Breaking

ပအိုဝ်းနယ်မြေအတွင်း ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် အစွမ်းကုန် ကြိုးပမ်းသွားမည်ဟု ပအိုဝ်းပြည်သူ့စစ်ခေါင်းဆောင်ပြော

နေပြည်တော်၊ ဇွန် ၁၈
    ပအိုဝ်းနယ်မြေအတွင်း ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် အစွမ်းကုန် ကြိုးပမ်းကာကွယ်မည်ဟု ပအိုဝ်းပြည်သူ့စစ်ခေါင်းဆောင် ခွန်ထွန်းရွှေကပြောသည်။ 
    "ရွေးကောက်ပွဲကတော့ ဒီနိုင်ငံမှာ အရေးကြီးဆုံး လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်။ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ ကျွန်တော်တို့ဒေသ တည်ငြိမ်အောင် ကြိုးစားသွားမယ်။ နယ်စပ်ဒေသကို ကာကွယ်ထိန်းသိမ်းမယ်။ ကျွန်တော်တို့ နယ်မြေမှာ ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် ကြိုးစားမယ်။ ရွေးကောက်ပွဲက မလုပ်နိုင်ရင် ငြိမ်းချမ်းရေးက ဆက်သွားလို့မရတာ။ ငြိမ်းချမ်းရေးက လွှတ်တော်ရှိမှ၊ တပ်မတော်ရှိမှ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်မှ NCA အရဆိုရင် လွှတ်တော်မရှိရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်လို့မရဘူး။ ကျွန်တော် မြင်တာက လွှတ်တော်အခန်းကဏ္ဍကလည်း အရေးကြီးသလို တိုင်းရင်းသားလက်နက်ကိုင်တွေမပါလို့လည်း ဆက်သွားလို့မရဘူး။ ဒီနှစ်ခုက ဘက်ညီမှ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးပြဿနာကို ဖြေရှင်းလို့ရမှာ။ ရွေးကောက်ပွဲကတစ်ဆင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုသွားမှ အနာဂတ်ပြည်ထောင်စုကို တည်ဆောက်လို့ရမှာ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အားလုံးပါဝင်သင့် ပါဝင်ထိုက်သူတွေ အားလုံးပါဝင်ရမယ်။ အားလုံးစုစည်းပြီး သွားမှရမယ်။ ကိုယ့်သဘော ကိုယ်ဆောင်ပြီး သွားလို့မရဘူး"ဟု ၎င်းက ပြောသည်။
    ပြီးခဲ့သည့် မေလအတွင်းက ရှမ်းပြည် (တောင်ပိုင်း) ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာတွင် KNDF အကြမ်းဖက်အဖွဲ့များက စစ်ရေးချဲ့ထွင်မှုများ ရှိခဲ့သော်လည်း ယခုအခါ ဒေသအတွင်း တည်ငြိမ်အေးချမ်းနေပြီဖြစ်ကြောင်း ပအိုဝ်းတိုင်းရင်း သားတစ်ဦးက ပြောသည်။ 
    "KNDF က ဆုတ်ခွာသွားပြီ ထိတွေ့မှုမရှိတော့ဘူး။ ဒေသကတော့ လောလောဆယ် အေးအေး ချမ်းချမ်းရှိတယ်။ ဒါပေမဲ့ PNO ဘက်ကလည်း ဆီဆိုင်ဘက်မှာ ၁၅ ရက်နေ့နောက်ပိုင်း တစ်ခုခုထူးလာမလား စောင့်နေတယ်။ ဟိုဘက်အဖွဲ့တွေကိုတော့  ပြန်ဆုတ်ခိုင်းထားတယ်။ သူတို့ပြန်ဝင်လာရင်တော့ ပြဿနာ ရှိနိုင်တယ်။ PNO ကတော့ သူ့ဧရိယာ သူထိန်းပြီး လုပ်စရာရှိတာ ဆက်လုပ်မယ် ပြောထား တယ်။ ကျေးရွာအုပ်စု အစပ်တွေမှာ PLA ရှိတယ်။ KNDF တွေ ရှိတယ်။ PNO ဘက်က ဒေသခံတွေကို ဆီဆိုင်မြို့ ဘုရားဖြူရပ်ကွက်မှာ နေရာ ထိုင်ခင်း တွေစီစဉ်ပြီး ရွှေ့ပြောင်းနေထိုင်ကြဖို့ ပြောထားတယ်။ အရေးကြီး စာရွက်စာတမ်းတွေ ယူဆောင်လာဖို့ ပြောထားတယ်"ဟု ၎င်းက ပြောသည်။ 
    ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်တွင် ဒေသအလိုက် တည်ငြိမ်အေးချမ်းမှု ရှိစေရန် လိုအပ်သည့်အတွက် တပ်မတော်အနေဖြင့် ဇွန်လကုန်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ထပ်မံတိုးမြှင့် သတ်မှတ်ထားသည်။ ကွန်းဈာန်

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45435

© 2022 - 2025 News. All Rights Reserved.