မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ငရဲဘုံခန်း ဒေါသလမ်း

၂၀၂၄ နိုဝင်ဘာ ၂၄
    သူတစ်ပါးပြစ်မှားစေတတ်သော ဒေါသသည် ကြမ်းကြုတ်ခက်ထန်သော သဘောထားသူ၌ ထင်ရှားနေသောကြောင့် ထိုဒေါသဘီလူး အပူးခံသောသူသည် ဒေါသတန်ပြန် ကိုယ်၌ခံရမည့် ပူပန်ဆင်းရဲ ငရဲဘုံကြီးသို့သာ အများအပြား သွားကြလေကုန်၏။ ဒေါသသည် ကြမ်းတမ်းသော အသွင်ကိုဆောင်၏။ မီးပြင်းထိုး ဖိုခွင်တွင်းနေ ထင်းသည် သူကိုယ်တိုင် အလောင်ခံပြီးမှ ဖို ခွင်တက်ထိုင်နေသော အိုးများကို ပြင်းပြင်းနှင့်တင်းတင်း လောင်ကျွမ်းခြင်းကို ဖြစ်စေဘိသို့ သူ့သေဘာထားရှိ၏။' (မဟာဗောဓိမြိုင်ဆရာတော်၊ သုညသင်္ခါရကထာ၊ စာ-၈၇)
    စိတ်တိုင်းမကျရင် ဒေါသဖြစ်တယ်၊ လိုချင်တာမရရင် ဒေါသဖြစ်တယ်။ ကိုယ်နှစ်သက်လို့ ရအောင်ယူထားတဲ့အရာ ဆုံးရှုံးသွားရင် ဒေါသဖြစ်တယ်။ ဒေါသဟာ လောဘရဲ့ တန်ပြန်၊ လောဘရဲ့ ကိုယ်ခွဲ။ အရာတစ်ခုကို တမ်းတမ်းစွဲ လိုချင်သလောက် မရခဲ့ရင်လိုချင် တဲ့လောဘနဲ့ညီမျှတဲ့ ဒေါသဖြစ် ပေါ်လာတတ်ပါတယ်။ ဒေါသဟာတစ်ဖက်ကို အပြစ်ရှာပြီး သွားရောက် ပြစ်မှားလေ့ရှိပါတယ်။ စိတ်ထဲမှာ ဒေါသဖြစ်ရုံမက နှုတ်နဲ့လည်း ရန်စကားဆိုလိမ့်မယ်။ ပါးစပ်နဲ့ရန်တွေ့လို့ အားမရရင် လက်ပါလာမယ်။ တစ်ဖက်သား ဘဝပျက်၊ အလှပျက်သည်အထိ ဖျက်ဆီးပစ်တတ်တယ်။ တစ်ဖက်က ငြိမ်ခံနေရင်တော့ ဒေါသမီးကို ငြှိမ်းဖို့ လွယ်နိုင်သေးတယ်။ တစ်ဖက်က ပါးစပ်ရောလက်ပါ တုံ့ပြန်လာရင် နှစ်ဖက်ဒေါသ နှစ်ဆပွားပြီး မိုးမီးလောင်သလို ပြင်းထန် လာလိမ့်မယ်။
    ဒေါသစိတ် ဖြစ်လာချိန်မှာ နှလုံးသွေးမည်း တက်လာတယ်။ နှလုံးသွေးနောက်ကျိ မှုန်မွဲပြီး အမှန်ကို ပုံရိပ်မထင်နိုင်တော့ဘူး။ ဒေါသစိတ်ဝင်လာချိန်မှာ ဘာကိုမျှ အမှန်မမြင်။ ဘာမှလည်း မဆင်ခြင်နိုင်တော့။
    'ထိုဒေါသက သူသဘောမကျတိုင်း အဝှေ့ခိုင်းတော့သည်။ အကြိုက်မရ၍ အကြိုက်မကျသော ထိုဒေါသစိတ်၌ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စလေးမျိုး တိုးဝင်လာတတ်လှချေ၏။
၁။ ကိုယ့်ထက်သာ မနာလိုစိတ်များ တဖွားဖွားဖြစ်လာ တတ်သည်။
၂။ ကိုယ့်လို အများကောင်းစားမည်ကို မနာလိုဖြစ်လာမည်။
၃။ ရန်ပွဲပြီး မီးငြိမ်းတိုင်းလည်း ပြုခဲ့သမျှ နောင်တရနေဦးမည်။
    ဒေါသနောက်က လိုက်ပါလာသော ငယ်ကျွန် သုံးမျိုးတည်း။' (စာ-၉၆)

    'ထိုဒေါသ၏ လွှသွားပမာ ကြမ်းတမ်းလှစွာသော အမူအကျင့်များကိုလည်းကောင်း၊ ကံဦးစီးသော စေတနာ၊ သင်္ခါရတို့၏ အစီအမံအတိုင်းလျှင် ထိုဒေါသ စိတ်က ပြုကျင့်ပေးနေပုံများကို လည်း ကောင်း ...
    (က) သေခါနီး ထိုမိမိပြုကျင့်မိမှားများအပေါ် သံသယ ကုက္ကုစ္စနောင်တတို့ ဖြစ်ပွားနေစဉ် သေပွဲဝင်ရသော်လည်းကောင်း၊
    (ခ) မိမိနှင့် တုဖက်ယှဉ်ပြိုင် အနိုင်ယူသွားကြသောသူများကို သတိမှာထင် အောက်မေ့စိတ်ဝင်နေစဉ် သေပွဲဝင်သွားရသော်လည်းကောင်း၊
    (ဂ) မိမိ၏ အောင်ပွဲခံပျော်ပွဲဆင်နေရာသို့ လာရောက် နှောင့်ယှက်သူများကို အောက်မေ့ဆင်ခြင်မိစဉ် သေပွဲဝင်သွားရသော်လည်းကောင်း၊

    ထိုဒေါသတို့နှင့်တိုက်ရာ ဒဏ်ခံနေရာမျိုးကား ငရဲခန်းများတည်း။ ထိုငရဲခန်းများတွင် အချို့ တဏှာတွင် ဒေါသဆင့်၍ အတင့်ရဲရဲ ကျူးလွန်မိရာမှ သွားရသူတို့လည်း မနည်းလှ။ အချို့မာနတွင် ဒေါသဆင့်ကာ ဒုစရိုက်ခန်းဖွင့်မိရာမှ ရောက်ရသူတို့လည်း ဒုနဲ့ဒေး၊ တချို့ ငါ့ဖို့ လွန်ကဲဒိဋ္ဌိ စွဲနေစဉ် ဒေါသခရီး ကံကြမ်းလှည်းစီးမိ၍ ရောက်ကြရသူတို့လည်း ဘုံနှင့်ပင်မဆံ့။ စင်စစ် ငရဲဘုံခန်းသည် ဒေါသကဲသော အလွဲစိတ်တို့က ဖန်ဆင်း ထားရာ ဘုံခန်းပင်။' (စာ-၉၇)
    ၁၉၉၈ ဇန်နဝါရီလထုတ် 'မဂ္ဂပဋိသံယုတ္တ ကထာ(ဘယ်လမ်းလိုက်ကြမလဲ)' ကျမ်းစာအုပ်မှာလည်း မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ငရဲဘုံရှုခင်းကို တို့ထိ ဖော်ပြထားပါသေးတယ်။
    'ကြည့်ရဲစရာမရှိပြီ။ ကြောက်လွန်လွန်း၍ပြေး၊ ငရဲထိန်းတို့က နောက်မှလိုက်ဖမ်း၊ မိသွားသည်နှင့် နှိပ်စက်ညှဉ်းပန်းပြီး ပြန်ထည့်ပေးလိုက်သည်ကို တွေ့ရ၏။ ထိုချောက်ကမ်းပါးနက်ကြီးသည် အလွန်မည်းမှောင်နေသော်လည်း ငရဲထိန်းတာဝန်ခံတို့၏ ကမ္မဇိဒ္ဇိ(ကံကြောင့် အလိုအ လျောက် ဖြစ်လာသော တန်ခိုးသတ္တိများ)ကြောင့် ပမာ - မင်းပြစ်မကင်းသော အရာဝတ္ထုဖြင့် ကူးသန်းရောင်းဝယ်လေသူ မမြင်စေရာရာ၌ လူမသိ သူမသိ ဖုံးဖိထားပြီး မြင်စေချင်ရာ ရှေ့ရောက်လျှင်ကား လှန်လှစ်ပြသပုံမျိုး၊ မသေချာသော် မီးအလင်းထွန်း၍ပင် ပြသပုံမျိုးဖြစ်၍ အထင်းသား အရှင်းသားမြင်ကြရ၏။ အတွင်းကြီးနှင့် အရံငယ်များလည်း ကွဲပြား၏။ ရှစ်ထပ်တို့၏ တစ်ထပ်ချင်းများလည်း ထင်ရှား၏။ ခံရပုံမှာ အတိုးရော အညွန့်ပါ ပေးဆပ်နေသည့်ပမာ။
    'အောက်ဆီ၌ကား မိုးဦးကျ ဖားကောက်သမားတို့ ဖားများကို ရေနွေးအိုးကြီး ပွက်ပွက်ဆူထဲ ထည့်၊ ခုန်ထွက်၊ ပြန်ကောက်ထည့်ပေးနေသည့် ပမာ။ လိပ်တစ်ကောင်ကို မီးလင်းဖိုကြီးပေါ်တင်၍ သတ်ရာ၌ လိပ်ကြီးက မီးလွတ်ရာဆင်း၊ လူက မီးဖိုပေါ် ပြန်တင်ပေးနေသည့် ပမာ၊ ကြောက်လွန်းလှသဖြင့် တစာစာ ဟစ်ကြွေးကာ ပြေးသူမရှား၊ ကြောက်လွန်လွန်းလှသဖြင့် တစာစာ တောင်းပန်လျက်က ပက်လက်ခံနေရသူ မရှား၊ အများအပြား တွေ့ရ၏။ လူ့ထောင်ကား ပေါင်းသင်းတတ် သက်သာသေး၏။ အပါယ်ထောင်၌ကား သက်ရာလမ်း အရှိန်မကုန်မချင်း လမ်းစမမြင်ပြီး။} (စာ-၂၀၃)
    - ဒါက သူ့လင် သူ့မယားကွယ်ရာ ကာမဖောက်ပြားမှုကြောင့် တွေ့လား၊ အလုံးလိုက် အထွေးလိုက်၊
    - ဒါက သူ့ဥစ္စာ ကိုယ့်ဥစ္စာဖြစ်အောင် လှည့်ပတ်သူ၊ လုယက်ယူ ခိုးယူမှုကြောင့်၊
    - ဒါကတော့ မူးယစ်သောက်စားပြုလိုရာရာ ကံကြားသွားရောက် ပြစ်မှားမှုကြောင့် ...။
    မြင်ကား မြင်နေရ၏။ ကြည့်ကား မကြည့်ရက်တော့ပြီ။ ထိုငရဲခန်းတို့ကား အောက်အောက်တို့၏ အောက်စိတ်(ဂဒေါသ)က ဖန်ဆင်းထားရာ ဘုံအဖြစ် တည်နေု၏။' (စာ-၂၀၄)
    'ဒေါသအယုတ်၊ ထိုသရုပ်ကား၊ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ တုတ်ထိမြွေပွေး၊ ဆတ်ဆတ် သွေးသို့ မနှေး ကိုယ်လက် ရန်တုံ့စွက်၏။}လို့ မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက ဒေါသကထာ လင်္ကာ ဖွဲ့ခဲ့တာကို သတိရမိ ပါသေးတယ်။ (၁၉၉၈ ဖေဖော်ဝါရီ၊ ဒုအကြိမ်ထုတ်၊ ကဝိ ဗန္ဓနကထာ၊ စာ-၇၇)
    - ဒေါသဖုံးလွှမ်း၊ သတ္တိစွမ်းကား၊ ကြမ်းတမ်းထန်ခက်၊ ဆိုးရက်စက်ကြောင့် သူ့ဘက်အာရုံ၊ သူ့ရုပ်ပုံကို၊ မခုံမမင်၊ မကြင်စက်ဆုပ်၊ သူရန်လုပ်ခဲ့။
    - ဒေါသအမျက် ချောင်းချောင်းထွက်သော်၊ လက်ရှိကာလ၊ ရန်မီး ထတတ်လားရသောခါ၊ စေတနာသူ့၊ ကြမ္မာမူ၏။ သူ့စိတ်ကိုယ်စုံ ဆွေ့ဆွေ့ခုန်သို့၊ တွေ့ ကြုံငရဲ၊ ခံရမြဲသည်။ ဒေါသခဲ၏ ပို့ရာဘုံ။ (၎င်း၊ စာ-၇၈)
    'ဒေါသထူပွား ထိုလူသား စော်ကားနေတတ်သည်။ တစ်ဖက်စောင်းနင်း သူ့အခင်း ပျက်ယွင်းစေချင်သည်။ အသက်ကုန်ရာ ငရဲရွာ ပြင်းစွာခံရမည်'လို့လည်း သတိပေး ရေးဖွဲ့ထားပါတယ်။
    ဒေါသကို ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုကတော့ 'ငါစွဲဒိဋ္ဌိ' ဖြစ်ပါတယ်။ ဆရာတော်ကြီးက 'ငါစွဲထား ငရဲလားသားကောင်'လို့ ရည်ညွှန်းထားပါတယ်။
    ငါစွဲရဲ့အရှင်၊ ညှာပွဲ သူမပြင်ဘု
    မြင်ရာရာ တမင်စိုက်၊ မိုက်ဘက်အမှား။
    ပြုမြဲရဲ့ကံ၊ အခုပဲ သူခံလို့
    ယူမမှန် သေကံရောက်
    အောက်ငရဲလား။    ။
    (၂၀၀၀ ပြည့်နှစ်၊ နိုဝင်ဘာထုတ်၊ ကဗျာ့ဘဏ် တိုက်၊ စာ-၇၉)

    ဒေါသဟာ လောဘရဲ့ တစ်ဖက်စွန်း၊ လောဘရဲ့ တန်ပြန်လို့ အထက်မှာဆိုခဲ့ပြီး ဖြစ်ပါတယ်။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ဇာတ်တော်လာပုံ ဝတ္ထုတစ်ပုဒ်ဖြင့် သာဓက ဆောင်ပြ ထားပါတယ်။
    ငါတို့၏ ဘုရားအလောင်းတော် နုစဉ်အခါကာ လတုန်းက အနိတ္တိဂန္ဓမင်းသား (မိန်းမအနံ့ မခံနိုင် သော ဗြဟ္မာ့ပြည်မှလာသူ) ဟူ၍ ဖြစ်ခဲ့ဖူး၏။ မွေးကတည်းက မိခင်ပင် နို့တိုက်ခွင့်မရ'(စာ-၈၉)
    ဗြဟ္မာတွေဆိုတာ ကမ္ဘာနဲ့ချီပြီး အသက်ရှည်လွန်းလို့ သူတို့အသက်ကိုမေးရင် အသက်တစ်သောင်း၊ အသက်တစ်သိန်း စသည်ဖြင့် ဖြေလေ့မရှိဘဲ (အသက် ဘယ်နှကမ္ဘာ}လို့သာ ဖြေလေ့ရှိတယ်။ ကမ္ဘာကြီးရဲ့ သက်တမ်းထက်တောင် အသက်ပိုရှင်တဲ့ ဗြဟ္မာတွေလည်း တစ်နေ့တော့ သေရတာပဲ။ အလောင်းတော်ဟာ ဗြဟ္မာ့ဘုံ(ဈာန်ဘုံ)ကနေ စုတေပြီး လူ့ဘုံ(ကံဘုံ)ကို ပြန်ရောက် လာတယ်။ ဗြဟ္မာ့ဘုံမှာက ယောကျ်ားရုပ်တွေချည်း၊ မိန်းမရုပ်နဲ့ ဗြဟ္မာရယ်လို့ လုံးဝမရှိဘူး။ ဒါကြောင့် မင်းသားလေးဟာ ဗြဟ္မာ့ဘုံက အရှိန်အဟုန် မကုန်တတ်သေးတော့ မိန်းမဆိုရင် မယ်တော်ကိုတောင် အနား ကပ်မခံဘူး။ နို့လည်းမစို့ဘူး။ ယောကျ်ားအထိန်းတော်တွေနဲ့ နို့ဘူးနဲ့ထားရတယ်။
    အရွယ်ရောက်တော့ မင်းသားလေးကို ထီးမွေနန်းမွေပေးဖို့ ခမည်းတော်ဘုရင်ကြီးက စီစဉ်တယ်။ ကြင်ယာတော်လည်း ရှာစေတယ်။ မင်းသားလေးကား မတုန်မလှုပ် ကျောက်ရုပ်ပမာ။ ဒီတော့ နန်းတွင်းသူ အချောအလှလေးတွေနဲ့ မြှူဆွယ်ဖြားယောင်းစေတယ်။ မင်းသားလေးကို အောင် မြင်စွာ ဖြားယောင်းနိုင်သူကို မိဖုရားကြီး ဖြစ်စေမယ်လို့ ဆိုတယ်။ နန်းတွင်းသူလေး တွေ နည်းအမျိုးမျိုး နဲ့ အပြိုင်အဆိုင် အပိုင်ကြံပေမယ့် လုံးဝခရီးမရောက်။ ဘုရင်ကြီးအခက်တွေ့လေပြီ။ နန်းတွင်းက သတင်းစုံကြားသိရတဲ့ ပြည့်တန်ဆာမလေးတစ်ဦးက မင်းသားလေးကို သူ ဖြားယောင်းပြမယ် အောင်မြင်ရင် မိဖုရားနေရာ ပေးရမယ်လို့ ဈေးခေါ်တယ်။ နောက်ဆုံးတော့ ဘုရင်ကြီး သဘောတူခွင့် ပြုလိုက် ပါတယ်။ ပြည့်တန်ဆာမလေးရဲ့ ပရိယာယ်က နန်းတွင်းသူ တွေလို တိုက်ရိုက်ချည်းကပ် မြူဆွယ်ခြင်း မဟုတ်ဘဲ မလှမ်းမကမ်းကနေ အလွန်သာယာတဲ့ စောင်းသံလေးပေးပြီး မင်းသားလေးရဲ့ နှလုံးသားကို နူးညံ့သိမ်မွေ့လာစေတယ်။
    ငြိမ့်ညောင်းလှတဲ့ စောင်းသံကြောင့် မင်းသားလေးစောင်းငဲ့ ကြည့်ရှုလေပြီ။ ပြည့်တန်ဆာမလေးက တစ်ဆင့်တက်ပြီး ချိုကြည်အေးတဲ့ အသံလေးနဲ့တေးတစ်ပုဒ်ကို သီဆိုလေတော့တယ်။
    'ဗြဟ္မာဖြစ်ရတာ ကောင်းမြတ်လှပါတယ်။ သို့သော် ဈာန်စိတ်ဖြင့်သာ နေရတာမို့ အဖော်ကင်းပြီး အထီးကျန်နိုင်လွန်းလှပါတယ်။ နတ်ဖြစ်ရတာ ဗြဟ္မာလောက် မမြတ်ပေမယ့် လူ့ဘဝထက်တော့ ပိုကောင်းပါတယ်။ သို့သော် ကာမဂုဏ်စည်းစိမ် ခံစားရမှာ အငွေ့မျှဖြင့်သာ ပြီးပြေရတဲ့အတွက် အတွေ့ဂုဏ်လောက် အာရုံပုံရိပ်များ မပေါ်လွင်နိုင်ပါ။ လူ့ဘဝဆိုတာ ဘူတရုပ်ခန္ဓာနဲ့ တည်ဆောက်ထားတာဖြစ်လို့ ကာမဂုဏ် အာရုံခံ စားလို့ အကောင်းဆုံးပဲ'
    တေးသီချင်းနဲ့ သိမ်းသွင်းလိုက်ရာ မင်းသားလေးမှာ စောင်းရာမှ တိမ်း၊ တိမ်းရာမှ မှောက်ခဲ့လေပြီ။
    'နောက်ဆုံးတွင်ကား ထိုပြည့်တန်ဆာမ၏ ရင်ခွင်ကြားမှာပင် ဗြဟ္မာ့ပြည်ပြန် မင်းသားလေး ဈာန်တို့ လျှောကျသွားခဲ့ရပြီး မိန်းမညှော်မခံလို့ မိန်းမစော် မနံလိုစိတ်မှသည် မိန်မညှော် လှော်တိုင်းခံ၊ မိန်းမပေါ် ပျော်တိုင်းစံဘ၀ ရောက်သွားရရှာချေပြီ။ ထိုသို့ ရောက် ရခြင်းကား ကာမဝဋ်၏ ကာမညွှတ် အဆွတ်ခံလိုက်ရခြင်း၊ ကာမဘုံသားတိုင်း သွေးတောင်းသောအရာဖြစ်ခြင်းကြောင့်...'လို့ ဆရာတော်ကြီးက သုံးသပ်ထားပါတယ်။ (စာ-၉၃ ရှု)
    မင်းသားလေးခမျာ အမဲသားစားမိသူ နွားမြင်တိုင်း လက်ညှိုးထိုးပမာ ပြည့်တန်ဆာမလေးတစ်ယောက်နဲ့ မတင်းတိမ်နိုင်တော့ဘဲ တွေ့သမျှမိန်းမ ငါ့မိန်းမချည်း လုပ်ပစ်တဲ့အထိ လောဘရမ္မက် ငမ်းငမ်းတက်ခဲ့လေပြီ။ လင်ရှိမယားကအစ အလွတ်မပေးကာ မသွေးမွှန် အလွန်အကျွံ ဖြစ်လာလေရာ လင်ယောကျ်ားတို့ မခံနိုင်တော့တဲ့အဆုံး နန်းတွင်း၊ နန်းပြင်မှာ တရုန်းရုန်းနဲ့ ဒေါသလှိုင်းလုံးတွေ တဝုန်းဝုန်းရိုက်ခတ်ခဲ့လေပြီ။ ဘုရင်ကြီးလည်း မင်းသားလေးကို ပြည့်တန်ဆာမလေးနဲ့အတူ နန်းတော်မှသည် မြိုင်ရပ်ဆီသို့ နှင်ထုတ်လိုက်ရပါသတဲ့။
    မင်းသားလေးရဲ့ ဘောလရမ္မက်ဟာ လင်ယောကျ်ားတို့အတွက် ဒေါသအမျက်ထွက်စရာ၊ ဒေါသဟာ လောဘရဲ့ တန်ပြန်၊ ဒေါသရဲ့ စံမြန်းရာကား ငရဲခန်းဆီသို့သာလို့ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက ညွှန်ပြထားပါတယ်။

မောင်သွေးချွန်

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 321

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43340

© 2022 - 2025 News. All Rights Reserved.