၂၀၂၃ အောက်တိုဘာ ၁၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ၂၀၂၃-၂၄ ဘဏ္ဍာရေး နှစ် ဒုတိယခြောက်လပတ်အတွက် ပို့ကုန်ကို အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅ ဘီလီယံ၊ သွင်းကုန်ကို ၁၆ ဘီလီယံ စုစုပေါင်းကုန် သွယ်မှုပမာဏ ၃၂ ဒသမ ၅ ဘီလီယံ လျာထားကြောင်းနှင့် သွင်းကုန်ထက် ပို့ကုန်ပမာ ဏတိုးတက်စေလိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံကပြောသည်။
"စုစုပေါင်းကုန်သွယ်မှုပမာဏ ၃၂ ဒသမ ၅ ဘီလီယံ လျာထားပါတယ်။ သွင်းကုန်ထက် ပို့ကုန်ပမာဏ တိုးတက်စေ လိုပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ ပို့ကုန် တိုးမြှင့်ရေးအတွက် ကြိုးစားဆောင်ရွက်စေ လိုပါတယ်။ ဆန်၊ ပဲအမျိုးမျိုး အပါအဝင်အခြားသော ပို့ကုန်ပစ္စည်းတွေကို ပို့ကုန်မြှင့်တင်ရေး လျာထားချက်ထက် ပြည့်မီကျော် လွန်အောင်ဆောင်ရွက်ဖို့ တိုက်တွန်းပြော ကြားလိုပါတယ်။၊ ပို့ကုန်တင်ပို့ရာမှာ ပို့ကုန် လုပ်ငန်းရှင်တွေအတွက် ထိုက်သင့်တဲ့အကျိုး ရှိအောင် လိုအပ်သလို ပြည်တွင်းစားသုံးမှု ဖူလုံအောင်လည်း ချိန်ဆပြီးဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊ ပို့ကုန်တင်ပို့မှုနဲ့စပ်လျဉ်းပြီး အခက်အခဲများတွေ့ရှိရင်လည်း ညှိနှိုင်းဆောင် ရွက်ပေးမှာဖြစ်ပါတယ်"ဟု ၎င်းကပြော သည်။
၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ် ဒုတိယ ခြောက်လပတ်အတွက် ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို အောက် တိုဘာလ ၁၆ ရက်က ကုန်သည်စက်မှုအသင်း ချုပ်၌ပြုလုပ်ခဲ့ရာ ပို့ကုန်၊ သွင်းကုန်လုပ်ငန်း ရှင် ၁၄၀ ခန့် တက်ရောက်ခဲ့ပြီး စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်း အုံက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက "ပို့ကုန်တိုးမြှင့်ရေးမှာ ဝန်ကြီးဌာန၊ ဆက်စပ်ဌာနများနဲ့ ကုန်သည်လုပ် ငန်းရှင်များအနေနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ပထမခြောက်လတာ ကာလမှာ ပို့ကုန်တင်ပို့မှု ၄၆ ရာခိုင်နှုန်းသာ တင်ပို့ထားနိုင်မှုအတွက် နောက်ပိုင်းကာလတွေမှာ ယခုထက် ပိုမို တင်ပို့သွားနိုင်ဖို့ နည်းလမ်းရှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟုပြောသည်။
၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် (ဧပြီလမှ စက်တင်ဘာလ အထိ) ပို့ကုန်တင်ပို့မှုသည် ၄၆ ရာခိုင်နှုန်း၊ သွင်းကုန်တင်သွင်းမှုသည် ၅၃ ရာခိုင်နှုန်းရှိခဲ့ပြီး ပို့ကုန်သည် သွင်းကုန်ထက် အနည်း ငယ်လျော့နည်းလျက်ရှိကြောင်း သိရသည်။
ယခင်ဘဏ္ဍာနှစ် ပထမခြောက် လပတ်ထက် နှိုင်းယှဉ်ကြည့်လျှင်လည်း တစ်ဘီလီယံခန့် လျော့နည်းလျက်ရှိပြီး ဆန်၊ ဆန်ကွဲ၊ ပဲတီစိမ်း၊ နှမ်းမျိုးစုံ၊ ရော်ဘာ၊ ချုပ် ပြီးအထည်တို့တွင် ပို့ကုန်တင်ပို့မှု အနည်း ငယ် လျော့နည်းခဲ့ခြင်းမှာ ပြည်ပဝယ်လက် များ၏ မှာယူမှုနည်းခြင်း၊ နိုင်ငံခြားငွေလဲ လှယ်မှုနှုန်း၊ တရားမဝင် ကုန်သွယ်မှုတို့ ကြောင့်လည်း အဆိုပါ အခြေအနေသို့ ရောက်ရှိခြင်းဖြစ်ကြောင်း သိရသည်။