ထိုင်းငါးဖမ်းလှေအား မြန်မာ့ရေပိုင်နက်အတွင်း ကျူးကျော် ငါးခိုးဖမ်းခဲ့ခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဟု ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောကြား

ရန်ကုန်၊ ဒီဇင်ဘာ ၃
    မြန်မာ့တပ်မတော် (ရေ) အနေဖြင့် ထိုင်းငါးဖမ်းလှေအား မြန်မာ့ရေပိုင်နက်အတွင်း ကျူးကျော်ကာ ငါးခိုးဖမ်းခဲ့ခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွှယ်နေသည့် ပစ္စည်းများပါ တွေ့ရှိထားသည့်အတွက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
    ငါးဖမ်းစက်လှေနှင့်အတူ မြန်မာနိုင်ငံသား ကျား ၂၇ ဦးနှင့် ထိုင်းနိုင်ငံသား ကျား လေးဦး ဖမ်းဆီးမိခဲ့ပြီးနောက် ဖမ်းမိငါးဖမ်းလှေနှင့်အတူ ရေတပ်စခန်းသို့ နံနက် ၄ နာရီတွင် ပြန်လည်ထွက်ခွာ လာခဲ့ပြီး နံနက် ၅ နာရီတွင် ထိုင်းနိုင်ငံ ရနောင်းမြိုနယ်ရှိ မြန်မာနယ်စပ် ပင်လယ်ငါးဖမ်းလုပ်ငန်းမှ တာဝန်ရှိသူများထံ မြန်မာရေပိုင်နက်အတွင်း ကျူးကျော်ကာ ငါးခိုးဖမ်းခဲ့သည့် မြန်မာနိုင်ငံသားနှင့် ထိုင်းနိုင်ငံသား ၃၁ ဦး ဖမ်းဆီးရမိထားကြောင်း တရားဝင်ဆက်သွယ်အကြောင်း ကြားခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မြန်မာနိုင်ငံကော့သောင်းမြို့နယ် မြန်မာ့ရေပိုင်နက်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် မြန်မာ့စစ်ရေယာဉ် တစ်စင်းသည် နိုဝင်ဘာလ ၃၀ ရက် နံနက် ၂ နာရီ မိနစ် ၄၀ ခန့်တွင် မြန်မာ့ရေပိုင်နက်အတွင်း လှုပ်ရှားနေသော မသင်္ကာဖွယ်လှုပ်ရှားမှု ငါးခုကို ရေဒါမှ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ စစ်ဆေးခဲ့မှုများအရ ငါးဖမ်းစက်လှေများ ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် မီးအချက်ပြကာ ခေါ်ယူဆောင်ရွက်ခဲ့သော်လည်း ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
    "စစ်ဆေးတဲ့အခါမှာ ငါးဖမ်းစက်လှေများ ဖြစ်ကြောင်း တွေ့ရပါတယ်။ စစ်ဆေးဖို့အတွက် မီးအချက်ပြ ခေါ်ယူခြင်း ဆောင်ရွက်ခဲ့ပါတယ်။ ထွက်ပြေးခဲ့ပါတယ်။ နောက်ကနေ လိုက်လံ ဖမ်းဆီးခဲ့ပါတယ်။ မနက် ၃ နာရီ မိနစ် ၂၀ အတွင်းမှာ ထိုင်းငါးဖမ်းစက်လှေတစ်စင်းကို ကော့သောင်းမြို့ နယ် ကြက်မောက်ကျွန်း မြောက်ဘက်ထိပ် အရှေ့မြောက်ဘက် သုံးမိုင်ခန့်အကွာ ကျွန်တော်တို့ မြန်မာ့ရေပိုင်နက်အတွင်း ငါးမိုင်ခန့်အကွာမှာ ဖမ်းဆီးရမိခဲ့ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား သည်။
    ဆက်လက်၍ ဗိုလ်ချုပ် ဇော်မင်းထွန်းက "ဒီဖြစ်စဉ်မှာ ပထမဆုံး ပြောကြားချင်တာကတော့ ပြည်ဖျက်မီဒီယာများ ရေးသားနေသလို နံပါတ် (၁) မြန်မာ့တပ်မတော်‌ (ရေ)က ထိုင်းနိုင်ငံ ရေပြင်ထဲ ဝင်ရောက်ပြီး ဖမ်းဆီးခဲ့တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရေ ပိုင်နက်အတွင်းမှာ ဝင်ရောက်ပြီး ငါးဖမ်းနေတဲ့ ထိုင်းငါးဖမ်းစက်လှေတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ပြောချင်ပါတယ်။ နံပါတ်(၂)ကတော့ ထိခိုက်သေဆုံးမှုများ မရှိခဲ့ပါဘူး"ဟု ပြောကြားသည်။
    "ကျွန်တော်တို့အနေနဲ့ ထိုင်းနိုင်ငံဘက်ကို တရားဝင် အကြောင်းကြားထားပြီး ဖြစ်ပါတယ်။ သူတို့နဲ့အတူ လက်နက်ခဲယမ်းမဟုတ်တဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွှယ်နေတဲ့ ပစ္စည်းများတွေ့ရှိ ရတဲ့အတွက် စစ်ဆေးလျက်ရှိပါတယ်။ ဖမ်းဆီးရမိတဲ့ မြန်မာအမျိုးသား ၂၇ ဦး၊ ထိုင်းအမျိုးသား လေး ဦးတို့သည်လည်း ကောင်းမွန်စွာရှိနေကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေရာမှာ ပြောကြားလိုတာကတော့ ပြည်ဖျက်မီဒီယာများတချို့ အွန်လိုင်းကနေ လှုံ့ဆော်နေတဲ့ သူများအနေနဲ့ ဒါထိုင်း-မြန်မာနှစ်နိုင်ငံ အထင်အမြင်လွဲစေရေး ဦးတည်ဆောင်ရွက်နေတာတွေတွေ့ရကြောင်း ပြော လိုပါတယ်။ ထိုင်းနဲ့ မြန်မာတို့က အိမ်နီးနား ချင်းနိုင်ငံများ ဖြစ်ပါတယ်။ အစိုးရချင်းရော၊ တပ်မတော် ချင်းရော ကောင်းမွန်တဲ့ အဆက်မပြတ်တဲ့ ဆက်သွယ်ဆောင်ရွက်မှုများရှိကြောင်း ပြောကြားလိုပါ တယ်" ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
    မြန်မာ့တပ်မတော်(ရေ)မှ ဖမ်းမိထားသည့် ထိုင်းငါးဖမ်းလှေတွင် ပါရှိသူများအား ကနဦးစစ်ဆေးချက်အရ အဆိုပါ ငါးဖမ်းလှေသည် ထိုင်းနိုင်ငံ ရနောင်းမြို့နယ်ရှိ ထိုင်းနိုင်ငံသားတစ်ဦး ပိုင်ဆိုင်ခြင်း ဖြစ်ပြီး ရနောင်းဆိပ်ကမ်းမှ နိုဝင်ဘာလ ၂၉ ရက် ညနေ ၃ နာရီတွင် ထိုင်းနိုင်ငံမှ ထွက်ခွာခဲ့ကာ မြန်မာ့ရေပိုင်နက်အတွင်းသို့ ည ၉ နာ ရီတွင်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လုပ်ခလစာအနေဖြင့် ထိုင်းနိုင်ငံသား တစ်ဦးအတွက် လုပ်ခ ဘတ် ၁၅၀၀၀ နှင့် မြန်မာနိုင်ငံသားတစ်ဦးအတွက် လုပ်ခ ဘတ် ၁၂၀၀၀ ပေးကာ ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 163

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43710

© 2022 - 2025 News. All Rights Reserved.