၂၀၂၄ ဩဂုတ် ၁၇
လွဲတော့လွဲနေသည်
'ဇမ္ဗူဒီပါ လကျ်ာတောင်ကျွန်း သြဘာနိမိတ်ထွန်း'ဆိုသည့် အယူအဆကို ဗုဒ္ဓဘာသာ မြန်မာအများစု လက်ခံယုံကြည်ကြသကဲ့သို့ ကျွန်တော်သည်လည်း ထိုအများနည်းတူ အယုံအကြည်ရှိသည့် အထဲတွင်ပါသည်ဟု ဆိုနိုင်ပါသည်။ သို့မို့ကြောင့် မရှိစကားမပြော၊ အဆင်မပြေဟုမဆို မင်္ဂလာရှိသောစကားနှင့် နှစ်လိုဖွယ်ကောင်းသည်များကို ပြောဆိုမိရန် အစဉ်အားထုတ်လေ့ရှိသည်။ ထိုနည်းတူစွာပင် ကျွန်တော်၏ သူငယ်ချင်း ဖြစ်သူလည်း ကျွန်တော်နှင့် အယူအဆတူစွာ နေထိုင်လုပ်ကိုင်ဆောင်ရွက်လေ၏။ သူငယ်ချင်းဖြစ်သူနှင့် တစ်နယ်စီဝေးနေသော်လည်း ဖုန်းနှင့် မကြာခဏ စကားပြောဖြစ်သည်။ သူ့ဆီဖုန်းဆက်လျှင် သူ့ဖုန်းမကိုင်ခင် ဖုန်းမြည်သံကိုလည်း မင်္ဂလာရှိ့သည့် Ring Tune ထည့်ထားသဖြင့် ဖုန်းဆက်သူအဖို့ စိတ်ချမ်းသာမှု တဒင်္ဂတော့ ရမိကြလေသည်။ သူထည့်ထားသည့် Ring Tune က 'အညာပုံပြင်'သီချင်းဖြင့် လူသိများလာသည့် အညာ သားအဆိုတော် ဖော်ဝေး၏ 'ရွှေမိုးတွေရွာ' သီးချင်း ဖြစ်သည်။ 'သည်နေ့ရက်မြတ်မှစ တစ်တိုင်းပြည်လုံးချမ်းသာပါစေ'ဆိုသည့် စာသားပါ ပါဝင်သဖြင့် သူ့ဆီဖုန်းခေါ်တိုင်း တင်္ဒဂစိတ်ချမ်းသာမှုရပါ၏။ သို့သော်လည်း သူငယ်ချင်းက ထိုသီချင်းကို Ring Tune ထည့်ပြီးကတည်းက အညာတွင် မိုးမရွာဘဲ ရေများရာတွင်သာ မိုးရွာနေ့သဖြင့် ရေကြီးရေလျှံမှုများ နိုင်ငံအနှံ့အပြားတွင် ဖြစ်နေလေသည်ဟု ဟာသနှော၍ ပြောလေသည်။ သူငယ်ချင်းဖြစ် သူက ဖော်ဝေး သီချင်းကို Ring Tune ထည့်ပြီး သီချင်း၏ Timing လွဲခဲ့ကြောင်း ဟာသပြောလေရာ ကျွန်တော်လည်း ကိုယ့်ကို ဖုန်းဆက်သူတိုင်း မင်္ဂလာစကားသာကြား စေလိုသည့်ဆန္ဒဖြင့် သူထည့်သည့်သီချင်း မထည့်ဘဲ ပို၍မင်္ဂလာရှိသောသီချင်းကို ထည့်အံ့ဟု စိတ်ကူးပေါ်လာလေသည်။ သို့နှင့် MPT Call Center သို့ ဖုန်းဆက်ကာ ရွှေမန်းတင်မောင်၏ 'အောင်ပါစေ'သီချင်း Ring Tune ထည့်ဖြစ်၏။ MPT Call Center သို့ ဖုန်းဆက်ကာ ရွှေမန်းတင်မောင်၏ အောင်ပါစေ သီချင်းထည့်လည်း ထည့်ဖြစ်၏။ ထိုအောင်ပါစေ သီချင်းကို Ring Tune ထည့်ရန် Call Center က ကလေးမလေးပြောသည့် စကားကြားမိချိန်တွင် ငိုရခက် ရယ်ရခက် ဖြစ်သွားလေသည်။ ထိုကလေးမလေးက "လူကြီးမင်းပြောတဲ့သီချင်းက ရှိပါတယ်ရှင့်။ ဒါပေမဲ့ အမျိုးသမီးအသံနဲ့ပဲ ရှိပါတယ်" ဟုဆိုလေသည်။ အမျိုးသမီးအဆိုတော်ဆိုလျှင် ရွှေမန်းတင် မောင်လောက် မကောင်းသဖြင့် မထည့်ပါနဲ့ဟု ထိုကလေးမလေးကို ပြန်ပြောဖြစ်သည်။ Call Center က ကလေးမလေးက "ဒါဆို လူကြီးမင်းပြောတဲ့ ရွှေမန်းတင်မောင်ဆိုတဲ့ အမျိုးသမီးအဆိုတော် ထည့်ပေး လိုက်ပါပြီ"ဟု ဆိုသောအခါမှ အမှန်ပင် ငိုရခက်ရယ်ရခက်ဖြစ် သွားလေသည်။ ဒီကလေးမနှင့်တွေ့မှ ရွှေမန်းတင်မောင် သည်ပင်လျှင် အမျိုးသမီးအဆိုတော် ဖြစ်သွားရပါလားဟု စိတ်ထဲတွင် ကျလိကျလိ ဖြစ်သွားရလေသည်။ တယ်လည်း ဗဟုသုတခေါင်းပါးရှာပါလားဟုလည်း ထင်မိစေသည်။ သို့နှင့် ထိုကလေးမလေးကို ရွှေမန်းတင်မောင်၊ မျိုးကြီးနှင့် မာမာအေးတို့သည် Vocal Tone အရမ်းမြင့် အောင် ဆိုနိုင်သည့် အဆိုတော်များ ဖြစ်ကြောင်းနှင့် အရပ်ထဲတွင် တစ်ယောက်နှင့်တစ်ယောက် အော်ဟစ် ပြောဆိုသည့်အခါ ခုနှစ်သံချီဆိုသည်ကို ကြားဖူးလားဟု မေးဖြစ်သည်။ မကြားဖူးဟုဆိုသဖြင့် ထိုသုံးယောက် သောအဆိုတော်များသည် ခုနှစ်သံချီထက်ပင် ပို၍အော် နိုင်ကြောင်း ထပ်လောင်းရှင်းပြ လိုက်ရလေတော့သည်။ ကိုယ့်ဖုန်းကို ခေါ်မည့်သူ မင်္ဂလာရှိစေရန်စလုပ်ကတည်းက နည်းနည်းလွဲနေသည်။ သူငယ်ချင်းဖြစ်သူကတော့ ပြောရှာပါ၏။ "မင့်ဖုန်းကိုခေါ်ရတာ ဖုန်း Ring Tune က ဘာကြီးထည့် ထားတာတုန်း"ဟုဆိုသဖြင့် "အောင်ပါ စေသီချင်းလေကွာ" ဟုဖြေရာ "ဖုန်းလိုင်းတွေက မကောင်းတော့ အောင်ပါစေသီချင်းတောင် ပီပီသသ ကြားရပါဘူးကွာ"ဟုဆိုသဖြင့် ကိုယ့်နဖူးကိုသာ ခပ်ဖွဖွ ရိုက်မိလေတော့သည်။
ဗိုလ်မျက်လုံးကို ဘာထင်နေလဲ
လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းက ပုလဲ ပကဖနှင့် အလောင်းတော်ကဿပအနီးရှိ ကပိုင် ကျေးရွာက ဗိုလ်မျက်လုံးတို့၏ အကြောင်းကို ရေးခဲ့ဖူးသည်။ထိုအကြောင်းကို အနည်းငယ်ပြန်ပြောရလျှင် ပုလဲနယ်က ပကဖများသည် ကပိုင်ကျေးရွာက မြေယာကိစ္စအတွက် သွားရောက်ဖြေရှင်းစဉ် ကပိုင်ရွာက ဗိုလ်နဂါး၏တပည့် ဗိုလ်မျက်လုံးနှင့် ပြဿနာဖြစ်ပွားခဲ့သည်။ ဗိုလ်မျက်လုံးဆိုသည်မှာ ဗိုလ်နဂါး၏ တပည့်တစ်ယောက် ဖြစ်ပြီး ကပိုင်ရွာတွင် ကိုယ်ပိုင်တပ်တစ်ခု တည်ထောင်ကာ ကပိုင်နယ်စားအဖြစ် နေထိုင်နေသူဖြစ်၏။ ပုလဲ ပကဖက ကပိုင်ရှိမြေယာကိစ္စကို သွားရောက်ဖြေရှင်း ချိန် ဗိုလ်မျက်လုံးက ပုလဲပကဖကို နာထင်နားရင်းအုပ်ကာ ဒူးတုပ်ဝမ်းလျားမှောက်၊ ခြေနှစ်ချောင်းကြား သေနတ် ဖောက်၍ ကြိုဆိုလိုက်သည်ကို ပုလဲပကဖက မကျေနပ်။မကျေနပ်သဖြင့် ပုလဲပကဖက လူသူလက်နက်နောက်ပါအခြွေအရံများနှင့် ကပိုင်ရွာနယ်စား ဗိုလ်မျက်လုံးကို ဖမ်းစီးရန် ရောက်ရှိလာခဲ့သည်။ ထိုအချိန် ဗိုလ်မျက်လုံးက ထွက်ပြေး၊ ကပိုင်ရွာသားများက လူသူလက်နက်စု စောင်းလာသည့် ပုလဲပကဖအဖွဲ့ကို ဆန္ဒပြနှင့် တော်တော်ပွဲစည်သွားခဲ့သည်။ ထိုကိစ္စအတွက် ထွက်ပြေးရသည့် ဗိုလ်မျက်လုံးက နည်းနည်းလေးမှ ကျေနပ်ဟန်မထင်။ သို့မို့ကြောင့် ဗိုလ်မျက်လုံး၏ တပ်များက ပုလဲ ပကဖများရှိရာ ပုလဲသို့ တစ်ဖန်ပြန်သွားကာ ပုလဲပကဖများ အလစ်အငိုက် ဝင်ရောက်စီးနင်းကုန် ကြပြန်၏။ ပုလဲ ပကဖများက သည်တစ်ကြိမ်တွင်လည်း မြေကြီးတွင် ဝမ်းလျားမှောက် ပြားပြားဝပ်ဖြစ်ရပြန်၏။ "မြေယာကိစ္စ သေးသေးလေးကို နောက်လိုက်ဗိုလ်ပါ လက်နက်အင် အားအခြံအရံနဲ့ လာစရာလား"ဟု မေးလိုက်၊ ဝမ်းလျားမှောက်နေသည့် ပကဖများကို သေနတ်ဖြင့်ချိန်လိုက် ကြိမ်းဝါး နေလိုက်ပုံများ သီဟတင်စိုး၏ တော်လှန်ရေး ဇာတ်ကား ကြည့်နေရသည့်အတိုင်းပင်ဖြစ်၏။ သေနတ် လေးတပြပြနှင့် ကြွေးကြော်သွားသည်က "မင်းတို့က ဗိုလ်မျက်လုံးကို ဘာထင်နေလို့လဲ"ဟု မေးကာ မေးကာနှင့် ပုလဲပကဖခမျာ ဝမ်းလျားမှောက်မှနေပြီး ခေါင်းပင် မထောင်နိုင်ရှာပေ။ သည်ကြားထဲ ကြားရသည့် သတင်းက ရှိသေး၏။ ပုလဲမြို့နယ်တွင် သည်ရက်ပိုင်းအတွင် တော်လှန်ရေး ရဲဘော်ကြီးများက လက်နက်မဲ့အမျိုး သမီးနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်သွားရာ တစ်ဦးသေပြီး တစ်ဦး ဒဏ်ရာရသွားလေတော့သည်။ လုပ်ကြပေါ့ မင်းတို့က ဂမ်းတွေနဲ့ ပြည်သူ့အတွက်ပြောပြီး ပြည်သူကို လွယ်လွယ်သတ်လို့ရပေတာကိုးဟုသာ ဆိုရတော့မည် ဖြစ်သည်။
လက်ကိုင်ဖုန်းရောဂါ
လက်ကိုင်ဖုန်းကို မျက်စိအောက်ကအပျောက် မခံအောင်ကြည့်နေသူများ နှလုံးရောဂါတိုးနေ သည်ဟု ဆိုရမည်ဖြစ်သည်။ နှလုံးရောဂါတိုးမည်ဆိုလည်း တိုး ချင်စရာ။ ကြားရသည့် သတင်းများက တစ်ခုမှစိတ်ချမ်း သာစရာမကောင်းဟု ဆိုရမည်ဖြစ်သည်။ မိတ်ဆွေဆရာ သမားတစ်ယောက်၏ရုံးတွင် အလုပ်လုပ်နေသောက လေးမလေးအကြောင်းကို ထိုဆရာသမားက ပြန်ပြောပြ၍ သိရသည့် အကြောင်း ဖောက်သည်ချလိုပါသည်။ထိုကလေးမလေး၏ ယောက္ခမက သူနေသည့်အရပ်မှ အရပ်တစ်ပါးသို့ပြေးရန် ကြံစည်နေသည်ဟု ဆိုလေသည်။ ဘယ်ကိုပြေးမလဲဆိုတော့ သာစည်ဘက်ဟု ဆိုလေရာ ဆရာသမားက ထိုကလေးမလေးကို "နင့်ယော က္ခမ ဖုန်းတော်တော်ကြည့်သ လား"ဟုမေးရာ ထိုကလေးမလေးက "ဟာ ဟုတ်တယ် တော်တော်ကြည့်တာ၊ မိုးလင်းကနေ မိုးချုပ်အ ထိ ဖုန်းနဲ့မျက်နှာကိုမခွာဘူး"ဟု ဆိုသဖြင့် စိတ်မချမ်းသာရသည့် ခေတ်အခြေအနေတွင် ရယ်ရသေး၏။ သူပုန်များနှင့် ပြည်ပရောက်နေသူများကလည်း ပြည်သူများကို ရှိနေသည့်အရပ်မှ အခြားအရပ် တစ်ပါး သို့ပြေးရန် သည်းသည်းမဲမဲ တိုက်တွန်းနေ ကြလေသည်။ သည်ကြားထဲ သူပုန်သတင်းဌာနများက လည်း ဗုံးခိုကျင်း တူးပုံတူးနည်းများကို စနစ်တကျတင်ပြပြီး ပြည်သူကို စေတနာထားသယောင် ဆောင်ရွက် နေကြသည်။ ကိုယ်လည်းသူများနည်းတူ စိတ်မပူဘူး လားဟုဆိုလျှင် လူပဲစိတ်ပူတာပေါ့ဟု ဆိုရမည်ဖြစ်သည်။ သို့သော်လည်း ကိုယ်တတ်နိုင်ရာကို အကောင်းဆုံးလုပ် ရမည်ဟု စိတ်ပိုင်း ဖြတ်ထားလိုက်ပြီး စိတ်ချမ်းသာသလို နေခြင်းသည်သာ အကောင်းဆုံးဟုသတ်မှတ်ထားလိုက် သည်။ သည်ကြားထဲ မုံရွာကသူငယ်ချင်းက ဖုန်းဆက် လာလေသည်။ "ဟေ့ကောင်ရေ စစ်က မြို့ကြီးတွေ ဆီဦး တည်နေပုံရတယ်။ ငါတော့ တို့ရွာပြန်နေမယ် စိတ်ကူး ထားတယ်"ဟု သူ့စိတ်ကူးကို ဖွင့်ဟ တိုင်ပင်လေသည်။သို့နှင့် ဆရာသမားပြောသကဲ့သို့ "မင်းလည်း ဖုန်းကြည့် တာတွေလျှော့"သာ ပြောဖြစ်လိုက်သည်။ တစ်ခါတလေ အလုပ်နှင့်လက်နှင့် မပြတ်သည့်သူများကို တိုင်းရေးပြည် ရေးနှင့် ပတ်သက်၍ မေးကြည့်ဖြစ်၏။ "ဖုန်းမကြည့်အားတော့ ဘာမှမသိပါဘူး"ဟု ဆိုသူများကြလေသည်။ သူ တို့ကဲ့သို့ နေထိုင်ခြင်းသည်လည်း တစ်မျိုးကောင်းသည်ဟု သူတို့ကဲ့သို့ နေထိုင်ခြင်းကိုလည်း အတုယူမိ ဖြစ်သည်။ အလုပ်မရှိအကိုင်မရှိကြဘဲ ဖုန်းကိုယ်စီ သုံးနေသူများပို၍ စိတ်ဒုက္ခရောက်နေလေသည်။ ပြောသာပြောရသည်။ ထိုကဲ့သို့သူများက ပို၍များနေသောအခါ မိုလ်ဘိုင်းဖုန်း ကိုယ်စီနှင့် ဒုက္ခရောက် နေသော တိုင်းပြည်ဖြစ်မှန်းမသိ ဖြစ်နေပြီဟု မှတ်ချက်ချမိပါသည်။ ထိုမှတ်ချက်က ဟုတ်ချင်လည်း ဟုတ်မည်၊ ဟုတ်ချင်မှလည်း ဟုတ်မည်ဟု မရဲတရဲ ပြန်တွေးမိလေသည်။
ဗိုလ်နေရာဦးထားမှ
ရွာဘက်ကို ပြန်ပြေးမည်ဆိုသည့် သူငယ်ချင်းက ဖုန်းထပ်၍ ဆက်လာပြန်၏။ "ဟေ့ကောင်ရေ ရွာပြန် ရင်လည်းတယ်လည်း ဟန်မယ်မထင်ဘူး"ဟု ဆိုလာ ပြန်လေသည်။ သူပြောပြသည်က သည် ရက်ပိုင်းရွာသို့ ပြန်စဉ်ရွာတွင်ရှိသည့် သူငယ်ချင်းနှင့် စကားပြောဖြစ်ခဲ့ရာက စလေသည်။ ထိုသူငယ်ချင်းက ရွာတွင် ကာလသားခေါင်းဆောင်ဖြစ်ပြီး ကျွန်တော်နှင့်လည်း ကျောင်း နေဘက် သူငယ်ချင်းဖြစ်သည်။ ရွာ၏ ကာလသားခေါင်း ဆောင်ဆိုသောအခါ ရွာတွင်ရှိသည့် ရွာဘုံပိုင် ပစ္စည်း များကို မပျောက်မပျက် ထိန်းသိမ်းစောင့်ရှောက်ရသည့် တာဝန်ရှိလေသည်။ ထိုသို့ စောင့်ရှောက် သော်လည်း သည်နေ့ခေတ်အချိန်အခါတွင် ကျေးရွာရှိ ရွာဘုံပိုင်ပစ္စည်းများကို လက်နက်ကိုင်ထားသည့် PDF များက မျက်စောင်းထိုးနေကြသည်ဟု ဆိုသည်။ ထိုရွာ ဘုံပိုင် ပစ္စည်းများကို တော်လှန်ရေးအ တွက် လက်နက်ကိုင်များက တောင်းယူနေကြောင်း သတင်းလွှင့်ကြသည်ဟု ဆိုလေသည်။ သို့နှင့် ပစ္စည်းများကို မပေးနိုင် ရွာဘုံပစ္စည်းများဖြစ်သောကြောင့်ဟု သတင်းပြန်လွှင့်ရသည် ဟုဆိုသည်။ ပစ္စည်းမပေးနိုင်လျှင် ရွာဘုံငွေကြေးများကို တော်လှန်ရေးအတွက် ထောက်ပံ့ရန် တစ်မျိုးကြံစည်၍ တောင်းပြန်၏။ ငွေကြေးလည်း မပေးချင်သောကြောင့် လက်ဝယ်တွင်မထားတော့ဘဲ ရွာဘုံပစ္စည်းများ ထပ်၍ ဝယ်လိုက်သောကြောင့် ကာလသားခေါင်းကို PDF များက မကျေနပ်ဟု ဆိုလေသည်။ ကာလသားခေါင်းကို မကျေနပ်သည်က ကိစ္စမရှိဟု သူငယ်ချင်းကပြောပြီး ထိုကာလသားခေါင်းနှင့် ပေါင်းသည့် ကျွန်တော်နှင့် သူ့အတွက် တစ်ဂိုဏ်းတည်းသားသတ်မှတ်ကာ တို့ကိုပါ လုပ်ကြံရင် ကိုယ်ကျိုးနည်းရချည်ရဲ့ဟု ဆိုလေသည်။ သို့နှင့် သူက ရွာကိုပြန်မည့်အကြံကို လက်လျှော့မလိုဖြစ်နေ ကြောင်း ပြောလေသည်။ ကျွန်တော်ကလည်း ပြော လိုက်ပါသည်။ "PDF တွေက တို့သုံးယောက်ကို တစ်ဂိုဏ်းတည်း သတ်မှတ်ရင်တို့လည်း တစ်ဂိုဏ်းထောင်မှာပေါ့။ အေးဒါပေမဲ့ ငါကတော့ ဗိုလ်လုပ် မယ်"ဟု ပြောလိုက်၏။ ထိုသို့ပြောလိုက်မှ ဒီကောင် စိတ်သက်သာ ရာရသွားလေသည်။ သည်လိုဆိုပြန် တော့ ဘောလုံးနှင့် ပတ်သက်သည့် ကာတွန်းလေးတစ်ကွက်ကို အမှတ်ရမိပါ၏။ သတင်းထောက်တစ် ယောက်က တိုက်စစ်မှူး ဘောလုံးသမားတစ်ယောက်ကို အင်တာဗျူးရာ တိုက်စစ်မှူးကြီးအသင်း သစ်ကို ရောက်လာပြီး ဘာတွေလေ့ကျင့် နေလဲဟုမေးရာ ထိုတိုက်စစ်မှူးက ဂိုးသွင်းပြီးရင် အောင် ပွဲခံဖို့ ဂျွမ်းပစ်လေ့ကျင့်နေတယ် ဆိုသလိုဖြစ်၏။ ကျွန်တော်လည်း ရွာပြန်ပြီး ဗိုလ်လုပ်ရလျှင်လည်း ယခုက တည်းက ဗိုလ်နာမည်တစ်ခု ရွေးထားဦးမှတော်ကာကျ မည်ဖြစ်သောကြောင့် ဗိုလ်နာမည် ရွေးနေရ သည်နှင့် မိုလ်ဘိုင်းဖုန်းပင် မကြည့်အား ဖြစ်နေလေသည်။
( ရွှေထီး )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )