မိတ်ဆွေရန်သူ၊ အဖြူအမည်း မသဲမကွဲ

၂၀၂၅ ၊ မတ် ၄

    ကျွန်တော်တို့ခေတ်ရဲ့ ငြိမ်းချမ်းရေးစာဆိုတော်ကြီး ဆရာဒဂုန်တာရာက 'မုန်းသူမရှိ၊ ချစ်သူသာရှိ' 'ရန်သူမရှိ မိတ်ဆွေသာရှိ'လို့ စာကဗျာတွေထဲမှာ မကြာခဏ ထည့်ရေးလေ့ရှိပါတယ်။ 'ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်'လို့လည်း အကြိမ်ကြိမ် ဖော်ထုတ်ပြောဆိုခဲ့၊ ရေးသားခဲ့ပါတယ်။ သမိုင်းခေတ်တွေကို ဖြတ်သန်းလာတဲ့ ဆရာဒဂုန်တာရာဟာ သမိုင်းခံစားမှုနဲ့ ရေးခဲ့တဲ့ အယူအဆလည်း ဖြစ်ပါတယ်။ ဆရာ့ရဲ့ 'ရန်သူမရှိ' အယူအဆ၊ 'ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်'ဆိုတဲ့ မဟာဗျူဟာတွေအပေါ်မှာ ဆန့်ကျင် ကန့်ကွက်သူတွေ ရှိလာကြပါတယ်။ ဆရာ့ကို ချစ်ခင်လေးစားခဲ့သူတွေတောင်မှ ဒီအယူအဆကို လက်မခံနိုင်ကြပါဘူး။
    သြကာသ ဘုရားရှိခိုးထဲမှာတောင် 'ရန်သူမျိုး ငါးပါး'ဆိုတာ ရှိနေတာပဲ။ ပုထုဇဉ်လောကမှာ 'ငါနှင့်မတူ င့ါရန်သူ'လို့ အလွယ်တကူ သတ်မှတ်နေချိန်မှာ မိတ်ဆွေထက် ရန်သူတွေက ပိုများလာ မယ်ထင်ပါတယ်။ သဘာဝတရားကြီးကိုက ရန်သူရယ်၊ မိတ်ဆွေရယ် စည်းခြားထားပြီး ဖြစ်နေပါတယ်။ ပျားသကာနဲ့ ခါးတမာရော လို့မရပါဘူး။ ကျားနဲ့သမင်၊ ဖားနဲ့မြွေ အတူနေလို့မရပါဘူး။ ဗုဒ္ဓဘုရား ဟောကြားခဲ့တဲ့ မင်္ဂလသုတ်မှာ ...'အသေဝနာစ ဗာလာနံ၊ လူမိုက်ကိုရှောင်ကြဉ်ရမယ်'၊ 'ပဏ္ဍိ တာနဉ္စသေဝနာ - ပညာရှိကို မှီဝဲဆည်းကပ် ပေါင်းဖော်ရမယ်'လို့ လမ်းညွှန်ထားလေရာ လူမိုက်နှင့် ပညာရှိကို စည်းခြားပေးလိုက်တာပဲ မဟုတ်ပါလား။
    ဆရာဒဂုန်တာရာက 'ရန်သူကို မိတ်ဆွေဖြစ် အောင်လုပ်'ဆိုတာ အမျိုးသားညီညွတ်ရေးကို ဖော်ညွှန်းတဲ့စကားလို့ နားလည်ရပါတယ်။ ငြိမ်းချမ်းရေးလိုချင်ရင် ညီညွတ်ရေးကို အရင်တည်ဆောက်ရ မယ်မဟုတ်ပါလား။ ဒါပေမဲ့ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာန်မာနတွေကို အလံထူထားတဲ့သူတွေက ငါနဲ့မတူ ငါ့ရန်သူလို့ သတ်မှတ်ပြီး အပြတ်ရှင်းနေကြချိန်မှာ မေတ္တာတရားနဲ့ မထိုက်တန်သလို ဖြစ်နေပါတယ်။ 'ရန်သူကို မိတ်ဆွေ ဖြစ်အောင်လုပ်'ဆိုတဲ့ ဆရာဒဂုန်တာရာရဲ့ မေတ္တာစကားကို အမေရိကန် လူမည်းအခွင့်အရေးခေါင်းဆောင် 'မာတင်လူသာကင်း' ဆီကလည်း ကြားဖူးခဲ့ပြီး ဖြစ်ပါ တယ်။
    'Love is the only force capable of trans-Forming an enemy into a friedn' 'ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်နိုင်တဲ့ တစ်ခုတည်းသော အားက ချစ်မေတ္တာပဲ'
    ၂၀၁၁ ဖေဖော်ဝါရီလထုတ် ဆရာကိုတာ ဘာသာပြန်တဲ့ 'အိပ်မက်' (မာတင်လူသာကင်း ဂျူနီယာ အကြောင်း) စာအုပ် စာမျက်နှာ ၅၃ မှာ အဲဒီလို ဖော်ပြထားပါတယ်။ မူရင်းရေးသူ အမည်မပါရှိတဲ့ မူရင်းစာအုပ်အမည်က 'The words and Inspiration of MARTIN LUTHER KING.JR'  ဖြစ်ပါတယ်။
    ကင်းဟာ ငယ်စဉ် (၆) နှစ်သားကလေးဘ၀ကလည်းက လူဖြူလူမည်း ခွဲခြားတာကို အသည်းနာအောင် ခံစားခဲ့ရတာပါ။
    'နောက်နှစ် အနည်းငယ်တွင် ကြုံရပြန်သည် ကားကင်းနှင့် သူ၏ ဆရာတစ်ဦး စကားရည်လုပွဲမှ ဘတ်စ်ကားစီးပြီး အပြန်တွင်ဖြစ်သည်။ လူဖြူများထိုင်ရန်အတွက် သူတို့နှစ်ဦးက ထိုင်ခုံမှ ထပေးကြရ သည်။ ဘတ်စ်ကားခရီးကား နာရီများစွာ ကြာသည်။ သူတို့ နှစ်ယောက်မှာ ဂုဏ်သိက္ခာမရှိ၊ ရှက်စရာ အဖြစ်ကို နာရီများစွာ ခံစားရသည်။ (၁၄)နှစ်အရွယ်ကင်းမှာ မတရားခြင်း၊ အဆင့်ခွဲခြားခြင်း၌ ဒေါသ များ ပြည့်လျှံလာသည်။ ငယ်သူငယ်ချင်းနှင့်အတူ မကစားရဟု အတားခံရကတည်းက လူဖြူတို့ကို စတင် မုန်းတီးလေပြီ။' (ကိုတာ၊ အိပ်မက်၊ စာ-၈)
    ကင်းဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ခံစားခဲ့ရတဲ့ ဒေါသနဲ့ မုန်းတီးစိတ်တွေကို မေတ္တာလမ်းစဉ်၊ အကြမ်းမ ဖက်ရေးလမ်းစဉ်အဖြစ် ပြောင်းလဲပစ်နိုင်တာ အလွန်အံ့သြဖို့ကောင်းပါတယ်။ ကင်း ကောလိပ်ရောက်တော့ ဟင်နရီဒေးဗစ်သော်ရိုးရဲ့ အက်ဆေးတွေ ဖတ်ရတယ်။ 'သော်ရိုး၏ အကြမ်းမဖက် သော ဆန့်ကျင်ရေးသီအိုရီကို လေ့လာရသည်။ အသက် (၁၅) နှစ်မျှသာရှိသေးသော ကင်းသည် ကောလိပ်၌ လူ့အဖွဲ့အစည်းကို အဆိပ်ခတ်နေသော မကောင်းဆိုးရွား လူမျိုးရေးဝါဒကို ရင်ဆိုင်ရန် နည်းလမ်းအဖြစ် ထိုအကြမ်းမဖက်သော ဆန့်ကျင်ရေးကို စဉ်းစားလာသည်။' (၎င်း၊ စာ-၉)
    'မေတ္တာထားခြင်း တန်ခိုးအာနိသင်သည် လူမည်းတို့တိုက်ပွဲကို အောင်မြင်စေမည်ဟု ယုံကြည်လေသည်။ ထိုတိုက်ပွဲအောင်မြင်စေရန် စကားလုံးများထက် ပို၍ လိုအပ်သည်ဟုလည်း မြင်လာသည်။ ထို့အပြင် မိုဟန်ဒတ်စ် ဂန္ဒီ၏ အတွေးအခေါ်များ၊ လုပ်ဆောင်မှုများနှင့်လည်း ဆက်မိလာသည်။ ဂန္ဒီ၏ အကြမ်းမဲ့ စကြာဂဟလှုပ်ရှားမှုနှင့် ဆန္ဒပြခြင်းများ၊ ချီတက်လှည့်လည်ခြင်းများ ပေါင်းစပ်၍ ဗြိတိသျှ ကိုလိုနီစနစ်ကို တိုက်ထုတ်ခြင်းကို မာတင်လူသာကင်း နှစ်သက်သည်။' (စာ-၁၂)
    မာတင်လူသာကင်းရဲ့ လှုံ့ဆော်ဟောပြောမှု တွေကြောင့် လူမည်းတိုက်ပွဲ အရှိန်မြင့်လာတယ်။ မောင်ဂိုမာရီဘတ်စ်ကား သပိတ်ဟာ တစ်နှစ်ကြာတဲ့အထိ လူမည်းတွေ ဇွဲကောင်းခဲ့ကြတယ်။ ဒီတိုက်ပွဲမှာ လူမည်းတွေ အနိုင်ရခဲ့ကြတယ်။ တရားရုံးချုပ်က အသားအရောင်ခွဲ ခြားရေးဥပဒေများမှာ အခြေခံဥပဒေနဲ့မညီလို့ ဆုံးဖြတ် ပေးခဲ့ရပါတယ်။ ကင်းဟာလည်း လူဖြူတွေရဲ့ ပစ်မှတ် ဖြစ်လာတယ်။ ခြိမ်းခြောက်မှုတွေ ခံလာရတယ်။ သူ့အိမ်ကို မီးလောင်ဗုံးနဲ့ပစ်တာ ခံရတယ်။ လူမည်းအုပ်စုကြီး ရောက်လာတယ်၊ ပုလိပ်တွေလည်း ရောက်လာတယ်။ အခြေအနေ တင်းမာပြီး ပေါက်ကွဲတော့မယ်။
    'ကင်းသည် လူအုပ်ကြီးအား လက်နက်များကို စွန့်ရန်နှင့် သူကတော့ အခြေအနေမည်သို့ ဆိုးပါစေ၊ အကြမ်းဖက်မှုကို မထောက်ခံဟု ဟောသည်။ ရန်သူကိုလည်း ချစ်ရမည်ဟု ဟောလေသည်။' (စာ-၁၇)
    သပိတ်မှောက်ခြင်း မပြီးဆုံးမီ ကင်းမှာစည်း ကမ်းမဲ့အမှိုက်ပစ်မှုနှင့် လုပ်ကြံစွပ်စွဲလျက် အဖမ်းခံရသည်။ တရားရုံးက အပြစ်ရှိသည်ဟု ဆုံးဖြတ်၍ ဒဏ် ငွေ ၁၀ ဒေါ်လာ သို့မဟုတ် ထောင်ဒဏ် ၁၄ ရက်ကျခံရန် ချမှတ်သည်။} (စာ-၁၇)
    ကင်းသည် ထောင်ကျခံမည်လို့ ရဲရင့်ပြတ်သားစွာ ကြေညာလိုက်ပါတယ်။
    'အကြမ်းမဲ့သောနည်းနှင့် ကျရောက်လာမည့် အန္တရာယ်ကို ပြေးတွေ့ခြင်းနည်းသည်သာ နီဂရိုးတို့အပေါ် ကျူးလွန်သော အကြမ်းဖက်ခြင်း ငရဲခန်းတို့ကို ဤ နိုင်ငံမှ ပယ်ဖျက်နိုင်လိမ့်မည်။' 'လာမည့် သပိတ်မှောက်ပွဲများ၊ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများတွင် ထောင်ပြည့်ပါစေ၊ ထောင်လျှံပါစေ၊ ထောင်မကြောက်ရန် သူဟော၏။ လူတွေက လိုက်နာ၏။'
    အဲဒီနောက် တိုက်ပွဲတွေက ပြင်းထန်လှပါတယ်။ ကင်းရဲ့ တိုက်ပွဲပုံသဏ္ဌာန်ကတော့ အကြမ်းမဖက်ရေး၊ အကြမ်းမဖက်ရေးနဲ့ ပတ်သက်ပြီးတော့ ကိုတာ ဘာသာပြန်တဲ့ စာအုပ်မှာ ဖွင့်ဆိုချက်ရယ်လို့ မယ်မယ်ရရ မပါရှိပါ။ ဒါနဲ့ ၂၀၁၀ အောက်တိုဘာထုတ် ဆရာခင် မောင်တိုး(မိုးမိတ်) ဘာသာပြန်တဲ့ 'သတ္တိ' စာအုပ်ထဲက ကင်းရဲ့ ဒဿနတွေကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။ (မူရင်းစာအုပ် Courage ကို ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန်ဘရောင်းက ရေးပါတယ်။)
    'အကြမ်းမဖက်ရေးဟာ ပြင်ပအကြမ်းဖက်မှုကို သာမကပါဘူး၊ စိတ်ဝိညာဉ်ရဲ့ အတွင်းပိုင်း အကြမ်းဖက်မှုကိုပါ ရှောင်ပါတယ်။ ဒါကြောင့်မို့လည်း ကျွန်တော်တို့ရဲ့လှုပ်ရှားမှု အလယ်ဗဟိုမှာ ချစ်ခြင်းမေတ္တာ တရားဆိုင်ရာ ဒဿနက အမြဲတမ်းနေရာယူထားခြင်း ဖြစ်ပါတယ်။' (သတ္တိ၊ စာ-၃၂၅)
    ကင်းရဲ့ ငြိမ်းချမ်းရေးဆု မိန့်ခွန်းထဲမှာ အကြမ်းမဖက်ရေးဆိုတာ မလှုပ်မယှက်နေခြင်း မဟုတ်၊ ကြိတ်မှိတ် သည်းခံနေခြင်း မဟုတ်လို့ ရှင်းပြခဲ့ပါတယ်' (သတ္တိ၊ စာ-၃၂၃)
    ကင်းဟာ ၁၉၆၃ မှာ တိုင်းမ်မဂ္ဂဇင်းရဲ့ စံပြလူသားအဖြစ် ရွေးချယ်ဖော်ပြခံရတယ်။ ၁၉၆၄ မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခြင်း ခံရတယ်။ ၁၉၆၃ မှာ ပြောခဲ့တဲ့ သူ့မိန်းခွန်းဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ ၁၉၆၈ မှာ လူဖြူတစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရတယ်။ နိုဘယ်ဆုရချိန်မှာ သူ့အသက် (၃၅) နှစ်၊ လုပ်ကြံခံရချိန်မှာ (၃၉) နှစ် ...။
    'သို့ရာတွင် သူ့အိပ်မက်ကား မသေဆုံးခဲ့ပါ။ ကင်း၏ စကားလုံးများသည်လည်း မသေဆုံးပါ။ 'ဒီနေ့ ကျုပ်အိပ်မက် မက်တယ်၊ ကျုပ်အိပ်မက်ကတော့ တစ်နေ့မှာ ရှိသမျှချိုင့်တွေ ဖို့လိမ့်မယ်။ မောက်နေတဲ့ ကမူတွေကို ဖြိုလိမ့်မယ်။ မညီတဲ့နေရာတွေ ညီလိမ့်မယ်၊ ကောက်တဲ့နေရာတွေ ဖြောင့်လိမ့်မယ်။ လူတိုင်း အတူတကွ အဲသလို ဖြစ်လာတာကို မြင်တွေ့ရမယ် (ကိုတာ၊ အိပ်မက်၊ စာ-၂၃)
    စာအုပ်ကို ဒီအိပ်မက် မိန့်ခွန်းနဲ့ ဖွင့်ခဲ့တာပါပဲ။ 'ကျွန်တော့်မှာ အိပ်မက်ရှိတယ်'ဟူသော အထက်ပါ မိန့်ခွန်းကို ဝါရှင်တန်ဒီစီရှိ လင်ကွန်းအောက်မေ့ဖွယ်ခန်းမ၌ ဟောသည်'လို့ ကိုတာရဲ့စာ အုပ်မှာ ဖော်ပြထားပါတယ်။ မာတင်လူသာကင်းရဲ့ မိန့်ခွန်းက "I Have a Dream" ဖြစ်ရာ (ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိတယ်)လို့ပဲ ဘာသာပြန်သင့်ပါတယ်။ ဆရာကိုတာက 'ကျွန်တော့်မှာ အိပ်မက်ရှိတယ်' လို့ ဘာသာပြန်ထားရာ မူရင်း a Dream နဲ့ အဓိပ္ပာယ်ချင်း ဝေးနေသလိုပါပဲ။ ၂၀၀၇ မေလထုတ်ဆရာ ချစ်ဦးတင် ဘာသာပြန်တဲ့ 'အကျော်ကြားဆုံး ပုဂ္ဂိုလ်တို့၏ ဘဝရုပ်ပုံလွှာနှင့် အထင်ရှားဆုံး မိန့်ခွန်းများ' စာအုပ်စာမျက်နှာ ၂၀၉ မှာတော့ I Have a Dream က 'မျှော်လင့်ချက် အိပ်မက်တစ်ခု'လို့ ဖြစ်သွားပြန်တယ်။ မူရင်းမှာ 'မျှော်လင့်ချက်'ဆိုတဲ့ စကားလုံးမပါရှိ။ ဘာသာပြန်သူက ကွန့်လိုက်ခြင်း လက်ဆော့ လိုက်ခြင်းသာ။
    နောက်ဆုံးစာအုပ်ကတော့ ၂၀၂၃ ဇန်နဝါရီ မှာ တက်လူကျော်စာပေက ဒုတိယအကြိမ်ပုံ နှိပ်ထုတ်ဝေခဲ့တဲ့ ဆရာဘိုးလှိုင် မြန်မာပြန် 'ဂန္ထဝင်စကား' စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာလည်း မာတင်လူသာကင်းရဲ့ မိန့်ခွန်းကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ဖော်ပြထားပါတယ်။ မူရင်းက I have a dream ၊ ဆရာဘိုးလှိုင်က 'ကျုပ်အိပ် မက်မက်တယ်'လို့ ဘာသာပြန်တယ်။ မူရင်းက I Dream ဆိုရင်တော့ ကျုပ်အိပ်မက်မက်တယ်လို့ ဘာသာပြန်သင့်တာပေါ့။ I have a Dream လို့ ပြောထားပါရက်နဲ့ ဆရာကြီးတွေဆိုတော့ မူရင်းကို ချိုးဖောက်ပြီး ကျုပ်အိပ်မက် မက်တယ်လုပ်ပစ်တာ ဘာသာပြန်ဆရာကောင်း တစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့ ညီရဲ့လားလို့ မေးစရာ ဖြစ်တော့တယ်။
    ကင်းရဲ့ မိန့်ခွန်းကို ဘာသာပြန်ရာမှာ ဆရာကိုတာက 'တစ်နေ့တော့ ဒီနိုင်ငံကြီး နိုးထလာ လိမ့်မယ်'လို့ တစ်နေရာမှာ ဘာသာပြန်ထားတယ်။ သတ္တိစာအုပ်မှာ ဆရာခင်မောင်တိုး(မိုးမိတ်)က 'တစ်နေ့မှာ ဟောဒီပြည်သူတွေ နိုးကြားထကြွလာလိမ့်မည်'လို့ ဘာသာပြန် ပေးထားပါတယ်။ အဲဒီမှာ ကိုတာက 'နိုင်ငံ'လို့ ဘာသာ ပြန်ပြီး ခင်မောင်တိုး(မိုးမိတ်)က 'ပြည်သူ'လို့ ဆိုပါတယ်။ 'နိုင်ငံ'နှင့်' ပြည်သူ' အဓိပ္ပာယ်ချင်းမတူပါ။ ဒါနဲ့ ဆရာဘိုးလှိုင်ရဲ့ အင်္ဂလိပ်မူရင်းထဲ ရှာကြည့်လိုက်တော့ 'I have a dream that one day this nation will rise up and live out ...' လို့ တွေ့ရပါတယ်။ မူရင်းက Nation (နိုင်ငံ) ကို ဆရာခင်မောင်တိုးက 'ပြည်သူ'လို့ လုပ်ထားတာလည်း အံ့သြခဲ့ရပါတယ်။ (မူရင်းက People မှမဟုတ်ဘဲ)
    အဲဒီလို ဘာသာပြန် ကွဲလွဲချက်ကလေးတွေရှိ နေပေမယ့် လုံး၀တူညီသော အကြောင်းအရာကတော့ 'အကြမ်းမဖက်ရေးလမ်းစဉ်' ဖြစ်ပါတယ်။ မာတင်လူသာကင်းဟာ အိန္ဒိယအထိ အရောက်သွား ပြီး ဂန္ဒီကြီးရဲ့ အကြမ်းမဖက်ရေးလမ်းစဉ်ကို ထုံကူးခဲ့တယ်။ ဒါပေမဲ့ ဂန္ဒီကြီးရော၊ မာတင်လူသာကင်းပါ အကြမ်းဖက်သမားရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရတယ်။ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ဆိုတဲ့ စကားက ကြားလို့ကောင်းတယ်။ တကယ့်လက်တွေ့မှာတော့ ရန်သူဟာ မိတ်ဆွေ ဖြစ်မလာဘဲ ရန်သူက ရန်သူလို ကျင့်သုံးသွားတာတွေ့ရပါတယ်။
    'နှစ်ပေါင်းတစ်ရာကြာခဲ့ပြီး နောက်မှာလည်း နီဂရိုးတွေဟာ မလွတ်လပ်ကြသေးပါဘူး။ နှစ်ပေါင်း တစ်ရာသာ ကြာသွားပါတယ်။ နီဂရိုးတွေရဲ့ဘဝဟာ လူမျိုးရေးခွဲခြားမှုနဲ့ လက်ထိပ်ခြေထိပ်တွေ ခတ်ထားခံရ၊ အဖက်မတန်သလို နှိမ့်ချခွဲခြား ဖိနှိပ်ဆက်ဆံခံရမှု၊ သံနှောင်ကြိုးတွေနဲ့ ချည်နှောင်ထား ခံရရင်း ဝမ်းနည်းစရာ ကောင်းအောင် အကြီးအကျယ် ထိခိုက်နစ်နာနေရဆဲ ဖြစ်နေတယ်။ နှစ်ပေါင်း ၁၀၀ ကြာခဲ့ပေမယ့်လည်း နီဂရိုးတွေဟာ အမေရိကန်လူ့အဖွဲ့အစည်းရဲ့ ထောင့်တစ်ထောင့်မှာ ချောင်ထိုးခံနေရဆဲဖြစ်ပြီး သူတို့ဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်မြေ၊ ကိုယ့်ရေပေါ်မှာပဲ တိုင်းပြည်က နှင်ထုတ်ခံရတဲ့ ပြည်ပြေးတွေလို ဘဝမျိုးကို ရောက်ရှိခံစား နေရတယ်။'
    ဒီအကြောင်းတွေကို 'ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိတယ်' မိန့်ခွန်းထဲမှာ ကင်းက ထည့်ပြော သွားတာပါ။ ၁၉၆၃ သြဂုတ်လ ၂၈ ရက် ဝါရှင်တန်မြို့ လင်ကွန်း အမှတ်တရ အထိမ်းအမှတ် အဆောက်အအုံရှေ့မှာ ပြောခဲ့ခြင်းဖြစ်ပါတယ်။ ကင်းရဲ့မိန့်ခွန်းအဖွင့်မှာ 'နှစ်ပေါင်းတစ်ရာက ကြီးမြတ်သော အမေရိကန်ကြီး တစ်ယောက်ရဲ့ 'အားလုံး လွတ်လပ်စေ' အမိန့်ပြန်တမ်းကို လက်မှတ်ထိုးကြေညာခဲ့ပါတယ်'လို့ ရည်ညွှန်းခဲ့ပါတယ်။ သူရည်ညွှန်းခဲ့တဲ့ အမေရိကန်ကြီးတစ်ယောက်ဆိုတာ သမ္မတကြီး အေဗရာဟင်လင်ကွန်း ဖြစ်ပါတယ်။
    'လင်ကွန်း၏ အဓိက မူဝါဒသည် ကျွန်စနစ် ပပျောက်ရေးဖြစ်၏။ ၁၈၆၀ ပြည့်နှစ်တွင် သမ္မတ အရွေးခံရသည်။ သမ္မတက ကျွန်စနစ်ပပျောက်ရေး လုပ်မည် ကို လက်ဦးမှုယူပြီး တောင်ပိုင်းနယ်များက ခွဲထွက်သည်။ လင်ကွန်းက ပြည်ထောင်စုကြီး မပြိုကွဲရေးမူကို လက်ကိုင် ထားသည်။ ပြည်တွင်းစစ်ဖြစ် ၏။ ၁၈၆၂ တွင် 'လူမည်းကျွန်အားလုံး လွတ်မြောက်စေ (Emancipation Proclamation) ကြေညာချက်ကို ထုတ်ပြန်သည်။ ပထမ သမ္မတသက်တမ်းတစ်လျှောက်လုံး ပြည်တွင်းစစ်ကာလ ဖြစ်သည်။ ၁၈၆၄ တွင် ဒုတိယသက်တမ်းသမ္မတအရွေးခံရ၏။ မကြာမီ ပြည်တွင်းစစ် ပြီးဆုံးသည်။ ထို့နောက် ငါးရက်အကြာ တွင် ဇနီးနှင့်အတူ ပြဇာတ်ကြည့်နေစဉ် ဂျွန်ဘုသ်ဆိုသူက သေနတ်နှင့်ပစ်သဖြင့် ဒဏ်ရာဖြင့်သေ ဆုံးသည်။' (ဘိုးလှိုင်၊ စာ-၃၂)
    လူမည်း ကျွန်လွတ်မြောက်ခွင့် ကြေညာစာတမ်း ထုတ်ပြန်ခဲ့ပေမယ့် လူမည်းတွေဟာ နှစ်ပေါင်းရာချီပြီး အဖိနှိပ်ခံနေရဆဲ ဖြစ်သည်။ ဒါကြောင့် ကင်းက သူ့မိန့်ခွန်းမှာ 'နှစ်ပေါင်းတစ်ရာကြာခဲ့ပြီး နောက်မှာလည်း နီဂရိုးတွေ မလွတ်လပ်ကြသေးပါဘူး'လို့ ထည့်သွင်းပြော ကြားသွားတာ ဖြစ်ပါတယ်။ လူမည်းလွတ်လပ်ခွင့်အတွက် ကင်းရဲ့မူဝါဒက 'ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်'ဆိုတာပါပဲ။ သို့သော် ရန်သူက မိတ်ဆွေဖြစ်မလာဘဲ ရန်သူကပဲ ကင်းကို အသေသတ်သွားတာ တွေ့ရပါတယ်။ ပြောထုံးတွင်နေတဲ့ ပုံပြင်ပမာ မြန်မာ့ရိုးရာဇာတ်ကြောင်း လေးတစ်ခု ရှိပါတယ်။
    သံဃာတော်များရဲ့ ဆွမ်းခံလမ်းပေါ်မှာ ကျွဲကြီးတစ်ကောင် ပိတ်ဆို့ပြီး ရပ်နေတယ်။ ကျွဲကြီး ဖယ်ရှားသွားအောင် သံဃာတော်များက မေတ္တာပို့ပေမယ့် မရပါဘူး။ မေတ္တသုတ်ရွတ်ပြီး လမ်းတောင်းတော့လည်း အချည်းနှီး၊ ကျွဲကြီးက ပေပြီးရပ်နေရာက ရန်ပြုတော့မယ့် အသွင်၊ အဲဒီမှာ ကပ္ပိယကနေ မနေနိုင်တော့ဘဲခဲနဲ့ ကောက်ထုတော့မှ ကျွဲကြီးထွက်ပြေးသွားပါရောတဲ့။ သံ ဃာတစ်ပါးက 'မောင်ရင့်ခဲ မေတ္တာက တယ်စူးသကိုးကွဲ့'လို့ မှတ်ချက်ချတော်မူသတဲ့။ ကျွဲပါးစောင်းတီး အချည်းနှီးဆိုတဲ့ မြန်မာစကားလည်း အရှိသားပဲ မဟုတ်လား။ မေတ္တာတရားကို နားမလည်တဲ့၊ မေတ္တာတရားကို မခံစား မခံယူနိုင်တဲ့ ရန်သူဟာ ဘယ်တော့မှ မိတ်ဆွေဖြစ်လာ မှာမဟုတ်ပါဘူး။
(မြတ်ဘုန်းသစ်)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43271

© 2022 - 2025 News. All Rights Reserved.