နေပြည်တော်၊ ဒီဇင်ဘာ ၃
'ဝ'နှင့် ထိုင်းစစ်တပ် စစ်ရေးတင်း မာနေသည့် မြန်မာ-ထိုင်း အငြင်းပွားဧရိယာကိစ္စကို အခြေပြု၍ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို စီးပွားရေးအရ တင်းမာ၍မရသည့် အနေအထားရှိကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ၊ စီးပွားရေးလုပ်ငန်းရှင် ဦးရန်လင်းကျော်က ပြောသည်။
"ထိုင်းဝန်ကြီးချုပ် အသစ်မပြောင်းခင်ကတည်းက ရွှေ့ပြောင်းအလုပ်သမားကိစ္စတွေက ထိုင်းဘက်မှာ စနေပြီ။ တစ်ခါတလေ ကျတော့လည်း ကျွန်တော်တို့ မဝေဖန်တာ ကောင်းတယ်။ အပြုသဘောဆောင်တဲ့ ကိစ္စလေးတွေ ဖြစ်လာမှာပါ။ ထိုင်းသည် ကျွန်တော်တို့ကို ဘယ်လိုပဲဖြစ်ဖြစ် တင်းမာလို့မရတဲ့အနေအထား။ သူ့နယ်စပ်ပေါက် ပိတ်လိုက်တာနဲ့ သူ့ဘက်ကလူတွေ ခွေခေါက်သွားတာပဲလေ။ ကိုယ်တွေလည်း ခွေခေါက်သွားတာပဲ။ နှစ်ဖက်လုံးက စီးပွားရေးလုပ်နေတာလေ။ သူ့ဘာသာ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ ဘယ်နိုင်ငံနဲ့ဘယ်လောက်လုပ် တယ်ပဲပြောပြော အိမ်နီးချင်းဖြစ်တဲ့ မြန်မာကတော့ သူတို့အတွက် အထောက်အပံ့ ဖြစ်လား၊ မဖြစ်လား သူတို့အသိဆုံးပဲ။ ကောင်းဖို့ဖြစ်လာတာပါ"ဟု ၎င်းကပြောသည်။
အဆိုပါ အငြင်းပွားဧရိယာကိစ္စ ကိုအခြေပြု၍ စီးပွားရေးအရ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ခြင်းမရှိနိုင်ကြောင်း၊ ကုန်သွယ်မှုအရ ထိုင်းဘက်က အကျိုးအမြတ်များ ရရှိနေကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) အတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းက ပြောသည်။
"တကယ်တမ်းတော့ ယိုးဒယားက စီးပွားရေးနဲ့ပတ်သက်လို့ နယ်စပ်ဂိတ်တွေ ပိတ်တာတို့၊ ကုန်သွယ်မှု ပိတ်တာတို့ဆိုရင် ကုန်ဈေးနှုန်း ကမောက်ကမတော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ လက်ရှိမှာ တာချီလိတ်ဘက်က ဘာမှမဖြစ်ဘူး။ ပိတ်နိုင်စရာက တာချီလိတ် ဖြစ်ကောင်းဖြစ်နိုင်မယ်။ ဒါပေမဲ့ ကရင်ပြည်နယ်၊ မြဝတီတို့ အစရှိသဖြင့် မပိတ်လောက်ဘူး။ ဘုရားသုံးဆူလည်း ရှိနေမယ်။ တကယ်တမ်း ကုန်သွယ်မှုကိုကြည့်ရင် မြန်မာပြည်ဘက်က ပို့ကုန်နဲ့ ဟိုဘက်သွင်းကုန်နဲ့က သွင်းကုန်ကပိုများတယ်။ အကျိုးအမြတ်က ယိုးဒယားဘက်က များတယ်။ ဒီပြဿနာက နယ်စပ်ဂိတ်တွေ ပိတ်လောက်တဲ့အထိတော့ မဖြစ်လောက်ဘူး"ဟု ၎င်းက ပြောသည်။
မြန်မာ-ထိုင်း နယ်စပ်တွင်ရှိသည့် အငြင်းပွားဧရိယာအတွင်းက နေရာကိုးခု ခန့်၏ 'ဝ'အဖွဲ့ UWSA ရဲ့ စခန်းများကို ဒီဇင်ဘာ ၁၈ ရက်တွင် ရုပ်သိမ်းပေးရန် ထိုင်းအာဏာပိုင်များက ပြောကြားထားပြီး ထိုင်းစစ်တပ်နှင့် 'ဝ'အဖွဲ့တို့ စစ်ရေးတင်းမာလျက်ရှိကြောင်း သိရသည်။
လတ်တလောဖြစ်စဉ်အရ မြန်မာနှင့်ထိုင်း နယ်စပ်စည်းမျဉ်းကိစ္စကို ပြဿနာပုံစံ ဖော်ဆောင်ထားသည့် 'ဝ'အနေဖြင့် လက်ရှိတည်ဆဲ မြန်မာအစိုးရကို ရင်ချင်းအပ်ရတော့မည့် အနေအထားဖြစ်ကြောင်း ဦးရန်လင်းကျော်က သုံးသပ်ပြောဆိုသည်။
"အမှန်အတိုင်းပြောရရင်တော့ ဂျိုကာရတဲ့သူ နိုင်တာပေါ့။ 'ဝ'က နိုင်ငံတစ် နိုင်ငံရဲ့စစ်အင်အားနဲ့ သူ့အင်အားနဲ့ ယှဉ်မယ်ဆိုရင် ယှဉ်လို့မရဘူးလေ။ အဲဒီအခြေအနေမျိုး ဖန်တီးလာခဲ့ရင် သူက နစကကို ပြေးကပ်ရတော့မှာလေ။ သူတို့အနေနဲ့ သိရမှာက လက်ရှိတည်ဆဲ အစိုးရအပေါ်မှာ ဒါက အကုန်လုံး မူတည်တယ်။ ဒါကို 'ဝ'မှ မဟုတ်ဘူး။ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတိုင်းက သင်ခန်းစာယူရမှာ။ တကယ်တကယ့်ဖြစ်လာရင် ရှင်းရမှာ။ သူက စစ်မျက်နှာနှစ်ခုဖွင့်သလို ဖြစ်သွားမှာပေါ့။ ကျိန်းသေတာကတော့ ဒီဘက်အခြမ်းကိုသူက Request လုပ်ရင်လုပ်၊ မလုပ်ရင် ဘာလုပ်မှာလဲ။ ဒီဘက်အခြမ်းကလည်း ပြန်ကြည့်မယ်။ နယ်စပ်မျဉ်းသည် ငါပိုင်သလား၊ မင်းပိုင်သလား၊ ပြည်မကြီး ပိုင်တာလား၊ ပြည်နယ်ပိုင်တာလား။ ပြေလည်သွားနိုင်တဲ့ အနေအထားရှိပါတယ်။ ပြေလည်ဖို့အတွက်က အပေးအယူတော့ ရှိမယ်။ ဒီဘက်ကလည်း ညီအစ်ကိုမောင်နှမမတည့်လို့ စည်းလုံးညီညွတ်မှု ပြိုကွဲနေသည့်တိုင်အောင် တကယ့်တကယ် နယ်နိမိတ်ဆိုတဲ့စကား ထိပါးလာပြီ ဆိုရင်တော့ ဘယ်လို လုပ်ကြမလဲ။ ဒီအချိန်မှာတော့ ရင်ချင်းအပ်ရမယ့် အချိန်ပဲ။ နစကဘက်ကလည်း မထုတ်ပြန်တာက 'ဝ'နဲ့ ညှိနှိုင်းနေလို့လား၊ ဘယ်လိုပုံစံနဲ့ ဖြေရှင်းဖို့အတွက်လဲ။ အချိန်မတန်သေးလို့ မထုတ်ပြန်သေးတာလား ဒါလည်းရှိမယ်။ တစ်ဖက်က ကြည့်ရင်တော့ နိုင်ငံ့အရေးပေါ့ဗျာ။ နယ်နိမိတ်ပိုင်ဆိုင်မှုက မြန်မာပြည်ကပဲ ပိုင်ပိုင်၊ 'ဝ'ပဲပိုင်ပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်လို့ ပြောတဲ့အတွက် လက်ရှိတည် ဆဲအစိုးရကတော့ ဒီကိစ္စကို ပါချင်ချင်၊ မပါချင်ချင် ဖြေရှင်းရမယ့်ကိစ္စ ဖြစ်လာတယ်။ ဖိအားလား၊ နိုင်ငံရေးကစားတာလား။ စဉ်းစားရမယ်။ ပြေလည်သွားမှာပါ။ ဟိုဘက်အခြမ်းကဖြစ်လာ တဲ့ပြဿနာကို ဒီဘက်အခြမ်းကိုကပ်အောင် တွန်းပို့ပေးလိုက်တာ။ ကျွန်တော်တို့က အကောင်းပဲမြင်ပါ တယ်။ ပြည်တွင်းရေး ပြဿနာမဟုတ်တော့ဘူး။ ပြည်ပနဲ့ဆိုင်လာပြီ ဘယ်လောက်ပဲ မတည့် ကြဖြစ်နေပါစေ။ ဒီအချိန်မှာတော့ ရင်ချင်းအပ်ရမယ်"ဟု ၎င်းကပြောသည်။
ထိုင်းနိုင်ငံအနေဖြင့် 'ဝ'ကိုဖိအားပေး နောက်ဆုတ်ခိုင်းနေခြင်းမှာ နောက်ကွယ်မှ နိုင်ငံကြီးများ၏ ကြိုးကိုင်ကစားကွက် ဖော်နေခြင်းလည်း ဖြစ်နိုင်ကြောင်း စောခွန်ကျော်ဝင်းက သုံးသပ်ပြောဆိုသည်။
"နယ်မြေအနေအထားအရရော၊ မီဒီယာတွေမှာ ဖော်ပြနေတဲ့ အနေအထားအရရော အဲဒီနယ်မြေက မြန်မာအစိုးရနဲ့ ထိုင်းအစိုးရ ဟိုးယခင်ကတည်းက သူ့နေရာ၊ ကိုယ့်နေရာဆိုတာ တိုင်းတာလို့မပြီးတဲ့ နေရာဖြစ်တယ်။ နဂိုကတည်းက မရှင်းမလင်း ဖြစ်တဲ့နေရာမျိုး ဖြစ်တယ်။ 'ဝ'က အဲဒီမှာ စခန်းတွေ သွားထိုင်တာလည်း နှစ်ပေါင်းကြာပြီ။ နောက်တစ်ခုက နိုင်ငံရေးအရ 'ဝ'နဲ့ နစကအစိုးရ ပြဿနာကြီးကြီးမားမားမရှိ ဘူးလို့ထင်တယ်။ စစ်မျက်နှာဆိုတာကို ကျွန်တော်မြင်တာကတော့ နစကအစိုးရနဲ့ 'ဝ'နဲ့ နယ်မြေကိစ္စ ထိပ်တိုက်ဖြစ်ပွားတာ မရှိသေးဘူး။ မြောက်ပိုင်းမဟာမိတ်တော့ ရှိတယ်။ သူ့အနေနဲ့ တိုက်ပွဲမှာ တရားဝင်ပါလာတာ မျိုးတော့ သိပ်မတွေ့ရဘူး။ သွယ်ဝိုက်သော နည်းနဲ့ ပါကောင်းပါနိုင်တယ်။ ထိပ်တိုက်တော့ မရှိသေးဘူး။ ထိုင်းဘက်က သူ့နယ်မြေလို့ပြောပေမယ့် ဒီနယ်မြေကိစ္စဆိုတာ အစိုးရချင်း စကားပြောရမယ့်ကိစ္စ ဖြစ်တယ်။ ထိုင်းက ဖိအားပေးနေပေမယ့် တကယ်တမ်း စကားပြောရမှာက နစကအစိုးရနဲ့ ပြောရမယ်ဆိုရင် တပ်မတော်အနေနဲ့ကတော့ ကိုယ့် တိုင်းပြည်အတွက် ကာကွယ်မှုလုပ်မှာပဲ။ သူနဲ့တိုက်ရိုက် မပတ်သက်သေးလို့ ဒီအတိုင်း အသာလေး ထားတဲ့ ပုံစံလည်း ဖြစ်နိုင်တယ်။ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ထားဝယ် အဲဒီနယ်စပ်တွေမှာက လက်နက်ကိုင်တွေက ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း အဆင်ပြေသလို ကူးလူးဆက်ဆံလို့ရ တယ်လေ။ အရောင်းအဝယ်ဖြစ်ဖြစ်၊ လက်နက်မှောင် ခိုဖြစ်ဖြစ် အဆင်ပြေသလိုလုပ် နေကြတာ။ နှစ်ပေါင်းများစွာ ကြာပြီ။ နယ်စပ်ကိုခွထိုင်တဲ့အခါ အဲဒီပြဿနာတွေ ရှိတယ်။ အခု ပြဿနာမှာလည်း နစကအစိုးရနဲ့ တရုတ်နဲ့ ဘာတွေဆွေးနွေးထားလဲ ကျွန်တော်တို့ မမြင်နိုင်ဘူး"ဟု ၎င်းကပြောသည်။
'ဝ'အဖွဲ့ကို ထိုင်းစစ်တပ်က အငြင်းပွားဧရိယာအတွင်းရှိနေသည့် စခန်းများ ဖယ်ရှားခိုင်းနေချိန်တွင် ထိုင်းနိုင်ငံခြား ရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် နေပြည်တော်ကို ရောက်ရှိလာကာ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြ ထားသည်။
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်အား နိုဝင်ဘာ ၂၇ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံစဉ် မြန်မာနှင့် ထိုင်းတို့အကြား ရှိရင်းစွဲ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့် တင်ရေးကိစ္စများအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြထားသည်။ ကွန်းဈာန်