နေပြည်တော်၊ စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ် ပအိုဝ်းဒေသ မဲနယ်တောင်တွင် ရေကြီးရေလျှံမှုကြောင့် ပြေပြိုခြင်းနှင့်အတူ လူနေအိမ်ခြေများ ပျက်စီးဆုံးရှုံးခဲ့ရပြီး သေဆုံးသူများလည်းရှိကြောင်း ဒေသခံတချို့၏ ပြောကြားချက်အရ သိရသည်။
လူနေအိမ်ခြေ ပျက်စီးဆုံးရှုံးမှုများပြားသည့် ဒေသများမှာ လွယ်လင်မြို့နယ်၊ ဟိုပုံးမြို့ နယ်တို့ဖြစ်ပြီး ရေကြီးနစ်မြုပ်သည့် ဒဏ်ခံရသည်မှာ ဟိုပုံး၊ ဆီဆိုင်၊ အနောက် ညောင်ရွှေ၊ အင်းလေးဒေသတို့ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ PNO အတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်း ကပြောသည်။
"ဟိုပုံးမြို့နယ် မဲနယ်တောင်တန်း မှာတော့ အဲဒီမှာရှိတဲ့ လျှိုတွေအားလုံးက တံတားတွေ ပျက်သွားတယ်။ မြေပြိုတာရှိတယ်။ ရေထဲမှာ အိမ်တွေပါသွားတာရှိတယ်။ လွယ်လင်၊ ပင်လုံ ဘက်လည်း အဲဒီလိုပဲ။ ပင်လုံဘက်က ရွာတစ်ရွာကတော့ တောင်စောင်းမှာ တစ်ရွာလုံးနီးပါး ပြိုကျ သွားတာရှိတယ်။ လောလောဆယ် ဒေသသ တင်းအရ လူဦးရေ ၂၀ လောက် သေဆုံးမှုရှိတယ်။ Update တော့ မရသေးဘူး။ ဟိုပုံး-မဲနယ်တောင် တောင်ကြောထဲက ရွာတစ်ရွာကတော့ ရေမြုပ်သွားတယ်။ မြေကြီး တွေပါ မြုပ်သွားတယ်။ ဆီဆိုင်၊ ပင်လောင်း ဘက်အခြမ်းက ရေကြီးတာပဲ။ ရေကြီးတယ် ဆိုတာ နေအိမ်တွေတော့ မြုပ်သွားတယ်။ အရင်တစ်ခေါက် မြုပ်တယ်။ အခုတစ်ခါ ထပ်မြုပ်တော့ စပါးစိုက်တောင်သူတွေကတော့ တော်တော်လေး အခက်အခဲဖြစ်မယ်။ ရေဘေးကျရောက်တဲ့ရွာတွေကို အားလုံးသွားလာလို့ မရသေးဘူး။ အကူအညီတွေ လိုအပ်နေတယ်။ ဖြစ်တဲ့ရွာတွေကို ကားနဲ့သွားလို့မရဘူး။ ခြေလျင်ပဲသွားလို့ရတယ်။ စားရေးသောက်ရေး မပြတ်တောက်သွားဖို့ ဦးစားပေးလုပ် ပေးရမယ်။ လူနေအိမ်ခြေ ပျက်တာ များတာကတော့ လွယ်လင်မြို့နယ်ရယ်၊ ဟိုပုံးမြို့နယ်ရယ်က များတယ်။ တောင် ကြီးလည်းရှိတယ်။ အဲဒီလောက်တော့ မများဘူး။ ရေမြုပ်တာကတော့ ဟိုပုံးရယ်။ ဆီဆိုင်ရယ်၊ အနောက်ညောင်ရွှေ၊ အင်းလေးဘက်က ရေမြုပ်တယ်။ စပါးတွေ အများကြီးမြုပ် တယ်။ လွယ်လင်၊ ဟိုပုံးကျတော့ ပျက်စီးပြိုကျသွားတာ။ လူတွေအသက်သေဆုံးမှုရှိတဲ့ နေရာတွေပါ။ ညောင်ရွှေမှာ လူတွေရေထဲ ပါသွားတာရှိတယ်။ သတင်းအတိအကျ မရသေးဘူး။ စိုက်ပျိုးဧရိယာကတော့ တော် တော်များများ ရေမြုပ်ကုန်တယ်။ အခုလောလောဆယ် အားလုံးတော့ ခက်ခဲနေကြတယ်။ တတ်နိုင်တဲ့ပုဂ္ဂိုလ်တွေ ဝိုင်းဝန်းကူညီ စေချင်တယ်"ဟု ၎င်းကပြောသည်။
အလားတူ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ဟိုပုံးမြို့နှင့် ဆီဆိုင်မြို့အကြား ပုန်းအင်းဒေသရှိ ရွာပေါင်း ၂၅ ရွာ ကျော်နှင့် အိမ်ခြေ ၁၂၀၀ ကျော် ရေနစ်မြုပ်နေသဖြင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ပအိုဝ်းဒေသ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့နှင့် ချိတ်ဆက် ဆောင်ရွက်နေသူ တစ်ဦးကပြောသည်။
"လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိပါတယ်။ အလွယ်တကူသွားလာလို့မရဘူး။ အိမ်တွေ နစ်မြုပ်သွားတဲ့အတွက် ကုန်းမြင့်နေရာတွေမှာ ယာယီပြောင်းရွှေ့နေကြပါတယ်"ဟု ၎င်းကပြောသည်။
ရေရှည်ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ငွေကြေးတတ်နိုင်သူများ ပူးပေါင်းဆောင်ရွက်မှသာလျှင် အဆင်ပြေနိုင်မည်ဖြစ်ပြီး လမ်းတံတားများ ပျက်စီးမှုကို နိုင်ငံတော်အနေဖြင့်လည်း အမြန်ဆုံး ဆောင်ရွက်စေချင်ကြောင်း ဒေသခံများက ပြောသည်။ ကွန်းဈာန်