Breaking

မွေးနေ့အထိမ်းအမှတ် လှုံ့ဆော်မှုများက အဓိပ္ပာယ်မဲ့သော လုပ်ရပ်များဟု ဒေါ်စန္ဒာမင်းပြော

ရန်ကုန်၊ ဇွန် ၁၈
    NLD ပါတီ၏ ဥက္ကဋ္ဌအဖြစ်ဆောင် ရွက်ခဲ့ဖူးသူ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်တွင်း၌ လှုပ်ရှားမှုများပြုလုပ်ရန် ပြည်ပသို့တိမ်းရှောင်နေသူများ၏ တိုက်တွန်းလှုံ့ဆော်မှုများမှာ အဓိပ္ပာယ်မဲ့သော လုပ်ရပ်များဖြစ်ကြောင်း NLD ပါတီ၏ ဗဟိုကော်မတီဝင်ဟောင်း ဒေါ်စန္ဒာမင်းက ပြောဆိုလိုက်သည်။
    ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုအပါအဝင် ပြစ်မှုများဖြင့် အကျဉ်းကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၀) ပြည့်မွေးနေ့အတွက် ပြည်တွင်း၌ ရှစ်ရက်တာလှုပ်ရှားမှုများ ပြုလုပ်ရန် အမေရိကန်သို့ တိမ်းရှောင်နေကြသူများက လှုံ့ဆော်နေကြပြီး ၎င်းတို့ကိုယ်တိုင်မှာ အမေရိကန်နိုင်ငံ၏ ပြည်တွင်းရေးအခြေအနေများကြောင့် စုဝေးကျင်းပမှုများ မပြုလုပ်ကြောင်း အသိပေးထားပြီး ပြည်တွင်းနေပြည်သူများကို လိုက်ပါဆောင်ရွက်ရန် ပြောဆိုခဲ့ခြင်းအပေါ် တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။
    "ကျွန်မတို့ဆိုရင် မိဘတွေမွေးနေ့ဆိုရင် ကုသိုလ်ကောင်းမှုလေးတွေ ပြုပေးကြတာပေါ့။ သူ့အတွက်လို့ ရည်မှန်းထားရင် ဆွမ်းကပ်တာမျိုး လုပ်ပေးလိုက်ပေါ့။ သူလည်း ကုသိုလ်ရတာပေါ့၊ ကိုယ်လည်းကုသိုလ်ရတာပေါ့။ ဒါမျိုးလုပ်ရင် အဓိပ္ပာယ်ရှိတာပေါ့။ ခုလိုမျိုးတွေ ပန်းတွေပန်ရမယ်၊ ဘာအရောင်တွေဝတ်ရမယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ အဲဒါတွေ ပြည်တွင်းမှာ လိုက်လုပ်တော့ရော ဒုက္ခရောက်သွားတာပဲရှိတယ်လေ။ ဘာတွေများအကျိုးရှိမှာလဲ။ ကုသိုလ်ကောင်းမှု လုပ်ပေးရမယ့်အစား အဓိပ္ပာယ်မရှိတာတွေ လျှောက်လုပ်တဲ့အခါကျတော့ အဓိပ္ပာယ်မရှိတာတွေ ဖြစ်တာပေါ့။ သူ့အတွက်လည်း ကုသိုလ်မရဘူး။ အထောက်အပံ့အထောက်အကူလည်း မဖြစ်ပါဘူး"ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
    ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်ပသို့ တိမ်းရှောင်နေသူများက ဒိုက်ထိုးခြင်း၊ ပြေးခြင်း စသော လုပ်ဆောင်မှုများ ဆောင်ရွက်ကာ လိုက်ပါလုပ်ဆောင်ရန် လှုံ့ဆော်ခဲ့ကြသည်။ ထို့အပြင် မွေးနေ့ဆုတောင်းရုပ်သံများ ရိုက်ကူးပေးပို့ရန်နှင့် ရုပ်သံအပုဒ်ရေ ရှစ်သောင်း ပြည့်ပါ က ဂရင်းနစ်စံချိန်တင်ရန် လှုံ့ဆော်နေသော်လည်း ရုပ်သံရရှိမှု နည်းပါးနေကြောင်း သိရသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ကို အကြောင်းပြု၍ ငွေကြေးအလှူခံမှုများ ပြုလုပ်လျက်ရှိသည်။ ထူးမြတ်

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45433

© 2022 - 2025 News. All Rights Reserved.