၂၀၂၅ ၊ ဇွန် ၁၈
ပါတီစုံအထွေထွေရွေးကောက်ပွဲ အလားအလာ အပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေ အရပ်ရပ်တို့အပေါ် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ- SNDP (ကျားဖြူပါတီ) ဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းကျော်အုန်း၏ အမြင်သဘောထားများကို ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။ ကျင်းပဖို့ရှိတဲ့ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန် အလားအလာ ဘယ်လိုရှုမြင်သုံး သပ်လိုပါလဲ။
Dr.SKO ။ ။ ရွေးကောက်ပွဲက သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်က ပြောထားတာ မြို့နယ် ၂၆၇ မြို့နယ်မှာ လုပ်ဖို့လျာထားတယ်။ ကျင်းပပေးမယ်ဆိုတော့ ကောင်းပါတယ်။ ကျင်းပပေးမယ်လို့လည်း ကတိပေးထားတာကိုး။ ရွေးကောက်ပွဲလုပ်မှပဲ ဒီမိုကရေစီ လမ်းပေါက်သွားမှာပါ။ ရွေးကောက်ပွဲရှိမှလည်း ဒီမိုကရေစီကို ရောက်နိုင်မှာပါ။ အလားအလာကတော့ ရာခိုင်နှုန်း ၅၀ ကျော်လောက်တော့ အောင်မြင်နိုင်မယ်လို့လည်း ထင်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေက တစ်မြို့နယ်ကို ဘယ်လောက်ဆိုတာမျိုး ကန့်သတ်ထားတာ မရှိဘူး။ ရှိသလောက်ပဲ၊ များတဲ့ဟာပဲ ယူသွားမှာပေါ့။ ကျင်းပလို့ ရပါတယ်။ ရွေးကောက်ပွဲ ဖြစ်လာပြီဆိုရင် အပြောင်းအလဲ ဖြစ်လာမှာပါ။ လက်ရှိက အာဏာထိန်း ထားတာထက်စာရင် ရွေးကောက်ပွဲကနေတက်လာတဲ့ အစိုးရဆိုရင် ပိုပြီးတော့ ကောင်းလာမှာပါ။ ကမ္ဘာ့အလယ်မှာလည်း ပိုပြီးတော့ အမြင်ကောင်းလာမှာပါ။ ရွေးကောက်ပွဲ အောင်မြင်ပြီဆိုရင် လွှတ်တော်ပေါ်လာမယ်၊ လွှတ်တော်ပေါ်လာပြီဆိုရင် လွှတ်တော်ထဲကပဲ လိုချင်တာ တွေ၊ ဥပဒေ ပြင်ဆင်တာတွေဖြစ်လာ၊ လုပ်နိုင်လာမှာပါ။လွှတ်တော်ထဲကပဲ ကိုယ်ဖြစ်ချင်တာတွေ လုပ်လို့ရမှာပါ။ လူထုအတွက်လည်း ပိုပြီးတော့ ကောင်းလာမယ့် အလားအလာတွေရှိတယ်။ အခုလို အာဏာထိန်းပြီး အုပ်ချုပ်တာထက်စာရင် ဒီမိုကရေစီအစိုးရက ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိလာမယ်လို့ ထင်ပါတယ်။ ဒါကြောင့် လူထုအတွက် အလားအလာကောင်းတွေ ဖြစ်လာမှာပါ။ ကောင်းတဲ့အပြောင်းအလဲတွေ ဖြစ်လာမှာပါ။ လက်ရှိ အခြေအနေကတော့ အစစအရာရာ ဆုတ်ယုတ်နေတာပေါ့ဗျာ။ ပညာရေး၊ ကျန်းမာရေး အကုန်လုံးပါပဲ။ လမ်းပန်း ဆက်သွယ်ရေး အကုန်ဆုတ်ယုတ်တာပဲ။ မြေငလျင်ဒဏ်ကိုပဲကြည့် တော်တော်ထိထားတာဆို တော်တော်ကို ပြန်ထူထောင်ရမှာ။ အခုအခြေအနေတွေကတော့ ဆုတ်ယုတ်နေတယ်။ အနုတ်လက္ခဏာ ပြနေတယ်။ မကောင်းဘူးပေါ့။ ဒီအတိုင်းကြီး ဆက်သွားနေရင် နိုင်ငံနဲ့ ပြည်သူလူထုက ပိုပြီးတော့ အကျိုးယုတ်ဖို့ပဲ ရှိတာပေါ့။ အကျပ်အတည်းကာလထဲ ရောက်နေတာပေါ့။ ဒါတွေကလည်း ရွေးကောက်ပွဲလုပ်ပြီးမှ ဒီမိုကရေစီအစိုးရ ပေါ်လာမှ၊ အစိုးရသစ်ပေါ်လာမှပဲ နိုင်ငံတော်က အကောင်းဘက်ကို ဦးတည်သွားမယ်။ ကောင်းတဲ့ဘက်ကိုလည်း မျှော်မှန်းနိုင်မှာပါ။ ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာပြီဆိုရင်တော့ နိုင်ငံတကာ အကူအညီတွေ များလာမှာပေါ့။ ပိတ်ဆို့မှုတွေ၊ Sanctions လုပ်ထားတာတွေ ပြန်ပြီးတော့ ရုပ်သိမ်းသွားမှာပေါ့။ နောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အကုန်လုံး လာကြမှာပါ။ အခုက သိပ်မရှိသေးဘူးလေ။ ထွက်သွားတာတွေလည်း ရှိတယ်။ ဒီမိုကရေ စီအစိုးရ ဖြစ်လာရင်တော့ အဲဒါတွေ မျှော်မှန်းလို့ရတာပေါ့။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေရော အကုန်လုံးပေါ့၊ Sanctions တွေလည်း ပြန်ရုပ်သိမ်းသွားမယ်၊ အဲဒီလိုမျိုး ပိုကောင်းသွားမှာပါ။

TREND ။ ။ ရွေးကောက်ပွဲစနစ်က အနိုင်ယူစနစ်(FPTP)နှင့် အချိုးကျ ကိုယ်စားပြုစနစ် (PR ) နှစ်မျိုးလုံး အသုံးပြုမယ်၊ ပြီးတော့ တိုင်းနဲ့ပြည်နယ်တွေမှာ ဦးစားပေး အစီအစဉ်အတိုင်း အပိုင်းလိုက် ကျင်းပသွားမယ်ဆိုတဲ့ ရွေးကောက်ပွဲအပေါ် အမြင်လေးသိပါရစေ။
Dr.SKO ။ ။ ဒီလိုပဲ လုပ်ရမှာပါ။ တစ်ရက်တည်း၊ တစ်နေ့တည်း အပြီးလုပ်ဖို့က အခြေအနေမပေး သေးဘူးလေ။ အပိုင်းလိုက်ပဲခွဲပြီး လုပ်ရမှာပါ။ ရွေးကောက်ပွဲစနစ်ကလည်း နှစ်မျိုးပေါင်းပြီး လုပ်မယ်။ PR လည်းလုပ်မယ်၊ FPTP လည်း လုပ်မယ်လို့ ကြားထားတယ်။ ဒါပေမဲ့ အတိအကျတော့ မသိရသေးဘူး။ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ ထုတ်လာမှပဲ အတိအကျ သိရမှာပါ။ နှစ်မျိုးလုံး သုံးမယ်ဆိုတော့ ကောင်းပါတယ်။ နှစ်မျိုးလုံးမှာလည်း အားသာချက်၊ အားနည်းချက် တွေတော့ ရှိမှာပါ။
PR မှာလည်း တချို့အားသာချက်တွေရှိတယ်။ PR က တိုင်းရင်းသားတွေအတွက် အားသာ ချက်ရှိတယ်။ အစည်းအဝေးတစ်ခု တက်ဖူးတယ်၊ အဲဒီမှာ နှိုင်းယှဉ်ပြတာပေါ့။ အရင်တုန်းက ၂၀၁၅ ရွေးကောက်ပွဲအခြေအနေနဲ့ နှိုင်းယှဉ်ပြတော့ အဲဒီတုန်းက ကျွန်တော်တို့ ရှမ်းပြည်ပါတီက တစ်နေရာပဲ နိုင်တယ်။ PR နဲ့ဆိုရင် ၁၃ နေရာလောက် နိုင်ခြေရှိတဲ့ အားသာချက်ရှိတာ တွေ့ရတယ်။ ကျန်တဲ့ ပါတီငယ်လေးတွေအတွက်လည်း အားသာချက်တွေ ရှိပါတယ်။ လွှတ်တော်မှာ ကိုယ်စားလှယ်ရရှိမှု၊ ပိုရရှိနိုင်တဲ့ အခွင့်အလမ်းများတယ်လို့ မြင်ပါတယ်။ FPTP ကျတော့ တစ်မဲသာနိုင်တယ်ဆိုတော့ ကျန်တဲ့မဲတွေက အလဟဿ ဖြစ်သွားတာ၊ နစ်နာတာပေါ့။ PR ကျတော့ မဲတွေကို အကုန်လုံးပေါင်းပြီးတော့ အချိုးကျဆိုတော့ တိုင်းရင်းသား ပါတီတွေအတွက် ကောင်းတာပေါ့။ အသုံးပြုမှာကလည်း မြန်မာအီလက်ထရောနစ် မဲပေးစက် အသုံးပြုမှာ။ စမ်းသပ်အသုံးပြု ဖူးသူတွေရဲ့ အတွေ့အကြုံအရကတော့ မဲပေးစက်နဲ့ မဲပေးတဲ့စနစ်ကလည်း တိကျတယ်ပြောတယ်။ မဲထပ်တာတွေမရှိဘူး။ တစ်နေရာမှာ လုပ်နေတယ်ဆိုရင် တခြားနေရာမှာ လုပ်လို့မရတော့ဘူး။ သူက တိကျတယ်ပြောတယ်။ ကောင်းပါတယ်။ မဲမသမာမှုတွေ မဖြစ်တော့ဘူး။
TREND ။ ။ နယ်မြေအခြေအနေအရ ရွေးကောက်ပွဲမကျင်းပနိုင်သေးတဲ့ မြို့နယ်တွေက ပါတီတွေ၊ မဲဆန္ဒရှင်ပြည်သူတွေအတွက် ဘယ်လိုစီမံပေးသင့်လဲ။
Dr.SKO ။ ။ နယ်မြေ အခြေအနေအရ ရွေးကောက်ပွဲမလုပ်နိုင်သေးတဲ့ မြို့နယ်အတွက်ကတော့ အဲဒီမြို့နယ်က လူထုမဲထည့်လို့ရအောင်က ဥပမာ သူတို့ထွက်ပြေးလာတဲ့ မြို့နယ်တွေမှာ လုပ်ပေးနိုင်ရင် အကောင်းဆုံးပါ။ နေရပ်စွန့်ခွာသူတွေကလေး၊ ငါးမြို့ လောက်ကနေ ပြေးလာကြတယ်ဆိုရင် သူတို့ရောက်လာတဲ့မြို့တွေမှာ မဲပုံးထောင်ပေးရင် ကောင်းမယ်။ ဒါပေမဲ့ အခက်အခဲကတော့ အများကြီးရှိနိုင်တယ်။ ပြေးလာတဲ့ မြို့နယ်က အများကြီးရှိတယ်။ တစ်မြို့တည်းကို ပြေးကြတာ မဟုတ်ဘူး။ သူတို့ဆွေမျိုးတွေရှိတဲ့ နေရာတွေကို သွားပြီးခိုလှုံကြမှာကိုး။ အဲဒါကြောင့် အခက်အခဲရှိနိုင်တယ်။ ဒါပေမဲ့ လုပ်ပေးနိုင်ရင် အကောင်းဆုံးပါ။ တစ်ခုရှိတာက ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ ထွက်လာဖို့ ရှိသေးတယ်။ ဥပဒေ၊ နည်းဥပဒေထွက်လာမှလည်း အဲဒီအပေါ်မူတည်ပြီးမှ လုပ်ရမှာကိုး။ မကြာမီ ထွက်တော့မယ်လို့ ထင်ပါတယ်။ ပြီးတော့လည်း ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေဆိုတာကလည်း ပါတီတွေအတွက် Guidelines လို့ ပြောရမှာပေါ့။ အဲဒီအတိုင်းပဲ လုပ်ရမှာကိုး။ အဲဒီ ဥပဒေ၊ နည်းဥပဒေအတိုင်းပဲ အကုန်လုံး တစ်သဝေမတိမ်းလုပ်ရမှာ။ မဲဆန္ဒနယ်မြေသတ်မှတ်တာရော၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေက အရေးကြီးပါတယ်။
TREND ။ ။ ရွေးကောက်ပွဲကို မလိုလားတာ၊ ဆန့်ကျင်နေကြတာ တချို့ ကြားရပါတယ်။ ဒီအပေါ် ဘာပြောချင်လဲ။
Dr.SKO ။ ။ ဒါကြောင့် ရွေးကောက်ပွဲကို အပိုင်းလိုက် လုပ်မယ်လို့ ပြောတာပေါ့။ ရွေးကောက်ပွဲကို တားဆီးတဲ့သူတွေ၊ နှောင့်ယှက်တဲ့သူတွေ ရှိလို့ပေါ့။ အပိုင်းလိုက် အပိုင်းလိုက်ဆိုတာက လုံခြုံရေး အပြည့်အဝယူပြီးမှခွဲပြီး လုပ်သွားမယ့်သဘောပေါ့။ လုံခြုံရေးလည်း အစိုးရကအပြည့်အ၀ ပေးနိုင်တဲ့ သဘောရှိပါတယ်။ ဒါကြောင့် အပိုင်းအပိုင်းခွဲပြီး ကျင်းပဖို့ စီစဉ်တာပါ။ တကယ်တော့ နိုင်ငံတစ်နိုင်ငံမှာ ရွေးကောက်မရှိရင် ဒီမိုကရေစီစနစ်ကို ဘယ်လိုသွားမလဲ။ အမေရိကန်လည်း ရွေးကောက်ပွဲကို ရှုတ်ချထားတယ်။ သူတို့လည်း ဒီမိုကရေစီနိုင်ငံပဲ။ ရွေးကောက်ပွဲမရှိရင် အာဏာထိန်းထားတဲ့ အစိုးရကပဲ ဆက်ပြီး ထိန်းသွားမှာပေါ့။ ဒီမိုကရေစီနိုင်ငံ ဘယ်လိုသွားမလဲ။ ရွေးကောက်ပွဲရှိမှပဲ ဒီမိုကရေစီနိုင်ငံတော်သစ်ကို သွားလို့ရမှာပေါ့။ အမှန်ကတော့ မလိုလားဘူးဆိုတာက နစကအစိုးရကလုပ်မယ့် ရွေးကောက်ပွဲဟာ မရိုးသားဘူးလို့ အဲဒီလို ထင်မြင်နေတယ်ထင်တယ်။ အမှန်က NLD က ရွေးကောက်ပွဲကို မရိုးမသားလုပ်ခဲ့လို့ နစကအစိုးရက အာဏာထိန်းခဲ့တာလေ။ ဒါကြောင့် လာမယ့်ရွေးကောက်ပွဲကို ကောင်းကောင်းမွန်မွန်နဲ့ သန့်သန့်ရှင်းရှင်း လုပ်သွားမယ်လို့ မြင်ပါတယ်။ ဟိုအဖွဲ့တွေကတော့ ဘယ်လိုလုပ်လုပ် အကောင်းမြင်မှာ မဟုတ်ဘူး။ ဆန့်ကျင်ဘက် အုပ်စုတွေက ဘယ်လိုအကောင်းမြင်မလဲ၊ သူတို့က အဲဒီသဘောရှိတယ်။ သူတို့ ကောင်း ကောင်း စဉ်းစားမယ်။ နိုင်ငံတော်ကို ချစ်လို့ရှိရင်တော့ ရွေးကောက်ပွဲကို အားပေးသင့်ပါတယ်။

TREND ။ ။ လက်ရှိ ရှမ်းပြည်နယ်ရဲ့ အခြေအနေ၊ ဒေသခံတွေရဲ့ လူမှုစီးပွား အခြေအနေလေးတွေနဲ့ပတ်သက်ပြီး သိရသလောက် ပြောပြပါဦး။
Dr.SKO ။ ။ ရှမ်းပြည်နယ်က တောင်ပိုင်းနဲ့ အရှေ့ပိုင်းပဲ ရွေးကောက်ပွဲလုပ်လို့ရမယ် ထင်တယ်။ မူဆယ်ရယ်၊ လားရှိုးရယ်၊ တန့်ယန်း၊ မိုင်းရယ် ဒါတွေရှိတယ်။ သီပေါ၊ ကျောက်မဲ၊ နမ့်ခမ်းတို့ကတော့ လုပ်လို့ မရနိုင်လောက်သေးဘူး။ အချိန်ရှိပါတယ်။ အချိန်လည်း ကြည့်ရဦးမှာပေါ့။ နယ်မြေအခြေ အနေတွေကတော့၊ သိန္နီကိုတော့ MNDAA ကို နောက်ဆုတ်ခိုင်းတယ်လေ။ ကွတ်ခိုင်လည်း နောက်ဆုတ်ခိုင်းမယ်လို့ ကြားပါတယ်။ လမ်းပန်းဆက်သွယ်ရေး ပွင့်သွားအောင်ပေါ့။ ဒေသခံတွေကတော့ အခက်အခဲမျိုးစုံ ကြုံနေကြရတယ်။ ကားလိုင်စင် လုပ်ခိုင်းတယ်။ မှတ်ပုံတင် လုပ်ခိုင်းတယ်။ TNLA က လုပ်ခိုင်းတာ၊ အဲဒီလို အခက်အခဲတွေပေါ့။ နမ့်ခမ်းအပါအဝင် သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ လုပ်ခိုင်းတော့ ဒေသခံပြည်သူလူထုက ငွေကြေးအခက်အခဲ ကြုံရတာပေါ့။ နမ့်ခမ်း၊ နမ့်စန်၊ သီပေါ၊ ကျောက်မဲတို့ ဘက်တွေမှာပေါ့။ သူတို့ဒေသ၊ သူတို့ဧရိ ယာထဲမှာစီးရင် လိုင်စင်လုပ်ရမယ်ပေါ့။ လိုင်စင်မရှိရင် မရဘူးပေါ့။ ကိုးကန့် MNDAA လည်း အဲဒီလို လုပ်ခိုင်းတယ်လို့ ကြားတယ်။ အဲဒီလိုင်စင် လုပ်ခဲ့တဲ့ကိစ္စက MNDAA ရော၊ TNLA ရော သူတို့ ထိန်းချုပ်တဲ့ နယ်မြေမှာ အားလုံးလုပ်ရမယ်လို့ စာထွက်လာတယ်လို့ ကြားတယ်။ ငွေကြေးကောက်ခံတာကလည်း ကားဆိုရင် မော်ဒယ်လ်အလိုက် တစ်နှစ်ကို ဘယ်လောက်ဆိုပြီး ကောက်ခံတာလို့ ကြားရတယ်။ ၂၀၁၀ မော်ဒယ်လ် အောက်ဆိုရင် နှစ်သိန်း ကားလေးပေါ့၊ ၂၀၁၁ ကနေ ၂၀၁၆ အထိဆိုရင် နှစ်သိန်းခွဲ၊ အဲဒီအထက်ဆိုရင် သုံးသိန်း အဲဒီလို ကြားတယ်။ အဲဒါက နှစ်နှစ်စာ နှစ်နှစ်အတွက် ပေးရတယ်လို့ သိရတယ်။ ဒီဇင်ဘာ နောက်ဆုံးပေးသွင်းဖို့ ပြောထားတယ်။ အခွန်က နှစ်မျိုး ဖြစ်သွားရတာပေါ့။ တရားဝင် နိုင်ငံတော်အစိုးရကိုလည်း ဆောင်ရတဲ့အပြင် သူတို့ကိုလည်း ဆောင်ရမယ်ပေါ့။ ကားကြီးတွေတော့ မကြားရသေးဘူး၊ အခုက ကားလေးတွေကို မော်ဒယ်လ်အလိုက် ကောက်နေတယ်လို့ ကြားရတယ်။ ဒီလို လူမှုစီးပွားရေး အခက်အခဲတွေကြုံပြီး လမ်းကြောင်းတွေ ပိတ်နေတော့ သိန္နီတို့၊ ကွတ်ခိုင်တို့ကနေ နောက်ဆုတ်ခိုင်းတာလို့ ကြားပါတယ်။ ဒီလမ်းကြောင်းတွေ ရှင်းသွားမှ ကုန်သွယ်ရေး လမ်းကြောင်းက ပွင့်သွားမှာကိုး။ ကောင်းပါတယ်၊ အခုက ဘာမှလုပ်လို့ မရဘူး။ အဲဒါမှလည်း ကုန်သွယ်ရေးလမ်းကြောင်း ပွင့်သွားမယ်၊ ဒေသခံတွေလည်း စီးပွားလုပ်လို့ ရသွားမှာပေါ့။ မူဆယ်ကနေ မန္တလေးအထိ။ အဲဒါကို တစ်ဆင့်ပြီး တစ်ဆင့် ဆုတ်ခိုင်းမယ်ထင်တယ်။ မဆုတ်မချင်းကတော့ မြန်မာ့တပ်မတော်က တိုက်ယူမှာပေါ့။ အခုဆိုရင် နောင်ချိုမြို့နဲ့ ခုနစ်မိုင်လောက်ကို ရောက်နေပြီ။ မြန်မာ့တပ်မတော်က ပြန်ပြီး သိမ်းလိုက်ပြီပေါ့။ အများကြီးပဲ။ နောင်ချိုလည်း မကြာမီ ပြန်သိမ်းနိုင်မယ်လို့ ထင်ပါတယ်။
TREND ။ ။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ကြုံတွေ့နေရမှုက ဘယ်လိုအခြေအနေမျိုးလဲ။
Dr.SKO ။ ။ လမ်းပန်းဆက်သွယ်ရေးဆိုတာကတော့ ကျောက်မဲ၊ နောက်ချိုတို့၊ မိုးမိတ်တို့ဘက်က ဆိုးတာပေါ့။ အဓိက လမ်းပန်းဆက်သွယ်ရေး မကောင်းတော့ စီးပွားရေးလုပ်တာ မကောင်းတော့ဘူးလေ။ Transportation က အဓိကပဲကိုး။ လမ်းတွေက မပျက်စီးဘူး။ မူဆယ်-မန္တလေးလမ်းလည်း ကောင်းနေတာပဲ။ ဗမာပြည်မှာ အဲဒီလမ်း အကောင်းဆုံးလို့တောင် ပြောလို့ရတယ်။
အဓိက အခက်အခဲက သွားလို့ မရတာ။ တိုက်ရိုက် မေမြို့ကို ဖြတ်လို့မရဘူး။ အဓိကကတော့ ကွင်းပြီးသွားကြရတယ် ပြောတယ်။ တကယ်ဆိုရင် ဒီလမ်းမကြီးက သွားလို့ရရဲ့နဲ့ ကြံခင်းဘက်ကနေ ကွင်းသွားရတယ်။ အဲဒီမှာ စစ်ဆေးရေး ဂိတ်ရှိတယ်။ တချို့ ကားလေးတွေဆိုရင် လဲချားဘက်ကနေ တောင်ကြီးဘက်ပတ် အဲဒီလိုသွားကြတယ်။ လမ်းလည်းကြမ်းပြီး ဝေးလည်းဝေးသွားတာပေါ့။ မူဆယ်ကနေ မန္တလေးသွားလို့ရှိရင် ကားခက ငါးသိန်း၊ ခြောက်သိန်း ပေးရတယ်။ မူဆယ်ကနေ မန္တလေးကိုသွားရင် တောင်ကြီးဘက်ကနေ ပတ်သွားရတာ နှစ်ရက်ခရီးဗျာ။ မေမြို့၊ နောင်ချိုလမ်းက တချို့ မသွားရဲကြဘူးလေ။ မူဆယ်၊ နမ့်ခမ်းလမ်းကနေ လားရှိုး၊ လားရှိုးကနေ မိုင်းရယ်၊ မိုင်းရယ်ကနေ ပင်လုံ၊ တောင်ကြီး အဲဒီလိုပတ်သွားရတာကိုး။ တောင်ကြီးကနေ ကလော၊ အောင်ပန်းဘက် အဲဒီလို ပတ်ရတာပေါ့။ တချို့ကားဆရာတွေလည်း တောင်ကြီးက ပတ်တယ်။ တချို့ကားဆရာတွေကျတော့လည်း အဲဒီနီးနီးလေးကိုပဲ တိုက်ရိုက်သွားကြတယ်။ ဒီအခြေအနေက လူထုအတွက် အရမ်းဆိုးတာပေါ့။ အရင်တုန်းက မန္တလေးသွားရင် ဘာပေးရမလဲ။ ကားလေးစီးရင် ငါးသောင်း၊ ခြောက်သောင်းပေါ့ဗျာ။ အခုက ငါးသိန်းလောက် ဖြစ်သွားတယ်ဆိုတော့ တွေးကြည့်ပေါ့။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရယ်၊ ဆီဈေးကလည် တက်တာကိုး။ ပြည်မမှာ ၉၂ က ၂၉၀၀ ကျော်ပဲ ရှိတယ်။ မူဆယ်၊ နမ့်ခမ်းတို့မှာက ၅၀၀၀ ကျော် အဲဒီလိုရှိတာကို။ ဟိုတလောကတောင် တစ်လီတာ ၇၀၀၀ ကျော်သွားသေးတယ်။ နည်းနည်း ပြန်ကျသွားပြီး ၅၀၀၀ ပေးရတာပေါ့။ ဒါကြောင့် အရင် ငါးသောင်း၊ ခြောက်သောင်း ခရီးဟာ ၁၀ ဆလောက် ကုန်ကျသွားတယ်ဆိုတော့ လူထုအတွက် နစ်နာသွားတာပေါ့။ ပြီးတော့ ကျွန်တော်တို့ ကြားနေရတာက သိန္နီမှာလည်း တော်တော်ဆိုးတယ်ဗျ။ သိန္နီမှာက တရုတ်တွေ အများကြီးဝင်လာပြီး တော့ သူတို့ကို MNDAA က လယ်မြေတွေငှားပြီးတော့ စိုက်ပျိုးရေး လုပ်ခိုင်းတာပေါ့။ ဒေသခံတွေကို By Force နဲ့ ငှားခိုင်းတာပေါ့။ ကျွန်တော်တို့ အဲဒီလို ကြားနေရတယ် အများကြီးပဲ။ သိန္နီမှာ MNDAA က တရုတ် ပြည်က တရုတ်တွေကို ခေါ်သွင်းလာတာ အများကြီးပဲ၊ ပိုင်ရှင်မရှိတဲ့ လယ်မြေတွေဆိုရင် တရုတ်တွေကို ငှားစားတယ်၊ လုပ်ပိုင်ခွင့်ပေးနေတယ်လို့ ကြားတယ်။ ဒေသခံတွေက ထွက်ပြေးနေကြ ရတာကိုး။ တချို့ ပြန်တောင်ပြန်မလာသေးဘူး။ တချို့က တောင်ကြီးတို့၊ မန္တလေးတို့ဘက်ကို သွားနေ ပြီးတော့ အိမ်ငှားနေကြတယ်။ အဲဒီမှာ တော်တော်ဒုက္ခရောက်ကြတယ်။ အဲဒီလိုပြေးနေတော့ သူတို့ခြံတွေကိုလည်း ဒီအတိုင်းပစ်ထားတော့ ခြံပိုင်ရှင်မရှိတာ တရုတ်တွေကို လုပ်ပိုင်ခွင့်ပေးထားတာပေါ့။ ပြန်မလာသေးတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေမှာလည်း သူတို့က ဝင်နေတယ်။ အဲဒီအိမ်တွေကို တရုတ်တွေကို ငှားစားတယ်ဗျာ။ ပြီးတော့ တရုတ်ငွေ ငါးသိန်းရှိရင် မှတ်ပုံတင် လုပ်ပေးတယ်။ သူတို့ရဲ့ MNDAA မှတ်ပုံတင် လုပ်ပေးတယ်။ အဲဒီမှာအခြေချနိုင်ဖို့ လုပ်ပေးတယ်။ အဲဒါမျိုးက ဆိုးတာပေါ့။ နိုင်ငံခြားက လူတွေ လာပြီးတော့ သူတို့ဆီမှာ မှတ်ပုံတင်ပါ။ သူတို့ ဧရိယာမှာ နေခွင့်ရှိတယ်ဆိုတဲ့ သဘောလုပ်နေတာ။ ဒေသခံတွေက ထွက်ပြေးကြတာ များတယ်။ TNLA ကလည်း လိုင်စင်ကိစ္စပေါ့။ တကယ်ဆိုရင် မလုပ်သင့်ပါဘူး။
TREND ။ ။ ရှမ်းမြောက်မှာ MNDAA တို့၊ TNLA တို့ စိုးမိုးထားတယ်ဆိုတဲ့ မြို့နယ်တွေရဲ့ အခြေအနေ ဘယ်လိုဖြစ်နေပြီလဲ၊ သူတို့ တကယ်ထိန်းချုပ်နိုင်၊ စိုးမိုးထားနိုင်ပြီလား၊ ဘယ်လိုသုံးသပ်ချင်လဲ။
Dr.SKO ။ ။ MNDAA ဆိုရင် အရင်တုန်းက လားရှိုး၊ အခုလားရှိုး မဟုတ်တော့ဘူး။ အခု လားရှိုး ပြင်ပမှာ သူတို့ရှိတယ်။ နောက်ပြီးတော့ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်တို့၊ ကုန်းကြမ်းတို့ အဲဒီမြို့ နယ်တွေ သူတို့စိုးမိုးနေတာပေါ့။ TNLA က များတယ်။ သူက ရှမ်းမြောက်မှာ စိုးမိုးထားတဲ့ မြို့နယ်များတယ်။ မိုးကုတ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ် အဲဒီလိုမျိုးရှိတယ်။ နောက် မန်တုန်လည်း TNLA စိုးမိုးထားတယ်။ ဒီလို မြို့တွေ၊ နယ်တွေ စိုးမိုးဖို့ သူတို့ တိုက်တယ် ဆိုတာက မတည်မြဲဘူးလေ။ နောင်တစ်ချိန်မှာ မြန်မာ့တပ်မတော်ဘက်က ပြန်တိုက်လို့ရှိရင် ပြန်ပေးရမှာပဲလေ။ ဒါပေမဲ့ အချိန်ကြာတယ်။ ဒါပေမဲ့ အခု လားရှိုးဖြစ်စဉ်ဆိုရင် တွေ့ဆုံဆွေးနွေးပွဲကနေ လုပ်ပေးလိုက် တော့ ကျည်ဆန်တစ်တောင့်မှ မပစ်လိုက်ရဘဲနဲ့ အောင်မြင်သွားတာပေါ့။ MNDAA က နောက်ဆုတ်လိုက် ရတယ်။ အဲဒါဟာလည်း တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကနေရတဲ့ ရလဒ်ပါပဲ။ ဒါကြောင့်မို့လို့ တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်းက အကောင်းဆုံးပါ။ ကျန်တဲ့မြို့တွေကိုလည်း ဒီလိုဖြစ်စေ ချင်တယ်။ ဒီလိုဖြစ်ရင်တော့ နိုင်ငံနဲ့ ပြည်သူလူထုအတွက် အကောင်းဆုံးပါ။ အမှန်တကယ်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသင့်ပါတယ်။ စစ်ရေးနဲ့ ဖြေရှင်းတာက လမ်းမှန်မဟုတ်ဘူး။ ပါတီတွေအနေနဲ့ကတော့ ဒီလိုပဲမြင်တယ်။ အကြမ်းမဖက်ဘူး။ စားပွဲဝိုင်းမှာပဲ ကျွန်တော်တို့ ဆွေးနွေးမယ်။ တိုင်ပင်မယ်။ ညှိနှိုင်းမယ်။ အဲဒီလိုသဘော။ အဲဒီလိုပဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းတာမျိုး လုပ်သင့်ပါတယ်။ ဒါကြောင့် စစ်ရေးနဲ့ ဖြေရှင်းတာ မလိုလားဘူး။ စစ်ရေးနဲ့ ဖြေရှင်းတဲ့ နည်းကမမှန်ဘူးလို့ ပါတီအနေနဲ့ မြင်ပါတယ်။ ကျွန်တော်တို့က ငြိမ်းချမ်းချင်ပါတယ်။ တိုင်းပြည်က ငြိမ်းချမ်းမှပဲ တိုးတက်မှု ရှိမှာကိုး။ အဓိကကတော့ တွေ့ဆုံ ဆွေးနွေးမှုပါပဲ။ အခုတော့ ရှိမယ်ထင်ပါတယ်။ နောက် တစ်လ၊ နှစ်လဆိုရင် TNLA နဲ့ ကူမင်းမှာ ပြန်ဆွေးနွေးဦးမယ်လို့ ကြားရတယ်။ ကောင်းပါတယ်။ စောစောက ပြောသလို တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းနဲ့ သွားတာ ကောင်းတယ်။ လွှတ်တော်လမ်းကြောင်းနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းနဲ့ အဲဒီလိုနည်းတွေနဲ့ပဲ ဖြေရှင်းသင့်ပါတယ်။ စစ်ရေးနဲ့ ဖြေရှင်းတာက ပြည်သူလူထု ထိခိုက်နစ်နာတာပေါ့။ ဟိုပြေးဒီပြေး အိမ်မှာတောင် မနေရဲ၊ အကုန်လုံး စီးပွားလည်း ပျက်ကြတာပေါ့။ သွားရေးလာရေးတွေလည်း အကုန်လုံး အခက်တွေ့ကြတာပေါ့။ ဒါက စစ်ရေးနဲ့ ဖြေရှင်းတဲ့ ဆိုးကျိုးတွေပဲလေ။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုပဲ သွားသင့်ပါတယ်။ စစ်ရေးနဲ့ ဖြေရှင်းတာ မမှန်ပါဘူး။ အဓိကကတော့ တွေ့ဆုံဆွေးနွေးမှုပါ။
TREND ။ ။ တိုင်းပြည်ငြိမ်းချမ်းဖို့၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ကြဖို့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်သူ အားလုံးက ဘာလုပ်သင့်လဲ ဖြည့်စွက်ပြောကြားပေးပါဦး။
Dr.SKO ။ ။ တိုင်းပြည်ငြိမ်းချမ်းဖို့ကတော့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုပဲ သွားရမှာပါ။ အဲဒါ အကောင်းဆုံးပါပဲ။ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းသွားဖို့ အဓိကကတော့ အပြန်အလှန် ယုံကြည်မှုပေါ့။ ယုံကြည်မှုက အဓိက၊ ယုံကြည်မှုရှိရင် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းလည်း အောင်မြင်မယ်။ နိုင်ငံတော်အစိုးရဘက်ကရော သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးတွေ ဘက်ကရော အပြန်အလှန်ယုံ ကြည်မှုရှိအောင်၊ ယုံကြည်မှု တည်ဆောက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သင့်ပါတယ်။ ပြီးတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်၊ ပြည်သူလူထု ရွေးချယ်တဲ့ ရွေးကောက်ခံအစိုးရ ပေါ် ပေါက်လာအောင် ရွေးကောက်ပွဲရှိမှဖြစ်မှာပါ။ ရွေးကောက်ပွဲကနေ အနိုင်ရတဲ့ပါတီ ဒါမှမဟုတ် ညွန့် ပေါင်းအစိုးရဖြစ်ရင် ဖြစ်မယ်ပေါ့။ အဲဒီလို ရွေးကောက်ပွဲကနေ ဖြတ်သန်းပြီး ပေါ်ပေါက်လာတဲ့ အစိုးရ ပေါ်ပေါက်လာမှပဲ ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာမှပဲ နိုင်ငံတော် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ တိုင်းရင်းသားပြည်သူအားလုံးအတွက် အကျိုးရှိမယ့် နိုင်ငံ တော်ကြီး ဖြစ်လာမယ်လို့ မြင်ပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၂ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )