နေပြည်တော်၊ သြဂုတ် ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ဆွေးနွေးကြသည့် အခြေအနေအရ တိုင်းရင်းသားဒေသများ စစ်ရေးပဋိပက္ခ လျော့ပါးသွားနိုင်ကြောင်း နိုင်ငံရေး အကဲခတ်များက သုံးသပ်ပြောဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် စီမံကိန်းတချို့ ရှိနေခြင်း၊ တိုင်းရင်း သားလက်နက်ကိုင်များအပေါ် သြဇာရှိနေခြင်းစသည့် အချက်များကြောင့် စစ်ရေးပဋိပက္ခ လျော့ပါးသွားနိုင်ကြောင်း နိုင်ငံရေး အကဲခတ်တစ်ဦးဖြစ်သူ ဦးလှဌေးက သုံးသပ်ပြောဆိုသည်။
"တရုတ် နိုင်ငံခြားရေးဝန်ကြီး လာသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ မျှော်လင့်ချက်ထားလို့ရတာက နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းကတော့ ဖြစ်နေတဲ့စစ်ရေး ပဋိပက္ခတွေ ဘယ်လောက်အထိ ရပ်သွားမလဲ။ စောင့်ကြည့်ရမှာဖြစ်တယ်။ နောက်တစ်ချက်က ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူတို့ဘက်က ကူညီဆောင်ရွက်ပေးမယ်။ ရွေးကောက်ပွဲကို ဖြစ်စေချင်တယ်ဆိုတဲ့ အပိုင်းတွေလည်း မြင်ရတယ်။ ဒါကလည်း ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်၊ ရည်မှန်းချက်လို့ ပြောထားတာရှိတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးကလည်း အလွန်အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဂက်စ်ပိုက်လိုင်းလိုကိစ္စမျိုး တွေ စီမံကိန်းကြီးတွေက ကျွန်တော်တို့နိုင်ငံမှာ တော်တော်များများရှိတယ်။ ကျွန်တော်တို့နိုင်ငံ ပြည်တွင်းရေး မတည်ငြိမ်ရင် သူတို့လည်း ဘာမှလုပ်လို့မရဘူး။ အခုလက်ရှိလည်း သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေက ရပ်တန့်တဲ့ဟာတွေ ရပ်တန့်နေတာပါပဲ။ တိုင်းရင်းသား ဒေသတွေမှာလည်း တိုက်ပွဲ တွေဖြစ်တယ်။ ပြည်တွင်းစစ် ရပ်စဲမှ ပြည်ပနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေက အဲဒါမှ လည်ပတ်နိုင်မယ်။ တရုတ်ကလည်း ရွေးကောက်ပွဲကို တွန်းအားပေးတယ်ဆိုတဲ့ အခြေအနေမျိုး တွေ့ရပါတယ်။ ဒါတွေကို ဖြတ်သန်းနိုင်ရင်တော့ အပူငြိမ်းမယ့် အကြောင်းတရားတွေ ဖြစ်လာနိုင်ပါတယ်"ဟု ၎င်းက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်များ၏ ကျောထောက်နောက်ခံအနေဖြင့် တရုတ် ရှိနေကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်နေကြပြီး ငြိမ်းချမ်းရေး လမ်းကြောင်း ပေါ်တွန်းပို့နိုင်လျှင် မြန်မာနိုင်ငံအတွက် အခြေအနေကောင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း ဦးလှဌေးက ထပ်မံပြောဆိုသည်။
"တိုင်းရင်းသား လက်နက်ကိုင်တွေ သုံးစွဲနေတဲ့ နည်းပညာတွေ စစ်လက် နက်ပစ္စည်းတွေက တရုတ်က ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေလို့ ပြောကြတာရှိတာပေါ့။ နိုင်ငံရေး အကဲခတ်လေ့လာ သူတွေကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေ ဖြစ်ကြတဲ့ စစ်ပွဲတွေမှာ တရုတ်ရဲ့ရပ်တည်မှုတွေ ရှိနေတယ်လို့ ပြည်တွင်းမှာ ပြောလာကြပြီ။ တရုတ်ကတော့ မဟုတ်ပါဘူးလို့ ငြင်းတာ ပေါ့ဗျာ။ ဒါကတော့ သံတမန်နည်းလမ်းအရပြောတာ။ အခုလာပြီး တွေ့ဆုံဆွေးနွေးမှု တွေအရတော့ လက်နက်ကိုင်ပဋိပက္ခတွေ လျော့ပါးသွားနိုင်တဲ့ အခြေအနေမျိုး ရှိလာနိုင်တယ်။ လတ်တလောမှာ လည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ဖြစ်တဲ့ စစ်ရေးပဋိ ပက္ခတွေ တော်တော်များများ အသံတိတ်နေတယ်လို့ ကြားလာရတယ်။ ဟိုဘက်ဒီဘက် နှစ်ဖက်ကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်အောင်လို့ တွန်းပို့နိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံအခြေအနေအများကြီး ကောင်းသွား ပါလိမ့်မယ်"ဟု ၎င်းက ပြောသည်။
လက်နက်ကိုင်တွေအပေါ်တရုတ်၏ သြဇာသက်ရောက်မှုရှိသလို အခြားတစ်ဖက်တွင်လည်း အနောက်နိုင်ငံဘက်သို့ ယိမ်းသည့် လက်နက် ကိုင်များ ရှိနေနိုင်သည့်အတွက် ခန့်မှန်းရခက်သည့် အခြေအနေ တစ်ရပ်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ပါတီအတွင်းရေးမှူး (၂)စော ခွန်ကျော်ဝင်းက ပြောသည်။
"တိုင်းရင်းသား လက်နက်ကိုင် တော်တော်များများ တရုတ်ရဲ့ သြဇာသက် ရောက်တယ်လို့ သုံးသပ်ကြတာရှိပါတယ်။ အပြောင်းအလဲတစ်ခုတော့ ဖြစ်နိုင်တယ်။ မြန်မာပြည်ရဲ့ ရွေးကောက်ပွဲလည်း ဖြစ်သွားမယ်လို့ထင်တယ်။ ကျွန်တော်မြင်တာကတော့ လောလောဆယ် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နစကအနေနဲ့ Plan ရှိပြီးသား။ ရက်သာမထုတ်တာ။ ၂၀၂၅ မှာ သွားမယ်ဆိုတော့ အဲဒီအတိုင်း ဖြစ်မယ်ထင်တယ်။ လက်နက်ကိုင်ပဋိပက္ခတွေ လျော့ပါးသွားရင်တော့ ရွေးကောက်ပွဲ မြန်မြန်ဖြစ်နိုင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဆိုရင် တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါပြီးသား။ စစ်ရေးပဋိပက္ခဖြစ်တဲ့နေရာတွေ ဖယ်ပြီးကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ လုပ်မယ်ဆိုရင်လည်း ပြည့်မီနိုင်တယ်။ လုပ်လို့ရတဲ့ အနေအထားရှိတယ်။ တစ်ဖက်ကတော့ လက်နက်ကိုင်တွေအပေါ်မှာ တရုတ်ရဲ့ သြဇာရှိတယ်။ သူတို့ထိန်းချုပ်နိုင်တယ်ဆိုတာမျိုးရှိတယ်။ တစ်ဖက်ကလည်း တရုတ်ကိုလည်း ဂရုမစိုက်ဘူးဆိုတဲ့ ကိစ္စတွေလည်းရှိတော့ ခန့်မှန်းရခက်ပါတယ်။ တခြားလမ်း ကြောင်း အနောက်ဘက်ကိုယိမ်းတဲ့ အဖွဲ့တွေရှိနေရင်လည်း တရုတ်ကို ဂရုစိုက်ချင်မှစိုက်မှာ။ ဒါကလည်းရှိသေးတယ်။ ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်" ဟု ၎င်းကပြောသည်။
သြဂုတ် ၁၄ ရက်က မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံမှုတွင် တရုတ်နိုင်ငံဘက်မှ ဆွေးနွေးရာ၌ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲထောက်ခံ အားပေးနေပါကြောင်း၊ တရုတ်တစ်နိုင်ငံ တည်းမူဝါဒ (One China Policy)အပေါ် မြန်မာနိုင်ငံက အစဉ်တစိုက် ရပ်တည်ထောက်ခံ အားပေးနေမှုအပေါ် တန်ဖိုးထားပါကြောင်းနှင့် နိုင်ငံတကာမျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အမြဲ ရပ်တည်ပေးလျက်ရှိပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူမှုနှင့်ပတ်သက်၍ လိုအပ်သည့် နည်းပညာကူညီမှုများကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲတွင် သက်ဆိုင်သူများ အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲဖြစ်စေရေး တိုက်တွန်းလိုပါကြောင်း ဆွေးနွေးပြော ကြားသည်။
မြန်မာဘက်မှ ဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့်ကိစ္စရပ် များကိုမဆို မြန်မာနိုင်ငံမှတစ်ဆင့် လုပ်ဆောင်နေမှုများအား လုံးဝလက်ခံမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးတို့အပေါ် အထူးအလေးထား ဆောင်ရွက် လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ကွန်းဈာန်