ထို့အပြင် စစ်ရေးဘောင်ကျဉ်း၍ နိုင်ငံရေးဘောင်ကျယ်လာစေရန် တိုင်းရင်းသားအားလုံး၏ အားပေးထောက်ခံမှုရရှိရန် လိုအပ်ကြောင်း ဦးစောသန်းမြင့်က ထပ်မံပြောဆိုသည်။
"အခြေခံ ဥပဒေကို ပြုပြင်ပေးဖို့လိုတယ်။ အဓိကတော့ နိုင်ငံရေးပါပဲ။ အခြေခံဥပဒေ မပြင်သရွေ့ စစ်ဘောင်ကျဉ်းတာ ကျယ်တာက ဘယ်လောက်ပြောပြော ဖြစ်လာမှာ မဟုတ်ဘူး။ ကျဉ်းဖို့လည်း သိပ်ပြီးတော့မလွယ်ဘူး။ စစ်ဘောင်မကျယ်ချင်ဘူး။ နိုင်ငံရေးဘောင်ကျယ်ချင်တယ်ဆိုရင် နိုင်ငံရေးလုပ်ထုံး တိုင်းရင်းသားအားလုံး အားပေးထောက်ခံမှုရဖို့က တစ်ချက်ပဲရှိတယ်။ တိုင်းရင်းသား အများစုက ဖက်ဒရယ်ကိုပဲ သွားချင်တယ်။ လက်ရှိအစိုးရကတော့ ဖက်ဒရယ်လမ်းကြောင်းကို သွားမယ်။ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံဖြစ်အောင် ကြိုးစားမယ်လို့ပြောတယ်။ တကယ်လို့ ဖြစ်အောင်လုပ်မယ်ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီလမ်းစဉ်ကို တကယ်ကျင့်သုံးမှ လက်တွေ့လုပ်မှရမယ်။ လက်တွေ့ လုပ်ဆောင် ကျင့်သုံးမှသာလျှင် တိုင်းရင်းသားတွေရဲ့ သဘောထားက ပြည်ထောင်စုအတွက် အပြုသဘောနဲ့ ပြန်ပြီးတော့ ပြန်ကောင်းလာလိမ့်မယ်လို့ ယူဆတယ်။ တိုင်းရင်းသားအများစုအားလုံး ဖက်ဒ ရယ်ကိစ္စကိုပဲ ပြောနေတာ။ ဖက်ဒရယ်ကိုလည်း ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တာမရှိဘူး။ တိုင်းရင်း သားတွေ လက်ရှိ လက်နက်ကိုင်တဲ့ကိစ္စက နိုင်ငံရေးပဲ နိုင်ငံရေးဆိုတာ ဖက်ဒရယ်ကိုပြောတာပဲဗျ။ ဖက်ဒရယ်စနစ်ကို ဦးတည်ပြီး တစိုက်မတ်မတ် သွားမယ်ဆိုရင် ဘယ်သူမှတော့ လက်နက်ကိုင်ချင်မှာ မဟုတ်ပါဘူး။ နိုင်ငံရေးကြောင့် ဖြစ်တာကိုးဗျ။ စစ်ဘောင်ကျဉ်းဖို့ နိုင်ငံရေးဘောင် ကျယ်ဖို့ဆိုတဲ့ ကိစ္စတွေက အပြုသဘောနဲ့ အကြံပြုတာပါ။ စစ်ဘောင်မကျယ်ဖို့ဆိုရင် စစ်ဘောင်မကျယ်ဖို့အတွက် လုပ် နည်းအတိုင်းပဲ လုပ်ရမယ်။ နိုင်ငံရေးဆိုတာက အခြေခံဥပဒေပေါ်မှာပဲ အများကြီးမူ တည်သွားတာပေါ့။ နောက်ဆုံး အနှစ်ချုပ်လိုက်ရင်တော့ အခြေခံဥပဒေနဲ့ပဲ သက်ဆိုင်သွားတယ်။ အားလုံးပေါ့။ အခြေခံဥပဒေကို ပြည်သူအများစု သို့မဟုတ် တိုင်းရင်းသားတွေ အများစုဖြစ်ချင်တဲ့ ဖက်ဒရယ်ဒီမိုက ရေစီစနစ်ကို သွားမယ်ဆိုရင်တော့ အားလုံးဟာ အောင်မြင်လာမယ်လို့ မြင်ပါတယ်"ဟု ၎င်းကဆိုသည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို အပြည့်အဝရ ရှိစေရန်အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူ ကြည်ဖြူစွာလက်တွဲကြိုးပမ်း ဆောင်ရွက်သွားကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သော (၇၇)နှစ်မြောက် ပြည်ထောင် စုနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာမှတစ်ဆင့် တိုက်တွန်း ပြောကြားခဲ့သည်။
ထို့အပြင် ပြည်ထောင်စုအကျိုး အမြဲရှေ့ရူသော တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော အရေး သုံးပါးကို ဦးထိပ်ထားကာ ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ ပြည်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသည့်အတိုင်း ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ တိုင်းရင်းသားအားလုံး၏ အားပေးထောက် ခံမှုဖြင့် တပ်မတော်နှင့် ပြည်သူတစ်သားတည်း ရပ်တည်မှုတိုသည် နိုင်ငံတော်ကာ ကွယ်ရေးအတွက် ပံ့ပိုးမှုတစ်ရပ်ပင် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို အပြည့်အဝရရှိစေရန်အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူ ကြည်ဖြူစွာ လက်တွဲကြိုးပမ်းဆောင်ရွက်သွားကြရန် နိုင်ငံတော်ဝန်ကြီးချုပ်က တိုက်တွန်းနှိုးဆော်ခဲ့သည်။