၂၀၂၅ ဇန်နဝါရီ ၄
ပွင့်သောပန်းတိုင်း လွတ်လပ်ပါစေ
နွေဦးမရောက်မီ ဆောင်းနှောင်း အချိန်အခါတွင် အိမ်ရှေ့၌ စိုက်ပျိုးထားသော သရက်ပင်ပျို တစ်ပင်က သရက်ဖူး နှစ်ဖူးပွင့်ဖူးလာကြောင်း မဒမ်က ဝမ်းသာအားရပြောမှ ကြည့်မိသည်။ သရက်ပင်ပျိုဖြစ်သောကြောင့် သည်နှစ်မှစ ဖူးပွင့်ခြင်းဖြစ်ရာ မည်သည့်သရက်မျိုး ဖြစ်မည်ကို မသိခြင်း ကြောင့် ပို၍မျှော်လင့်ပျော်ရွှင်မိသည်။ သရက်ပင်က သည်နှစ်မှ အပွင့်အဖူး စတင်၍ မြင်မိချိန် ငယ်ငယ်က ဖတ်ခဲ့ရဖူးသည့် အကြောင်းအရာလေးကို မျှဝေလိုပါသည်။ အစားကောင်း အသောက်ကောင်းလေးများ စားရလျှင် ကိုချစ်ခင်ရသည့် ဆွေမျိုးမိတ်သင်္ဂဟများကို ဝေမျှလိုသည့်သဘောဖြစ်သောကြောင့် ဝေမျှလိုခြင်း ဖြစ်သည်ဟု မှတ်ယူကြပါကုန်။ တစ်ခါက မိတ်ဆွေနှစ်ဦးတို့သည် ပြင်ဦးလွင်သို့ အလည်အပတ် အပန်းဖြေ ခရီးထွက်ကြသည်။ မိတ်ဆွေနှစ်ဦးတို့ အလည်အပတ် အပန်းဖြေပြီး ဟိုတယ်၌ တစ်ည အိပ်စက်အနားယူပြီး နံနက်စောစောတွင် မိတ်ဆွေတစ်ယောက်က ဦးစွာနိုးထပြီး ပြတင်းတံခါးကို ဖွင့်လိုက်၏။ ပြတင်းတံခါးကိုဖွင့်ပြီး ဦးစွာရေရွတ်လိုက်သည့်စကားက 'သြော်..မက်မန်းပွင့်တွေတောင် ပွင့်နေပါရောလား'ဟုဆို၏။ ထိုစကားကို အိပ်ရာထဲက မထသေးသည့် သူ၏မိတ်ဆွေက မက်မန်းပွင့်ဆိုသည့် စကားကိုကြားရပြီး အတွေးနယ်ချဲ့သည့်အကြောင်းကို ရေးဖွဲ့ထားသည့်စာ ဖြစ်လေသည်။ ငယ်ငယ်က ဖတ်ခဲ့ရသည့်စာ ဖြစ်သောကြောင့် ရေးသူနှင့် စာအုပ်အမည်ကို မမှတ်မိတော့ချေ။
သို့နှင့် ထိုအတွေးစကို ပြန်ဆက်စပ်ရလျှင် 'အပွင့်နှင့်ပန်း ဘာကွာလဲ'ဟု အိပ်ရာထဲက မထဘဲ စဉ်းစားမိသည်ဟု ရေးဖွဲ့ထားသည်။ တစ်ယောက်နှင့်တစ်ယောက် မြင်ပုံခြင်း၊ တွေးပုံခြင်း ရှုထောင့်များ မတူသည်ကိုလည်း ဆိုလိုချင်ရင်း ဖြစ်ပါသည်။ အပင်များသည် အပွင့်များ ပွင့်ကြသည်။ ပွင့်ကြတိုင်း လူတို့က အဘယ့်ကြောင့် ပန်းဟု မခေါ်သနည်းဟု စဉ်းစားရကျပ်နေလေသည်။ ထိုသို့ စဉ်းစားနေရာမှ 'ဒိန်းခနဲ' ဉာဏ်အလင်းပွင့် သွားသည်က 'သြော်...အပင်တွေက အပွင့်တွေပွင့်ပေမယ့် လူတို့က အမြတ်တနိုး တန်ဖိုးထားတဲ့ဟာကို ပန်းလို့ခေါ်တာ ဖြစ်ရမယ်'ဟု ခိုင်ခိုင်မာမာ ကောက်ချက်ချလိုက်မိ၏ဟု ဆိုလေသည်။ ထိုစာအုပ်ကိုဖတ်မိမှ ကျွန်တော်လည်း သေချာစဉ်းစားမိသည်။ လူတို့ အမြတ်တနိုး တန်ဖိုးထား၍ ပန်သောအပွင့်ကိုမှ ပန်းဟုခေါ်ကြ သကဲ့သို့ ဘုရားတင်၊ နတ်တင်ခြင်း အထွတ်အ မြတ်ထားမှ ပန်းဟုခေါ်ပါလားဟူ သဘောပေါက်မိသည်။
ဥပမာ လက်ပံပွင့်ကို လက်ပန်ပန်းဟု မခေါ်ကြသကဲ့သို့၊ ဆီး(ဇီး)ပင်မှ ပွင့်သည်ကိုလည်း ဆီး(ဇီး)ပန်းဟု မခေါ်၊ ကြောင်လျှာပွင့်ကိုလည်း ကြောင်လျှာပန်းဟု မခေါ်ပါလားဟု၊ ထိုနည်းတူ သရက်ပွင့်ပွင့်သည်ကိုလည်း သရက်ပန်းဟုမည်သူမျှ မခေါ်ပါလားဟု သဘောပေါက်မိတော့သည်။ ထိုသို့ သဘောပေါက်မိချိန် ပွင့်သောပန်း တိုင်း မွှေးမြပါစေဟု စိတ်ထဲက ကြိတ်၍ ဆုပင်တောင်းမိ၏။ ဆုတောင်းပြီး ပွင့်သော ပန်းတိုင်းကိုလည်း လွတ်လွတ်လပ်လပ် ပန်ခွင့်ရနိုင်ပါစေဟု ထပ်တိုးဆု တောင်းမိ၏။ သို့မဟုတ်လျှင် ပန်းပန်လျှင်ကိုပင် လူအုပ်ကြီးနှင့် ဝိုင်း၍ အဆဲခံရနိုင်သည် မဟုတ်လား။ ပန်းဆိုလျှင် တစ်စုံတစ်ယောက်သာ မူပိုင်ခွင့် ပန်ရနိုင်သည်ဟု ထင်သောသူများအပြင် သပိတ် မှောက်ရန် ရည်ရွယ်သူများလည်းရှိနေရာ ပွင့်သော ပန်းတိုင်းလွတ်လပ်စွာ စီမံခွင့်ရကြပါစေဟု ဆုတောင်းကို ပြင်လိုက်ရသေး၏။
ဘိုင့်ဘိုင် ၂၀၂၄
'ကြည့်မှန်တစ်ချပ်ရှေ့ ရပ်ကြည့်စကားပြော ငါ့အရိပ်နဲ့ငါ ဘယ်သူမှန်တုန်း၊ ကောင်းသောနေ့မှာ နှုတ်ဆက်သွားတဲ့ မနေ့က မကောင်းမှုတွေအားလုံး'။ စိတ်လိုလက်ရ ဖြစ်နေသည်နှင့် မောင်မောင်ဇော်လတ် ရေးပြီး လေးဖြူ ဆိုခဲ့သည့် 'မှန်'သီချင်းတစ်ပုဒ်ကို လတ်တလော အာသီသရနေ၍ ဆိုညည်း ဖြစ်နေသည်။ အကြောင်းကလည်း ၂၀၂၄ နှစ်ဟောင်းကုန်၍ နှစ်သစ်ကိုကူးသည့် အချိန်ဖြစ်သောကြောင့် ထိုသီချင်းက နှုတ်ဖျားတွင် အလိုလို ပေါ်လာခြင်း ထင်ပါ၏။ နှစ်သစ်ကို ကောင်းသောကြိုဆို ခြင်းဖြင့် စောင့်မျှော်နေသောကြောင့် နှစ်ဟောင်းက မကောင်းမှုများကို နှုတ်ဆက်လိုခြင်း ဖြစ်ပါသည်။ ပစ္စုပ္ပန်တည့်တည့်ကို မရှုမှတ်နိုင်သေးသည့် လောကီလူ သားတစ်ယောက်အဖို့ နှစ်ဟောင်းက ကောင်းမှု၊ မကောင်း မှုများကိုလည်း မစွန့်လွှတ်နိုင်၊ လာမည့်နှစ်သစ်၏ ကောင်းချီးမင်္ဂလာများကိုလည်း မျှော်လင့်လိုစိတ်လည်း အလိုလို ဖြစ်နေဟန်ရှိပါ၏။
တစ်ခါတစ်ရံ စဉ်းစားမိသည်။ ကိုယ်အလဲထိုး ခံရသည့် ကြိုးဝိုင်းကို မှတ်မိနေသည့် လက်ဝှေ့သမား တစ်ယောက်၏ သတိရမိမျိုးဖြင့် သတိရနေခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။ မည်သို့ပင် ဆိုစေကာမူ အတိတ်သည် ပြန်မရနိုင်သည့်အရာဆိုသည်မှာ သေချာခြင်းဖြစ်သော်လည်း ထိုအတိတ်မှ သင်ခန်းစာ ထုတ်နုတ်ပြီး အနာဂတ်အတွက် ပြင်ဆင်ရခြင်းမျိုး မဟုတ်ပေဘူးလား။ သို့မို့ကြောင့် အနာဂတ်ကောင်း ရန်အတွက်က ပစ္စုပ္ပုန်တွင် ကောင်းမွန်သည့်လုပ်ရပ် ရှိရန်ကလည်း အရေးတကြီး အလိုအပ်ဆုံးအရာပင် မဟုတ်လော။ 'မှန်'သီချင်းထဲက စာသားကို ပြန်ပြောရလျှင် 'အနိမ့်အမြင့် လောကဓံများနဲ့ စိတ်ဓာတ်ကျလို့ မနေနဲ့ဦး'ဆိုသကဲ့သို့ လူတိုင်းက လောကဓံရှစ်ပါးကို အနိမ့်အမြင့် အတတ်အကျများကို ကြုံတွေ့ကြရသည်မှာ ဓမ္မတာပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ၂၀၂၄ နှစ်ဟောင်းမှစပြီး ဟိုးရှေးရှေး ပဝေသဏီ အတိတ်များဆီက မကောင်းမှုများကို မေ့နိုင်အောင် ကြိုးစားပြီး ကောင်း မွန်သည့် အနာဂတ်ကို ကျွန်တော်နှင့်တကွ အားလုံးရရှိ နိုင်ပါစေကြောင်းလည်း ဆုတောင်းပါ၏။
မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် နှစ်သစ်ဖြစ်ပါစေ
နှစ်ဟောင်းကုန်ခါနီး နှစ်သစ်ကို မျှော်ကြသူတိုင်းက လူသစ်စိတ်သစ် ဘဝသစ်စကြဦးစို့ဟု များသောအားဖြင့် ကြွေးကြော်လေ့ရှိကြသည်။ 'နှစ်သစ်မှာ တစ်ရက် ရေတစ်လီတာ သောက်မယ်၊ စာအုပ်တစ်အုပ်ဖတ်မယ်၊ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်မယ်၊ တစ်ပတ်ကို တရားတစ်ပုဒ်နာမယ်၊ ချစ်ခင်ရသူတွေနဲ့ ခရီးတွေအတူ သွားမယ်'စသဖြင့် ကိုယ့်ကိုယ်ကိုယ် ခွန်အားဖြစ်စေရန် ကြုံးဝါးကြရဲ့ မဟုတ်လား။ ပြီးခါမှ နှစ်သစ်ကူးညတွင် အမူးလွန်သောကြောင့် နှစ်သစ်ကူး မနက်စောစောမထ နိုင်သည့်သူများလည်း အများအပြား ရှိကြလေသည်။ အကြည်တော်၏ စာထဲကကဲ့သို့ 'မနက်ဖြန်ထိ ရွှေ့လို့ရတဲ့အလုပ် ဒီနေ့မလုပ်' ဆိုသည့် ကျမ်းထဲက စာသားလို ယခင်ရက်ကမှ ကြီးကြီးကျယ်ကျယ် ကိုယ့်ကိုယ်ကိုယ် ကတိပေးထားပြီး သည်တစ်ရက် အိပ်ရာထဲက မထလို့ လည်း ထူးပြီး ဆင်းရဲမသွား၊ သည်တစ်ရက် အားတင်းပြီး လုပ်လိုက်ယုံနဲ့ ထူးပြီးလည်း ချမ်းသာမသွားပါဘူးဟု ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖြေတွေးတွေးရင်း စောင်ခြုံကွေးမပျက် ရှိကြသူများလည်း ရှိနိုင်ပါ၏။
ထိုအရာများကို ပြောနေရင်းမှ ဟာသလူရွှင် တော် ဆရာကြီးများဖြစ်သည့် 'မော့စ်၊ မိုးဒီ၊ စိန်ရိုး' တို့၏ ပြက်လုံးကို သွားသတိရမိသည်။ ဦးစိန်ရိုးက 'လောင်း ကစားအကြောင်းတွေ သိပ်မပြောကြနဲ့၊ လောင်းကစား လုပ်လို့ ရပ်ကွက်ထဲ မွဲတဲ့သူတွေ မွဲကုန်ကြပြီ' ဟုဆိုရာ ဦးမိုးဒီက 'ဘယ်သူတွေလဲ'ဟု ပြန်မေးရာ ဦးစိန်ရိုးကပဲ 'ငါလေ ငါငါ'ဟု ပြန်ပြောသည့် ပြက်လုံးကို သတိရမိသည်။ ဟုတ်လည်း ဟုတ်သည်။ ယမန်နှစ်က နှစ်ကူး ဟိုးယခင့် ယခင်နှစ်များက နှစ်သစ်ကူးများတွင် လာမည့်နှစ်အတွက် ကြိုတင်အစီအစဉ်များ ဆွဲခဲ့ဖူးသောကြောင့် ဖြစ်ပါသည်။ နှစ်များသာပြောင်း သွားပေမယ့် စိတ်ကူးဖြင့် အကောင်အထည်ဖော်ခဲ့ဖူးသည်များကို အကောင်အထည်မဖော်နိုင်သေးသည်မှာ ယခုထိဟု ဆိုနိုင်ပါ သည်။ ဥပမာ နှစ်သစ်ရောက်လျှင် စာတစ်အုပ် ဖြစ်အောင် ထုတ်မည်၊ သီချင်းတစ်ပုဒ်ဖြစ်အောင် လုပ်မည်၊ မိတ်ဟောင်းဆွေဟောင်းများနှင့် ဆုံတွေ့မည်၊ ဘာသာရေးကို ပိုလုပ်မည် စသဖြင့် အကြိမ်ကြိမ်အားခဲ ထားခဲ့ဖူးပါသည်။ ဆိုရှယ်မီဒီယာထက်က ပြောလေ့ရှိသည့် စကားကဲ့သို့ သူများ အကြောင်း အတင်းတုပ်လိုသူများက 'ပြောရဦးမယ် သူများမကောင်းကြောင်း၊ ကိုယ့် ကောင်းကြောင်း' ဟု စကားပလ္လင်ခံပြီး ပြောလေ့ရှိကြသည်။ ယခုစာက ထိုသို့မဟုတ် သူများအကြောင်း မဟုတ်ဘဲ ကိုယ့်ပေါင်ကိုယ် ဖွဖွထောင်းသည့်အရာဟု ဆိုရမလို ဖြစ်နေလေသည်။ သို့မို့ကြောင့် ခေတ်နှင့်တစ်ပါး သူကိုအပြစ်မဆို မိမိကိုယ်ကိုယ် ကောင်းအောင် ကြိုးစားပါဦးမည်။ ကိုယ့်ကတိကို အတတ်နိုင်ဆုံး တည်ရန်ပို၍ အားထုတ်ပါမည်။
'ကတိသစ္စာတည်သော အခါဝယ်၊ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်' ဆိုသကဲ့သို့ ကတိဆိုသည်မှာ တည်မှကောင်းရဲ့ မဟုတ်လား။ ကိုယ့်ကိုယ်ကိုယ် ကတိ မတည်ခြင်းက တစ်ပါးသူ အခြားလူမှု အဖွဲ့အစည်းကို မထိခိုက်။ ကတိမတည်ဘဲ အများပြည်သူကို မျှော်လင့်ချက်အမှား ပေးသူများ၏ လေပေါ်တွင် အရုပ်ရေးသည့် ကတိစကားများကို ယုံစား၍ ပုံမှားသွားရမည့် အနာဂတ်မဲ့လူငယ်များ မဖြစ်ကြပါစေနှင့်။ သူများပါးစပ်ဖျားတွင် လမ်းမဆုံးကြပါစေနှင့်။ မိတ်ဆွေအပေါင်း နှစ်သစ်တွင် မင်္ဂလာအပေါင်း ခညောင်းပါစေကြောင်း။ ( ရွှေထီး )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၅၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )