မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး ခန္ဓာဝန်စွန့် ပျံလွန်တော်မူခြင်း တစ်နှစ်ပြည့် ဓမ္မပူဇာ

၂၀၂၅ ၊ မတ် ၄

    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ခန္ဓာဝန်စွန့် ပျံလွန်တော်မူသွားခဲ့တာ ၂၀၂၅ ဧပြီ ၃၀ ရက်မှာ တစ်နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ဆရာတော်ကြီး နောက်ဆုံး သီတင်းသုံးတော်မူခဲ့ရာ ကန့်ဘလူမြို့နယ် မလည်တိုက်နယ်ထဲက ဉေယျဓမ်တောရမှာ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို ယခုတိုင် လာရောက်ဖူးမြော်သူတွေ ရှိနေဆဲ။ ရုပ်ကလာပ်တော် ကိန်းဝပ်စံမြန်း ပူဇော်ခံထားရှိဖို့ စံကျောင်းတော်ဆောက်လုပ်နေတာလည်း ဆောက်လုပ်ဆဲ အနေအထားမှာပဲ ရှိပါသေးတယ်။ ဉေယျဓမ်တောရနဲ့ မိုင် ၂၀ ခန့်လောက်အကွာမှာ နတ်တလူတောရ (ဝါ) နတ်တလူ သာသနာပြု စခန်းဆိုတာ ရှိပါတယ်။ ၁၃၅၉ ခုနှစ်ကပင် တောရိုင်း ဖုန်းဆိုးမြေကို ခုတ်ထွင်ရှင်းလင်း စေပြီး သာသနာပြုစခန်း ကြီးအဖြစ် ဆရာတော်ကြီးကိုယ်တိုင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ နတ်တ လူတောရရဲ့ အနောက်ဘက် နှစ်မိုင်အကွာမှာ ဆရာတော်ကြီးရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်တဲ့ 'မင်းကုန်း' ရွာကလေး တည်ရှိပါတယ်။
    ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးဟာ ဇာတိမြေကို တရားဖြင့် ကျေးဇူးဆပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) သုဝဏ္ဏသျှမ်တောင်ကနေ နတ်တလူသို့ ကြွတော်မူလာခြင်း ဖြစ်ပါတယ်။ နတ်တလူတောရဟာ ဧက ၄၀ နီးပါးကျယ်ဝန်းပြီး သိမ်၊ ဘုရား၊ ကျောင်းကန်၊ ဓမ္မာရုံ၊ ယောဂီဆောင်များဖြင့် အလွန်ခမ်းနားတင့်တယ်လှပါတယ်။ ၁၃၆၀ ပြည့်နှစ်မှာ ဆရာတော်ကြီးဦး ဆောင်တည်ထားခဲ့တဲ့ ဉာဏ်တော် ၁၈ တောင်အမြင့်ရှိ 'မင်းဘိသိက်ခံဘုရား' 'စေတီဟာလည်း တန်ခိုးကြီး ဆုတောင်းပြည့် ဘုရားတစ်ဆူ ဖြစ်ပါတယ်။ မင်းဘိသိက်ခံဘုရားကို ဉာဏ်တော် အတောင် ၁၈၀ အထိ မြှင့်တင်တည်ထားဖို့ ဆရာတော်ဘုရားကြီးက စနစ်တကျ လမ်းညွှန်တော်မူခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်က ဆရာတော်ဘုရားကြီးရဲ့ တပည့်ဒကာတွေရဲ့ အလှူငွေက သိန်းပေါင်း သုံးသောင်းကျော်တဲ့အထိ လက်ခံရရှိထားပေမယ့် ဘုရား တည်ရေးကိစ္စက (အချိန်အားဖြင့် သုံးနှစ် ကျော်လာသည့်တိုင်အောင်) မြေပြင် သုညအဆင့်က တက်မလာသေးပါဘူး။ ဘုရားတည်ရေး အစည်း အဝေးတွေ အကြိမ်ကြိမ်လုပ်၊ အကြိမ်ကြိမ် စကားများကြ ကွဲပြဲကြတယ်လို့ ကြားသိရပါတယ်။
    ဒီအကွဲအပြဲက ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော် ပူဇော်ထားရှိရေးကိစ္စအထိ သက်ရောက်လာခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို နတ်တလူမှာ ထားရှိလိုသူများနဲ့ ဉေယျဓမ်မှာ ထားရှိလိုသူများရယ်လို့ သိသိသာသာ နှစ်ပိုင်းကွဲထွက်သွားပါတယ်။ နတ်တလူ အုပ်စုမှာက ဆရာတော်ကြီးရဲ့ အစ်မရင်း အမေကြည်ကိုယ်တိုင် ဦးဆောင်နေပြီး ဆွေမျိုးရင်းချာ အများစုပါဝင်နေတာ တွေ့ရပါတယ်။ နတ်တလူရဲ့ ဂေါစဂါမ် သံဃာအတော်များများကလည်း ဆရာတော်ကြီး ရုပ်ကလာပ် တော်ကို နတ်တလူသို့ ပင့်ဆောင်ရေးတောင်းဆို ဆွေးနွေးလာကြပါတယ်။ ညှိနှိုင်းလို့ မရတဲ့အဆုံးမှာတော့ နတ်တလူဂေါစဂါမ်သံဃာတော်များ စုပေါင်းလက် မှတ်ရေးထိုးပြီး သံဃာ့အဖွဲ့အစည်း အဆင့် ဆင့်ထံ တင်ပြခဲ့ရာ ဗဟိုအဆင့်ရောက်တဲ့အထိ မည်သည့် ဆုံးဖြတ်ချက်၊ လမ်းညွှန်ချက်မှ ပေါ်ထွက်မ လာသေးဘူးလို့ သိရပါတယ်။
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးရဲ့ ဘဝဖြစ်တော်စဉ်ဟာ မွေးဖွားသည်မှ ခန္ဓာဝန်စွန့် ပျံလွန်တော်မူတဲ့အထိ ခက်ခဲပင်ပန်းကြမ်းတမ်းလှပါတယ်။ ဒါကြောင့်လည်း ဆရာတော်ဘုရားကြီးကိုယ် တိုင်ရေးထေရုပ္ပတ္တိကို 'ဘဝကန္တာရသင်္ကေတကထာ'လို့ အမည် ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၁၂ စက်တင်ဘာထုတ် 'ဘဝကန္တရသင်္ကေတကထာ'စာအုပ်ကြီးမှာ ဆရာတော်ကြီးကိုယ်တိုင် အောက်ပါအတိုင်း အဓိပ္ပာယ် ဖွင့်ဆိုပေး ထားပါတယ်။
    ဘဝဟူသည် ရုပ်ဓာတ်နာမ်ဓာတ်များ၏ ဖြစ်စဉ်တည်း။ ကန္တာရကား ...ထိုဖြစ်စဉ်များကား ကိလေသာတို့အကြားမှသာ တိုးဝင်ထွက်သွားခြင်းများ ပြုကျင့်ခွင့်ရချေရာ ခက်ခဲသော ခရီးလမ်းကြမ်းနှင့် တူလှသဖြင့် တင်စားထားသော ခရီးခဲလမ်းတည်း။ သင်္ကေတကထာကား ...အချို့ကား သညာအမှတ်ဖြင့်၊ အချို့ကို သတိအမှတ်ဖြင့် စွဲကပ်ထားမိသော အခြေအနေများကို စာထက်အက္ခရာအားဖြင့် မှတ်တမ်းတင်စကား ရေးသားထားရှိခြင်းတည်း။ အားလုံးပေါင်းသော် ...'ခက်ခဲကြမ်းတမ်းလှသော ဘဝဖြစ်စဉ်၏ မှတ်တမ်းတင်စကား ...။' (စာ-၃၅၈)
    ဆရာတော်ဘုရားကြီးရဲ့ ထေရုပ္ပတ္တိကထာထဲက သိမှတ်ဖွယ်ရာ အကြောင်းအရာများကို ထုတ်နုတ်၍ TREND ဂျာနယ်မှာ ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ ဘဝဖြစ်စဉ်အကျဉ်းကို 'နှစ်ဆယ်ရာစု မြန်မာစာရေးဆရာများနှင့် စာစုစာရင်း'မှာ ရေးသားဖော်ပြခဲ့ပါ တယ်။ ဒီစာအုပ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က ၂၀၀၃ ဧပြီလမှာ ပုံနှိပ်ထုတ်ဝေခဲ့တာပါ။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကို ဒဂုန်တာရာ၊ တက္ကသိုလ်ဘုန်းနိုင်၊ ရွှေဥ ဒေါင်း၊ ပါရဂူ၊ ဇော်ဂျီ၊ ကြည်အေး၊ ဗန်းမော်တင်အောင်၊ ဒေါက်တာသန်းထွန်း၊ လူထုဒေါ်အမာ၊ ရန်ကုန်ဘဆွေ၊ သော်တာဆွေ စတဲ့ စာရေးဆရာကြီးများနဲ့အတူ 'နှစ်ဆယ်ရာစု မြန်မာစာရေးဆရာ စာရင်း'ထဲမှာ ထည့်သွင်းဖော်ပြခဲ့တာ အလွန်အံ့သြဖွယ် ဖြစ်ပါတော့တယ်။ ဒီစာအုပ်ထဲမှာ ဆရာ တော်ကြီး ပါဝင်သွားခဲ့ပုံကို ပြောရရင်တော့ တစ်ရက်မှာ ပြန်ကြားရေးက လူကြီး(အရာရှိ)တစ်ယောက်က ကျွန်တော့်ဆီ ဖုန်းဆက်လာပါတယ်။
    'ဆရာမောင်သွေးချွန်၊ ကျွန်တော် တက္ကသိုလ် တင်ခပါ'လို့ မိတ်ဆက်ပါတယ်။
    'ဟုတ်ကဲ့ဆရာ၊ ပြောပါခင်ဗျ'ဆိုတော့ ... 'ကျွန်တော်တို့ စာအုပ်တစ်အုပ် လုပ်နေပါတယ်။ အဲဒီ စာအုပ်မှာ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ကိုယ်ရေး အကျဉ်းနဲ့ စာစုစာရင်းကို ဖော်ပြချင်ပါတယ်။ ဆရာပဲ ရေးပေးစေချင်ပါတယ်'လို့ အကူအညီတောင်းပါတယ်။ အချိန်သိပ်မရတော့လို့ တစ်ပတ်အတွင်း ရေးပေးပါလို့လည်း မေတ္တာရပ်ခံပါတယ်။ ကျွန်တော့်မှာ ရေးလက်စ စာမူကို ရပ်ထားကာ သုံးရက်အတွင်း ပြီးအောင်ရေးပေး ခဲ့ပါတယ်။ ကျွန်တော်ရေးပေးခဲ့တဲ့ အထဲမှာ ...မိဘ၊ ဇာတိ၊ ပညာရေးတို့ အပြင် ...'၁၃၄၁ ခု ဝါဆိုလဆန်း ၂ ရက် ညနေ ၆ နာရီတွင် မဟာစည်ရိပ်သာ၌ ယောဂီ မောင်ငြိမ်းအဖြစ် ဝင်ရောက်ခဲ့သည်။ ဝါဆိုလဆန်း (၈) ရက် ၁ နာရီတွင် ဉာဏ်စဉ်ရခဲ့ပြီး ဝါဆိုလပြည့် ကျော် ၁၄ ရက် နံနက် ၆ နာရီတွင် 'ဉာဏ်လမ်းဆုံး'သို့ ရောက်ရှိခဲ့သည်'လို့ ဖော်ပြခဲ့ပါတယ်။ (စာ-၁၈၆-ရှု)
    အဲဒီမှာ 'ဉာဏ်လမ်းဆုံးသို့ရောက်ရှိခဲ့'ဆိုတာကို တရားအားထုတ်သူတွေသာ နားလည်နိုင်မှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်စေ ဆရာတော်ဘုရားကြီးရဲ့ ကိုယ်ရေးအကျဉ်းနှင့် စာစုစာရင်းကို ရေးသားခွင့်ရခဲ့တာကိုပဲ ကျေးဇူးတင်မိပါတော့တယ်။ အဲဒီနောက် ၂၀၁၃ ခုနှစ် မှာ နေပြည်တော် လက်လုပ်တောင်မှာ တရားပြ သာသနာပြုနေတဲ့ 'ဗုဒ္ဓေါရသ အရှင်ဣန္ဒာစရိယ (ဦးဗောဓိ)'ရဲ့ 'မဟာဗောဓိ မြိုင်ဆရာတော်ဘဝ ဖြစ်စဉ် အကျဉ်းချုပ် စာအုပ်ကလေးကို ဖတ်ခဲ့ရပါတယ်။ ဗုဒ္ဓေါရသအရှင်ဣန္ဒာ စရိယဟာ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ တပည့်ရင်း ဖြစ်ပြီး 'ဗောဓိရိပ်ငြိမ်ဆရာတော်' အဖြစ်လည်း လူသိများ ကျော်ကြားတော်မူလျက် ရှိပါတယ်။ ဘွဲ့တော် အရှင်ဣန္ဒာ စရိယရဲ့နောက်မှာ ကွင်းစ ကွင်းပိတ်နဲ့ (ဦးဗောဓိ) လို့ ဖော်ပြထားတာကတော့ 'ဦးဗောဓိ'ဆိုတာ ဆရာတော် ကြီးပေးထားတဲ့ အမည်ဖြစ်လို့ အမှတ်တရ ဂုဏ်ယူစွာ ဖော်ပြထားပုံရပါတယ်။
    ဦးဗောဓိ(ဗောဓိရိပ်ငြိမ်ဆရာတော်)က ဆရာတော်ဘုရားကြီးရဲ့ 'ဘဝကန္တာရသင်္ကေတကထာ' ကျမ်းစာအုပ်ကြီးကို အနှစ်ချုပ်ကြီး 'သာသနာပြုမဟာခရီးသည်' အမည်နဲ့ရေးသားပြုစုကာ ၂၀၁၁ အောက်တိုဘာလမှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ မဟာဗောဓိမြိုင်ဆရာ တော် ဘဝဖြစ်စဉ်ဖြစ် အကျဉ်းချုပ် စာအုပ်ကလေးကို သီးခြားထုတ်ဝေထားတာ တွေ့ရပါတယ်။ မူလက 'သာသနာပြု မဟာခရီးသည်' စာအုပ်မှာ ပါဠိ-မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြဖို့ စီစဉ်ခဲ့ပေမယ့် အကြောင်း မညီညွတ်ခဲ့လို့ ယခုလို သီးခြားစာအုပ်အဖြစ် ထုတ်ဝေလိုက်တာလို့ နိဒါန်းစကား ဆိုထားပါတယ်။ စာအုပ်အဖွင့်မှာ ...(ဝနဝါသီ မဟာထေရော၊ ဝါဒကော ကန္ထကာရကော၊ ဓူတင်္ဂေါ ဇူရသဗ္ဗန္ဒော၊ ဓိရော ဝီရောစ ဒေသတေ)လို့ ပါဠိဘာသာဖြင့် ဖော်ပြထားပြီး မြန်မာဘာသာဖြင့် အနက်ဖွင့်ပေးထားတာလည်း မှတ်သားစရာ ကောင်းလှပါတယ်။
    မြန်မာပြည်အရပ်ရပ်တို့၌ အရညဝါသီတော ရပ်မှီလျက် အဖော်မမီ ဧကစာရီ ကျင့်တော်မူ လျက်ရှိသော 'မဟာဗောဓိမြိုင် ဆရာတော်'ဟု ထင်ပေါ်ကျော်ကြား လူသိများသော ဝနဝါသီ ဘဒ္ဒန္တ ဉေယျဓမ္မသာမိမဟာ ထေရ်သည် ဂန္ထဓူရ၊ ဝိပဿနာဓူရ တာဝန်ဆောင်သော ဂုဏ်နှင့်ပြည့်စုံ၏။ ဓူတင်ကမ္မဌာန်းတို့ကို ရွှင်လန်းထက် သန်စွာ အားထုတ်၏။ ထိုမှတစ်ဖန် အကျင့်သန်၊ အကျင့်မှန်၍ တည်ကြည်သော မြဲမြံသော သမာဓိပညာရှိကုန်၏။ မိမိသူတစ်ပါး ကောင်းကျိုးတိုးပွားဖို့ သာသနာပြုရာ ၌လည်းကောင်း၊ ဘဝကို ရွံမုန်းဘဝမှ အလွတ်ရုန်းဖို့အား ထုတ်ရာ၌လည်းကောင်း စစ်မြေပြင်ရောက် စစ်သားတစ် ယောက်ကဲ့သို့ ရဲရဲတောက်သော သတ္တိထူးရှိ၏။'
    'ဝေနေယျများစွာ သတ္တဝါတို့ကို ချမ်းသာပွားဖို့ လမ်းညွှန်ကြားသော ကျမ်းဂန်စာပေများစွာတို့ကိုလည်း ရေးသားတော်မူ၏။ တပည့် ဒကာဒကာမတို့အား ကျင့်စဉ်တရား ချော်မသွားရအောင် ဗုဒ္ဓကိုယ်စားရဟန်းတော် အဖြစ်ဖြင့် ဒေသနာဟောကြားပေးတော်မူ၏။ ထို့အပြင် သံသရာတစ်ခွင် ဘဝရေအလျဉ်၌ မျောပါနေကြသူတို့အား လောကီလောကုတ္တရာ နှစ်ဖြာဥစ္စာ ပွားတိုးလာဖို့ ဥပမာ တန်ဆာ အလင်္ကာများဖြင့် ဆုံးမတော်မူ၏'
    ဗုဒ္ဓေါရသ အရှင်ဣန္ဒစရိယ (ဗောဓိရိပ်ငြိမ် ဆရာတော်)ဟာ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးကို ကြည်ညိုပူဇော်လို့ မဝနိုင်အောင်ရှိနေပါတယ်။ ဆက်လက် ပူဇော်ထားတာက 'ရဲရင့်သူ့စံအိမ်'တဲ့။
    ဝီရိယောအာသယောတုယှံ၊
    ဝီရိယောဌာနစင်္ကမံ၊
    ကပ္ပေသီဝီရိယေဝါသံ၊
    ဝီရိယောတဝဂေါစရော၊

    'ရဲရဲရင့်ရင့် မြင့်မြင့်မြတ်မြတ် အားထုတ်ခြင်းသည်သာ အရှင်ဘုရား၏နေရာ ကျောင်းတော် ကြီးပေတည်း။ ရဲရဲရင့်ရင့် မြင့်မြင့်မြတ်မြတ် အားထုတ်ခြင်းသည်သာ အရှင်ဘုရား၏ ရပ်ရာသွားရာ စင်္ကြံတော်ကြီးပေတည်း။ ရဲရဲရင့်ရင့် မြင့်မြင့်မြတ်မြတ် အားထုတ်ခြင်းသည်သာ အရှင်ဘုရား၏ ခိုနားရာ၊ အိပ်ရာ နေရာတော်ကြီး ပါပေတည်း။ ရဲရဲရင့်ရင့် မြင့်မြင့်မြတ်မြတ် အားထုတ်ခြင်းသည်သာ အရှင်ဘုရား၏ စိတ်ကျက်စားရာ အာရုံကြီး ပါပေတည်း။'
    'သူတော်ကောင်းစံအိမ်'ဆိုတဲ့ ရည်ညွှန်းချက် ဖြင့်လည်း ဆရာတော်ဘုရားကြီးကို ဆက်လက်ပူ ဇော်ပြန်ပါတယ်။ 'သူတော်ကောင်းတရားတော်သည်သာ အရှင်ဘုရား၏ နေရာကျောင်းတော်ကြီးပေတည်း' စသည်ဖြင့် ရဲရဲရင့်ရင့် မြင့်မြင့်မြတ်မြတ် အားထုတ်ခြင်းနေရာမှာ 'သူတော် ကောင်းတရား (သဒ္ဓမ္မော)'ကို အစားထိုးရေးဖွဲ့ ထားခြင်း ဖြစ်ပါတယ်။
    အဲဒီနောက် 'မဟာဗောဓိမြိုင်ဆရာတော်၏ ဘဝဖြစ်စဉ်အကျဉ်း'ကို စာပိုဒ် ၂၂ ပိုဒ်ခွဲ၍ အနှစ်ချုပ် ပူဇော်ထားပါတယ်။ မဂ္ဂဇင်းဆိုက်စာမျက်နှာ လေးရာကျော်ရှိသော 'ဘဝကန္တရာသင်္ကေတကထာ' စာအုပ်ကြီးရဲ့ ဖြစ်စဉ်အနှစ်ချုပ်ကို အလွယ်တကူ လေ့လာမှတ်သား နိုင်ပါတယ်။
    ၁။ မဟာဗောဓိမြိုင်ဆရာတော်သည် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ မင်းကုန်းရွာ ဦးဘစံ+ ဒေါ်မေတို့မှ ၁၃၀၃ ခုနှစ် ဝါဆိုလပြည့်နေ့ ည ၁နာရီ အင်္ဂါနေ့တွင် ဖွားမြင်သည်။ ငယ်နာမည်မောင်ငြိမ်း မောင်ဖြစ်သည်။
    ၂။ ၁၃၁၇ ခုနှစ် တပို့တွဲလပြည့်ကျော် ၆ ရက် စနေနေ့တွင် မိခင်ဒေါ်မေ၏ ပစ္စယာနုဂ္ဂဟဖြင့် မင်းကုန်း တောရ ဆရာတော် ဘဒ္ဒန္တသုနန္ဒထံတွင် ရှင်သာမဏေပြုသည်။ ဘွဲ့မည်ရှင် ဉေယျဟု ကိုယ်တိုင်ခံယူခဲ့သည်။
    ၃။ ၁၃၂၃ ခုနှစ် ဝါဆိုလဆန်းတွင် မင်းကုန်း တောရဆရာတော် ဘဒ္ဒန္တအာစာရကို ဥပဇ္ဈာယ်ပြု၍ ထန်းတပင်ရွှေ ဖောင်တော်ဦးကျောင်းတိုက် ခဏ္ဍသိမ်၌ (ပထမအကြိမ်) ရဟန်းဖြစ်သည်။ ရဟန်းဒကာ ဦးဘသန်း + ဒေါ်စောဉာဏ်တို့ ဖြစ်သည်။
    ၄။ ၁၃၁၈ ခုနှစ် ကဆုန်လပြည့်ကျော် ၁၀ ရက် ရွှေဘိုမြို့ ဝေဠုဝန်ပါဠိတက္ကသိုလ်စာ သင်တိုက်သို့ ပိဋကတ်စာပေများ သင်ယူရန် ရောက်ရှိ။
    ၅။ ၁၃၁၉ ခုနှစ် ရွှေဘိုဝေဠုဝန်ပါဠိတက္ကသိုလ်မှ အစိုးရ ပထမငယ်တန်းအောင်မြင်သည်။
    ၆။ ၁၃၂၁ ခုနှစ် ဝါဆိုလဆန်း ၁၁ ရက် ရန်ကုန်မြို့ ကျောက်ပန်းတောင်းကျောင်းတိုက်သို့ ရောက်ရှိ။
    ၇။ ၁၃၂၁ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် ၃ ရက် မော်လမြိုင် စိန်မမ ပါဠိတက္ကသိုလ်သို့ ရောက်ရှိ။ ထိုနှစ်မှာပင် အစိုးရပထမလတ်တန်း အောင်မြင်သည်။
    ၈။ ၁၃၂၅ ခုနှစ် နွေဦးတွင် ပုသိမ်မြို့ ပါဠိတက္ကသိုလ်သို့ ရောက်ရှိ၊ ထိုနှစ်မှာပင် အစိုးရပထမကြီး တန်းအောင်မြင်သည်။ (တိုင်းတွင် ဒုတိယရသည်။)
    ၉။ ၁၃၂၇ ခု တော်သလင်းလဆန်း ၁၃ ရက်တွင် စာသင်တိုက်တွင် နေဖို့ခက်ခဲခြင်းကြောင့် လူဝတ် လဲခဲ့သည်။ ရန်ကုန်တွင် ဆေးလိပ်ခုံ၌ စာရေး ဝင်လုပ်သည်။
    ၁၀။ ၁၃၂၉ နယုန်လတွင် မိခင်ဒေါ်မေ၊ အစ်မဒေါ်ကြည်တို့၏ စီစဉ်မှုဖြင့် တစ်ရွာတည်းနေ ဒေါ်စိန်မေနှင့် အိမ်ထောင်ကျခဲ့သည်။ ရန်ကုန် သင်္ဃန်းကျွန်းမှာ နေထိုင်ခဲ့ပြီး ဈေးဆိုင်၊ အထည်ဆိုင်၊ ဆေးဆိုး ပန်းရိုက်၊ မဲနယ်လုပ်ငန်းများဖြင့် အသက်မွေးခဲ့သည်။ ရပ်ကွက်လူမှုရေးများနှင့် ရလကအဖွဲ့ဦး ဆောင်ကော်မတီ အမှုဆောင်လူကြီး၊ မဆလပါတီ ကိုယ်စားလှယ်၊ တရားရေးကော်မတီဥက္ကဋ္ဌ၊ အုပ်စုခေါင်းဆောင်၊ အရန် ပါတီဝင် စသည်များ ထမ်းဆောင်ခဲ့သည်။
    ၁၁။ ဘဝဒုက္ခကို သံဝေဂရသည် ဖြစ်၍ ၁၃၃၇ ခုနှစ်မှစ၍ ပုတီးစိပ်အဓိဋ္ဌာန်ဝင်ခြင်း တောကျင့်၊ တောင်ကျင့်၊ ဂူကျင့် အဆင့်ဆင့်သော ကျင့်စဉ်များ ဆောက်တည်ခြင်း၊ ဘုရားတည်ခြင်း၊ ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့သည်။
    ၁၂။ ၁၃၃၉ ခုနှစ်တွင် ကျိုက်လတ်မြို့နယ် ဆင်ကူးကြီးချောင်းရွာရှိ ပြည်လုံးချမ်းသာ ဖောင်တော် ဦးစေတီကို ပြုပြင်မွမ်းမံသည်။ ပြာသိုလပြည့်နေ့တွင် ပန္နက်တင်၍ တပေါင်းလပြည့်တွင် ထီးတော် တင်နိုင်ခဲ့သည်။
    ၁၃။ ၁၃၄၁ ခု ဝါဆိုလဆန်း ၁ ရက် တနင်္ဂ နွေနေ့တွင် ရန်ကုန်မဟာစည် သာသနာ့ရိပ်သာ ကြီးတွင် ၄၉ ရက် တရားစခန်းဝင်ခဲ့သည်။
    ၁၄။ ၁၃၄၁ ခု ဝါခေါင်လပြည့်ကျော် ၇ ရက် ညနေ ၅ နာရီတွင် ဉာဏ်စဉ်တရားများ နာကြားခွင့်ရ သည်။
    ၁၅။ ၁၃၄၁ ခု တော်သလင်းလဆန်း ၁၂ ရက် တနင်္ဂနွေနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဘောက်ထော်သီရိရတနာလမ်း သာသနာ့ဗိမာန်ဆရာတော် ဘဒ္ဒန္တဝိမလကို ဥပဇ္ဈာယ်ပြု၍ ခေမာသီဝံကျောင်း တိုက်ခဏ္ဍသိမ်တွင် (ဒုတိယအကြိမ်) ရဟန်းဖြစ်သည်။
    ၁၆။ ၁၃၄၁ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၄ ရက် အင်္ဂါနေ့မှ အစပြုကာ အရညဝါသီတော ရပ်မှီလျက် ဧကစာရီ အဖော်မမှီဘဲ ထွက်ခဲ့ရာ ယနေ့တိုင် မြန်မာပြည် အရပ်ရပ်တို့၌ လှည့်လည် သီတင်းသုံးနေတော် မူလျက်ရှိသည်။
    ၁၇။ ၁၃၄၁ ခုတွင် သာစည်မြို့နယ် ရွှေကျောင်းကုန်းတောင်ထိပ်၌ 'လောကမုနိ'စေတီကို တည် ထားခဲ့သည်။ အုတ်မြစ်ချ မင်္ဂလာနှင့် ဌာပနာပိတ်ပွဲကို တပို့တွဲလပြည့်နေ့တွင် ပြုလုပ်ပြီး တပေါင်းလပြည့်နေ့တွင် ထီးတော်တင်ပွဲ ပြုလုပ်ခဲ့သည်။
    ၁၈။ ၁၃၅၃-၅၄-၅၅ ခုနှစ်များတွင် ပျဉ်းမနား (ယခုနေပြည်တော်)ရှိ လက်လုပ်တောင်တော ရတွင် သီတင်းသုံးစဉ် 'လက်လုပ်တောင် ဆရာတော် ဈာန်ပျံသည်'ဟူသော သတင်းစကားကြောင့် ဆရာတော်၏ အကြောင်း တစ်နိုင်ငံလုံး ပျံ့လွင့်ခဲ့သည်။
    ၁၉။ ၁၃၅၇ ခုနှစ် တပေါင်းလပြည့်နေ့တွင် သုဝဏ္ဏသျှမ်တောင်တော်တွင် လားဟူ ၂၂ ရွာ၊ လီရှော လေးရွာတို့မှ လူနှစ်ထောင်ကျော်၏ ဗုဒ္ဓဘာသာခံယူပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။ ယင်းတိုင်းရင်းသားများ လောကဓမ္မ ဒေသန္တရ ဗဟုသုတ တိုးပွားရန် ရည်သန်၍ ၁၃၅၈ ခုနှစ် တပေါင်းလဆန်း ၃ ရက်တွင် သာစည်၊ ပျဉ်းမနား၊ ရွှေဘို၊ မန္တလေး၊ ရန်ကုန်မြို့များသို့ ပို့ဆောင်ပေး ခဲ့သည်။ ထိုသို့သော အကြောင်းများကြောင့် 'မဟာဗောဓိမြိုင်ဆရာတော်'ဟူ၍ နိုင်ငံအနှံ့ လူသိများ ထင်ရှားခဲ့သည်။
    ၂၀။ ၁၃၅၉ ခုနှစ်တွင် နတ်တလူတောရကို စတင်တည်ထောင်၍ ဝါဆိုလပြည့်မှ တော်သလင်းလပြည့်အထိ နှစ်လတိတိ တရားစခန်း ဖွင့်ပေးခဲ့သည်။ စခန်းပွဲတွင်း ဝေယျာဝစ္စ ဆောင်ရွက်သူများအတွက် တော်သလင်းလပြည့်မှ သီတင်းကျွတ်လပြည့်နေ့အထိ တစ်လစခန်း ဖွင့်လှစ်ပေးခဲ့သည်။
    ၂၁။ ၁၃၅၉ ခုနှစ်တွင် နတ်တလူတောရ၌ 'မင်းဘိသိက်ခံဘုရား' တည်ထားပူဇော်သည်။ ၁၃၆၀ ပြည့် ကဆုန်လပြည့်နေ့တွင် ဌာနပနာပိတ်ပွဲ၊ တပေါင်းလ ဆန်း ၁၄ ရက် ထီးတော်တင်ပွဲနှင့် တပေါင်း လပြည့်နေ့တွင် အနေကဇာတင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
    ၂၂။ ၁၃၆၁ ခု ကဆုန်လပြည့်နေ့တွင် ဇာတိ မင်းကုန်းရွာတွင် 'ဉေယျဓမ်ရွှေချက်သိုတံခွန်တိုင်' စေတီကို တည်ထားခဲ့သည်။ တစ်ချိန်တည်းမှာပင် နတ်တလူ တောရ၌ နှစ်လတရားစခန်း ထပ်မံဖွင့်ပေး ခဲ့သည်။ (စာ-၂၁ မှ စာ-၂၄ အထိ)
    ယခုအခါ ဉေယျဓမ်တောရမှာ သီတင်းသုံး လျက်ရှိသည်လို့ နိဂုံးချုပ်ဖော်ပြထားပါတယ်။ အကျဉ်းချုပ်ဖြစ်တဲ့အတွက် ဒီလောက် ဖော်ပြပေးတာပဲ ကျေးဇူးတင်စရာ ကောင်းပါတယ်။
    ဗောဓိရိပ်ငြိမ်ဆရာတော်က ဘုရားဟော ဘဝအမြင်ကို ဒီလိုဖော်ပြခဲ့ပါတယ်။
    'ချစ်သားရဟန်းတို့ အနည်းငယ်မျှသော မစင်သည်လည်း မကောင်းသောအနံ့ ရှိသကဲ့သို့ ဤအ တူပင် အနည်းငယ်သော ဘဝကိုလည်း ငါဘုရား ချီးမွမ်းတော် မမူ၊ အယုတ်ဆုံးအားဖြင့် လက်ဖျစ်တစ်တီး ကာလမျှဖြစ်သော ဘဝကိုလည်း ငါဘုရား ချီးမွမ်းတော်မမူ၊ ဘုရားရှင်က ဘဝတိုတိုပဲ ဖြစ်ဖြစ်၊ ဘဝရှည်ရှည်ပဲ ဖြစ်ဖြစ် ကောင်းစားတဲ့ဘဝပဲဖြစ်ဖြစ်၊ မကောင်းစားတဲ့ဘဝပဲဖြစ်ဖြစ် ဘယ်ဘ၀ကိုမှ မချီးမွမ်းပါချေ။ ဘယ်ဘဝကိုမှ ချမ်းသာသည်ဟု မဆိုပါချေ။ ဘဝဟူသမျှ ဒုက္ခဖြစ်၍ မချီး မွမ်းခြင်းပင်ဖြစ်၏' (စာ-၃၄)
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးကတော့ 'ဘဝဟူသည် ဝန်ထုပ်ဝန်ပိုး ကြီးများကို ထမ်းစေ၊ ပိုးစေ၍ အပြေးခိုင်းခံရရာ နေရာဒေသ တည်း၊ ဘဝဟူသည် ဒဏ်သင့်သူတို့ ထားရာသိုရာ နေရာဒေသတည်း'လို့ ဘဝကန္တာရသင်္ကေတကထာကျမ်းကြီးမှာ ရေးခဲ့ပါတယ်။ ဘုရားရဟန္တာ တို့တောင်မှ ပေးဆပ်ရလေ့ရှိသော လောကဓံကြွေးများကို ပေးဆပ်ရင်း ဓမ္မကို အရယူကာ ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင် ဆရာတော် ဘုရားကြီးဟာ ခန္ဓာဝန်ကို စွန့်တော်မူခဲ့လေပြီ။ ပျံလွန်တော်မူတာ တစ်နှစ်တင်းတင်း ပြည့်တဲ့ဒီအချိန်မှာ တစ်ထွာတစ်ညိုသော ဓမ္မစာစုဖြင့် ရိုသေလေးမြတ်စွာ ပူဇော်အပ်ပါသည် အရှင်မြတ်ကြီးဘုရား။
မောင်သွေးချွန်
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43271

© 2022 - 2025 News. All Rights Reserved.