ဒရက်ဂွန်ဘဲလ် ပရောဂျက်

၂၀၂၅ ၊ ဇွန် ၁၉

လှန်ရေးကြီးပြီးရင် မင်းကွန်း ခေါင်းလောင်းကြီးကို လွတ်လပ်ရေးခေါင်းလောင်းကြီး လုပ်မည်ဟု ရဲရဲတောက် မင်းသားလိုလို၊ မော်ဒယ်လိုလို လူတစ်ယောက်က ဖေ့စ်ဘုတ်ပေါ်မှာ တင်လိုက်တော့ ဝိုင်းရယ်တာ ခံလိုက်ရသည်။ အမေရိကန်နိုင်ငံက Liberty bell  ဆိုတာကြီးကို အားကျပြီး တော်လှန်ရေးပြီးရင် မင်းကွန်းခေါင်းလောင်းကြီးကို လွတ်လပ်ရေးခေါင်းလောင်းကြီးအဖြစ် သတ်မှတ်ပြီး အားရပါးရတီးကြမည်ဟု ရေးထားတာဖြစ်သည်။ တော်လှန်ရေးကြီးပြီးတာနဲ့ မင်းကွန်းခေါင်းလောင်းကြီးကတော့ အတီးခံရမှာ မြင်ယောင်သေးသည်။ ထုနဲ့ထည်နဲ့ ခေါင်းလောင်းကြီးကို တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဝိုင်းတီးကြပြီး လွတ်လပ်ရေးခေါင်းလောင်းအဖြစ် သတ်မှတ်ကြောင်းကြေညာ ပြည်သူတွေက လက်ခုပ် ဝိုင်းတီးကြ အတော်လေးတော့ ပျော်စရာကောင်းမည် ထင်သည်။ ခုကတည်းက ခေါင်းလောင်းတီးနည်း လေ့ကျင့်ထားကြစေလိုသည်။ ဒါမှလည်း တော်လှန်ရေး ခေါင်းဆောင်ကြီးတွေနဲ့အတူ လွတ်လပ်ရေး ခေါင်းလောင်းကြီးကို အတူတကွ တီးနိုင်မှာ ဖြစ်သည်။ ချဲပေါက်မှ ခေါ်တီးမယ်လို့ ကြိမ်းဝါးထားသူများလည်း ချဲမပေါက်လည်း တော်လှန်ရေးကြီးပြီးရင် ခေါင်းလောင်းအဝတီးလို့ရသည်။
    ခေါင်းလောင်းဟု ဆိုလိုက်ရင်ဖြင့် နိုင်ငံအသီးသီးတွင် သူ့အဓိပ္ပာယ်နှင့်သူ သွန်းလုပ်ထားသော ခေါင်းလောင်းကြီးပေါင်းများစွာရှိသည်။ ဘာသာရေးအရသော်လည်းကောင်း၊ အထိမ်းအမှတ်တစ်ခုခု အရသော်လည်းကောင်း ထုလုပ်ထားသော ခေါင်းလောင်းပေါင်းများစွာ ရှိသည်။
    လက်ရှိတွင် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီးမှာ ရုရှားနိုင်ငံ မော်စကိုမြို့ ကရင်မလင်နန်းတော်ရှိ (Tsar Kolokol) ဆာကိုလိုကိုး ဖြစ်သည်။ ထို ခေါင်းလောင်းကြီးကို လက်မှုပညာရှင် ၂၀၀ ကျော် ကျော်ဖြင့် သွန်းလုပ်ထားခြင်းဖြစ်ကာ ၆ ဒသမ ၁၄မီတာ (သို့) ၂၀ ဒသမ ၁၄ ပေ မြင့်၍ ၆ ဒသမ ၆ မီတာ (သို့) ၂၁ ဒသမ ၆၅ ပေ အချင်းရှိသည်ဟု ဆိုသည်။ သွန်းလုပ်စဉ်က ပဲ့ထွက်သွားသဖြင့် ထိုအတိုင်း မပြုမပြင်ဘဲ ပြသထားပြီး ယနေ့ချိန်ထိတော့ သူ့ထက်ကြီးသော ခေါင်း လောင်းကြီးမရှိဘဲ အထင်ကရခေါင်းလောင်းကြီး ဖြစ် နေသည်။
    ခေါင်းလောင်းဆိုတာကလည်း ကြေးဖြင့်သွန်း လောင်းကြတာများတာကြောင့် ဟိုယခင် ကိုလိုနီခေတ်က တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကျူးကျော်ပြီး လက်နက်ခဲယမ်းလုပ်ဖို့ ယူဆောင်သွားခြင်း၊ စစ်နိုင်သည့် အထိမ်းအမှတ်ဖြင့် ယူသွားကြသည့် သမိုင်းအထောက်အထားများကလည်း ယနေ့ထက်တိုင် ရှိနေကြသည်။ ထိုသို့သော ခေါင်းလောင်းများအနက် ဖိလစ်ပိုင်နိုင်ငံ Balangiga မှာရှိသည့် ခရစ်ယာန်ဘုရားကျောင်းမှ အမေရိကန်တပ်ဖွဲ့များ လုယူသွားသည့် ခေါင်းလောင်းများကို နှစ်ပေါင်း ၁၁၇ နှစ်ကြာပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် အမေရိကန်က မူလပိုင်ရှင် ဖိလစ်ပိုင်နိုင်ငံကို ပြန်ပေးခဲ့သည်။ အမေရိကန်၏ ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ကြိုးစားရာတွင် ခေါင်းလောင်းများကို လွတ်လပ် ရေး၏သင်္ကေတအဖြစ် ဖိလစ်ပိုင်တို့က မှတ်ယူထားသည်ဟု ဆိုသည်။ ဒါကလည်း ထင်ရှားသော ခေါင်းလောင်းသမိုင်း တစ်ခုဖြစ်သည်။ မြန်မာ့သမိုင်းတွင်လည်း ခေါင်းလောင်းများ၏ အခန်းကဏ္ဍက အရေးပါလှသည်။ ကမ္ဘာ့တတိယ အကြီးဆုံး ခေါင်းလောင်းကြီးဖြစ်သည့် မင်းကွန်းခေါင်း လောင်းကြီးကို ယနေ့ထက်တိုင် မပျောက်မပျက် မြင်နေရသေးသည်။ ပထမအင်္ဂလိပ်-မြန်မာစစ် (ခရစ်နှစ် ၁၈၂၄-၂၆)တွင် အင်္ဂလိပ်တပ်တို့သည် ရွှေတိဂုံကုန်းတော်ကို တက်ရောက်သိမ်းပိုက်ပြီး စဉ့်ကူးမင်းခေါင်း လောင်းကြီးကို ယူဆောင်ရာမြစ်အတွင်း ပြုတ်ကျခဲ့ပြီး ၁၈၂၄ ခုနှစ်တွင် မြန်မာတို့ ပြန်လည်ဆယ်ယူ ထားကာ ယနေ့ထက်တိုင် ရွှေတိဂုံစေတီတော်ရင်ပြင်တွင် မြင်တွေ့နိုင်သည်။
    ခုလည်း တော်လှန်ရေးကြီးပြီးရင် လွတ်လပ်ရေးခေါင်းလောင်းကြီးတစ်လုံး ပေါ်ထွက်လာရေးအတွက် မောင်ထူးမြတ်တစ်ယောက် ဆန္ဒပြင်းပြနေသည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေကိုယ်တိုင် ခက်ခက်ခဲခဲ အမေရိကားကနေ တော်လှန်နေတာဆိုတော့ တော်လှန်ရေးကြီးပြီးရင် ပြီးပြီးရော တွေ့ကရာ ခေါင်းလောင်းတစ်လုံးကိုယူပြီး လွတ်လပ်ရေးခေါင်းလောင်း သတ်မှတ်ရင် ပေါ့ပျက်ပျက် နိုင်လှသည်။ ဒါကြောင့် ဟိုကောင် ဒီပရစ်တို ငဇင်ကာ ယူဆောင်သွားပြီး မြစ်သုံးခွဆုံရာတွင် နစ်မြုပ်သွားသော ဓမ္မစေတီခေါင်းလောင်းကြီးကို ပြန်ဖော်ပြီး လွတ်လပ်ရေးခေါင်းလောင်း လုပ်စေလိုသည်။ ဒါမှလည်း တော်လှန်ရေးခေါင်းဆောင်ကြီးတွေ မြန်မာ့လွတ်လပ်ရေးကို ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့တာ နှောင်းလူတွေ အသိအမှတ်ပြု လေးစားကြမည်ဖြစ်သည်။ သမိုင်းမှတ်တမ်းတွေအရ အငြင်းပွားမှုပေါင်းစုံရှိပြီး ဆယ်ယူရေး ကြိုးပမ်းသူတွေလည်း အကြောင်းအမျိုးမျိုးဖြင့် လက်လျှော့ခဲ့ပြီး ယနေ့ထက်တိုင် ရှာဖွေမရသော ခေါင်းလောင်းကြီးကို ဆယ်ယူကာ တော်လှန်ရေးခေါင်းလောင်း လုပ်ဖို့အကြံရတာ ဖြစ်သည်။
    ဒီလိုဆိုတော့ ဘတ်ဂျက် ဒေါ်လာလေးများလိုသည်။ ဒရက်ဂွန်ဖလိုင်းတို့လိုမျိုး၊ မမများနဲ့ ပွဲကမယ်တို့လိုမျိုး ပရောဂျက်လေးဆွဲပြီး အလှူခံရမည်။ ခေါင်းလောင်း ကြီးကလည်း နဂါးတွေ စောင့်ရှောက်တယ်ဆိုပြီး ဦးစံလင်းကြီး ခေါင်းလောင်းရှာစဉ်က နွားနို့နဲ့ ပေါက်ပေါက်ဆုပ်တွေ ရောင်းကောင်း ခဲ့တာကြောင့် ဒရက်ဂွန်ဘဲလ် (Dragon bell) ပရောဂျက်ဟု အမည်ပေးမည်။ ဆယ်ယူရေးအတွက် သောင်တူးစက်တွေလိုသည်။ ပွဲတွေပေးရမည်။ ရေငုပ်သမားတွေ ငှားရမည်။ ဒေါ်လာသန်း ၂၀ လောက် ရရင်တော့ အဆင်ပြေနိုင်သည်။ ဒါကြောင့် တော်လှန်ရေးခေါင်းဆောင်ကြီးတွေရဲ့ အကူအညီလိုသည်။ ရာခိုင်နှုန်းလေးနဲ့ ဝိုင်းဝန်း အလှူခံပေးကြစေလိုသည်။ တော်လှန်ခေါင်းလောင်း ဒရက်ဂွန်ဘဲလ်ပရော ဂျက်လေးကို လှူကြဖို့၊ တန်းကြဖို့ တော်လှန်ဆရာကြီးတွေရဲ့ ဖေ့စ်ဘုတ်ကနေပြီး တိုက်တွန်း ပြောကြား ပေးစေလိုသည်။ ထူးမြတ်ကတော့ ဒေါ်လာလေးတွေ လက်ထဲရောက်ရင် လွတ်လပ်ရေးခေါင်းလောင်းကြီး ဆယ်ယူရေးအစီအစဉ် စတော့မှာ ဖြစ်သည်။ ဒီလိုဆိုရင် တော်လှန်ရေးကြီး ဘယ်တော့အောင်မှာလည်းဆိုပြီး အာချောင်နေတဲ့ သူတွေကို တဘောင်လေးနဲ့ ချေပလို့ ရသည်။ "ခေါင်းလောင်းယူဆောင် တော်လှန်ရေးလည်းအောင်"ဆိုတဲ့ တဘောင်ကို မီဒီယာတွေကနေ တစ်ဆင့်ဖွမည်။ လွတ်လပ်ရေး ခေါင်းလောင်းတီးချင်သူများ မောင်ထူးမြတ်ကို ဆက်သွယ်ပြီး ပရောဂျက် အလှူငွေများ စတင် လှူဒါန်း နိုင်ကြောင်း လောလောဆယ်တော့ ခေါင်းလောင်းအစား ကြေညာမောင်းခတ်လိုက်ရပါသည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 18

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45481

© 2022 - 2025 News. All Rights Reserved.