၂၀၂၃ စက်တင်ဘာ ၂၀
နိုင်ငံရေးပါတီများမှ တင်ပြထားသည့် ပါတီဝင်အင်အားစာရင်းများတွင် ဥပဒေနှင့်အညီ နေထိုင်သူစာရင်း၌ မရှိသူများ၊ အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ် အမှတ်တူသူများ၊ နေရပ်လိပ်စာ ပြည့်စုံမှုမရှိသည့် ပါတီဝင်များ ပါဝင်နေခြင်းအပြင် ဝန်ထမ်းများပါဝင်နေသည်ကို တွေ့ရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးစိုးဦးက ပြောကြားလိုက်သည်။
UEC မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ ပေးပို့တင်ပြလာသည့် သတ် မှတ်ပါတီဝင် အင်အားစာရင်းများ မှန်ကန်မှု ရှိမရှိ၊ မြေပြင်တွင် အမှန်တကယ် နေထိုင်ခြင်းရှိမရှိတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဦးစီးဌာနများနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ စိစစ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို စက်တင်ဘာ ၁၈ ရက်က ပဲခူးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီတို့မှ တိုင်းဒေသကြီးအဆင့် ပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ စုစုပေါင်း ၁၈ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် UEC အဖွဲ့ဝင်ဦးစိုးဦးက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ (စ)အရ မှတ်ပုံတင် ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀၀၀ ကို လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ကိုလည်းကောင်း စည်းရုံးရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၃(က)အရ မိမိတို့ ပါတီစည်းရုံးရရှိထားသည့် သတ်မှတ်ပါတီဝင် ဦးရေပြည့်မီသော အင်အားစာရင်းကို မြို့နယ် အလိုက်စုစည်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ(ဇ) နှစ်စုံ ဖြင့် ပြုစုတင်ပြရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့အပြင် အဆိုပါ အစည်းအဝေးသို့ တက်ရောက်လာသည့် ပါတီလေးခုမှ သတ်မှတ်ကာလ အတွင်း ပေးပို့လာသည့် ပါတီဝင်အင်အားစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က CVLMS Software ဖြင့် စစ်ဆေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ပေးပို့၍ အချက်အလက်များ မှန်ကန်မှုရှိမရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာ မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက Admin DEO Software ဖြင့် စစ်ဆေးခြင်း၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ပါတီဝင်စာ ရင်းတွင် ဥပဒေနှင့်အညီ နေထိုင်သူစာရင်း၌ မရှိသူများ၊ အမည်နှင့် နိုင်ငံသားစိစစ်ရေး ကတ်အမှတ်တူသူများ၊ နိုင်ငံသားစိစစ်ရေး ကတ်အမှတ်သာ တူသူများ အစရှိသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ပါတီဝင်အင်အားများ ပါဝင်နေသည့်အပြင် ဝန်ထမ်းများပါဝင်နေခြင်း၊ နေရပ်လိပ်စာ ပြည့်စုံမှုမရှိသည့် ပါတီဝင်များပါဝင်နေခြင်း တို့ကိုတွေ့ရကြောင်း UEC အဖွဲ့ဝင်ဦးစိုးဦးက ထည့်သွင်းပြောကြားခဲ့သည်။
ထို့ကြောင့် နိုင်ငံရေးပါတီများမှ တင်ပြထားသည့် သတ်မှတ်ပါတီဝင် အင်အားစာရင်းများ မှန်ကန်မှုရှိမရှိ၊ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်း ရှိမရှိတို့ကို သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ ပူးပေါင်း၍ စိစစ်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည် ဖြစ်သဖြင့် သက်ဆိုင်ရာပါတီ အသီးသီး၏ မြို့နယ်တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦးက ထည့်သွင်းပြောကြားခဲ့သည်။