မြန်မာတို့၏ ကလေးစာပေ

၂၀၂၅ ၊ ဇူလိုင် ၁၂

    မြန်မာ ဘိုးဘွားမိဘများသည် မိမိတို့၏ သားမြေးတို့ကို အပျင်းပြေ ပျော်ရွှင်စေရန်၊ ဗဟုသုတ အကြားအမြင်များရစေရန်၊  လိမ်မာယဉ်ကျေးစေရန် ရယ်ဖွယ်၊ ပြုံးဖွယ်၊ မှတ်ဖွယ်၊ လိုက်နာဖွယ် ရှေးစကားပုံပြင် ဒဏ္ဍာရီ ဇာတ်ဝတ္ထုတို့ကို ပြောပြလေ့ရှိပါသည်။ တေးသီချင်း ကဗျာတို့ကို ဆိုပြလေ့ ရှိပါသည်။ မိမိတို့ငယ်စဉ်တောင်ကျေး ကလေးဘဝအခါက ပုံပြင်ပေါင်းများစွာကို နားထောင်ခဲ့ရပါသည်။ ယခု ပြန်ပြောင်း အောက်မေ့သော အခါထိုကာလ၊ ထိုအခါကို လွမ်းမိပါသည်။
    "ဟိုး ...ရှေးရှေးတုန်းက ကြောင်ဖားကြီးက လှေခုတ်နေသတဲ့၊ ကြက်ကလေးက အမေရယ် အမေရယ်၊ ကျွန်မ အီးအီးပေါက်ချင်တယ်လို့ ပြောသတဲ့။ သည်တော့ ကြက်မကြီးက မပေါက်နဲ့သမီး။ ကြောင်ဖားကြီး ကြားသွားမယ်လို့ ပြောသတဲ့။ အတော်ကလေးကြာပြန်တော့ ကြက်ကလေးက အမေရယ် - အမေရယ်၊ ကျွန်မ အီးအီး ပေါက်ချင်ပါတယ်လို့ ပြောပြန်သတဲ့။ သည်တော့ ကြက်မကြီးက မပေါက်ပါနဲ့ သမီးရယ်။ ကြောင်ဖားကြီး ကြားသွားပါလိမ့်မယ်လို့ ပြောပြန်သတဲ့။ နောက် အတော်ကလေး ကြာပြန်တော့ ကြက်ကလေးက အမေရယ်- ကျွန်မ မအောင့်နိုင်တော့ဘူးလို့ ပြောသတဲ့။ သည်တော့ ကြက်မကြီးက မအောင့်နိုင်ရန် ပိစိညှောက်ကလေး ပေါက်ပါသမီးရယ်လို့ ပြောသတဲ့။ သည်တော့ ကြက်မကလေးက အောင့်ရာကနေပြီး ပေါက်လိုက်တာ ဘူ-ဆိုပြီး အကျယ်ကြီး မြည်သွားလို့ လှေခုတ်နေတဲ့ ကြောင်ဖားကြီး ဟာလန့်ပြီး ခုန်လိုက်တာ ဆူးတောထဲ ကျသွားပါရောတဲ့" ဤပုံတိုကလေးကို ကြားရသောအခါ ယဉ်သည် ရိုင်းသည်ဟူ၍ သတိမပြုနိုင်ပါ။ ဘူ-ဆိုသော အသံကြီးကို ကြားရသဖြင့် မိမိတို့မှာ တဟားဟားရယ် ခဲ့ကြရပါသည်။
    ရွှေယုန်နှင့် ရွှေကျား သက်ငယ်ရိတ်သွားရာမှ ရွှေကျား ကျောကုန်း မီးလောင်ခံရသည့်ပုံကို ကြားရသောအခါ ရွှေကျားကို သနားခဲ့ရပြီး ရွှေယုန်ကို  စိတ်ဆိုးခဲ့ရပါသည်။
    ထိုင်နေသောမျောက်ကို သစ်ငုတ်ထင်၍ နားမိမှားသော လင်းတကို မျောက်က ဖက်ချည်၊ လင်းတက ပျံချည်နှင့်၊ ပျံလေဖက်လေ၊ ဖက်လေပျံလေ ဆိုသော အဆုံးမရှိသည့် ပုံကိုကြားရသောအခါ ရွှင်မြူးခဲ့ရပါသည်။
    ရီးလေးရီးလေးဒိုင်းဆိုကာ ငကန်းနှင့် ငကုန်း လှေလှော်သည့်ပုံ၊ ပျဉ်းမခြောက်ပင် မောင်ခြောက်ယောက်၊ ဘာလဲနှမရွှေစင် ကံ့ကော်ပင်ဆိုသော ပုံတို့ကို ကြားရ၍ ရသအမျိုးမျိုးကို ခံစားခဲ့ကြပါသည်။ 
    ငပျင်းပုံ၊ ငလက်မပုံ၊ မယ်ထွေးပုံ၊ ဥစ္စာစောင့်ပုံ၊ မီးနေသည်ပုံ၊ ဒေဝေါပုံ၊ တစ္ဆေသူရဲ့ပုံ၊ ဘီလူးသ ဘက်ပုံ၊ ရုက္ခစိုးပုံတို့ကိုလည်း များစွာ ကြားနာခဲ့ရပါသည်။
    ဤပုံပြင်တို့သည် မိမိတို့အတွက် ကလေးစာ ပေများဖြစ်ခဲ့ရပါသည်။
    ရာဇဝင်သမိုင်းဘက်က ကြည့်ပြန်လျှင်လည်း တကောင်းပြည်က မောင်ပေါက်ကျိုင်းအကြောင်း နားထောင်ရသောအခါ ပျော်လည်း ပျော်ခဲ့ရသည်။ အားလည်း ကျခဲ့ရသည်။ ပုဂံပြည်က ညှပ်ကြီး ကွယ်ပုံအကြောင်းကို ကြားရသောအခါ လောက၏ လောဘအကြောင်းကို ရိပ်မိခဲ့ရသည်။ သရေ ခေတ္တရာက ဗေဒါရီအကြောင်းကို ကြားရသောအခါ ညနေစောင်းအချိန် ဧရာဝတီမြစ်ကြီး ရွှေရောင် ဝင်းနေပုံကို မြင်ယောင်မိသည်။ ဥက္ကလာပမြို့က မင်းနန္ဒာ၏ လူပျိုလှည့်ပုံအကြောင်းကို ကြားရသောအခါ ရန်ကုန်မြစ်၊ ပဲခူးမြစ်အတွင်းတွင် မိကျောင်းတွေ ရေကူးနေသည်ကို ထင်ယောင် မြင်ယောင်မိသည်။ ဤသမိုင်းပုံပြင်တို့သည်လည်း မိမိတို့အတွက် ကလေးစာပေပင် ဖြစ်ပါသည်။
    ညဦးယံ အိပ်ရာမဝင်ခင် မိဘဘိုးဘွားများ ပြောသော ဤရှေးစကားပုံပြင်များအပြင် အခါအားလျော်စွာ ရေဒီယိုမှ ဟောပြောသော ကွက်စိပ်ဝတ္ထုများလည်း ရှိပါသေးသည်။ ကွက်စိပ်ဆရာတို့မှာ အများအားဖြင့် သူရဲကောင်းဝတ္ထုများကို ဟဿရသနှင့် တွဲဖက်ကာ ဖွဲ့ဆိုဟောပြောလေ့ ရှိပါသည်။ ဤကွက်စိပ်ဝတ္ထုတို့ သည်လည်း မိမိတို့အတွက် ကလေးစာပေပင် ဖြစ်ပါသည်။ 
    ထို့ပြင် ကျောင်းကန်ဇရပ် ဘုရားပုထိုးများသို့ ရောက်သောအခါ လူကြီးမိဘများက လက်ဆွဲခေါ်ဆောင်၍ အမြင့်တွင် ချိတ်ဆွဲထားသော ရုပ်စုံဇာတ်ကားများကို ပြသလေ့ရှိပါသည်။ ဇာတ်ကြောင်းကို အတိုချုပ်ရှင်းပြ လေ့ရှိပါသည်။ ဤသို့ဖြင့် မိမိတို့သည် ဗုဒ္ဓဝင်ကိုသိ၍ ဘုရားကို ကြည်ညိုခဲ့ကြသည်။ ဘုံခန်းကိုမြင်၍ ကောင်းမှုလုပ်ချင်စိတ် ပေါက်ခဲ့ကြသည်။ ငရဲခန်းကိုမြင်၍ မကောင်းမှု ရှောင်ချင်စိတ် ပေါက်ခဲ့ကြသည်။
    စကားပြေဆိုင်ရာ ရှေးစကားပုံပြင် ရာဇဝင် ဝတ္ထုများအပြင် မိမိတို့ကလေးဘဝတွင် ကာရန်အချိတ်အဆက်နှင့် စည်းဝါးကျသောစကားများကို သီဆိုရင့်ကျူး တတ်ကြပါသည်။ မောင်ပေါက်ကျိုင်း ပုံထဲက 'မအိပ်မနေ အသက်ရှည်၊ သွားဖန်များ ခရီးရောက်၊ မေးဖန်များ စကားရ'ဆိုသော စကားကလေးများကို လည်းကောင်း၊ 'ရာပေးလို့ဆုပ်၊ ထောင်ပေးလို့ချုပ်၊ ချစ်တဲ့လူအရိုး ဆံထိုးလုပ်'ဆိုသော စကားကလေးများကိုလည်း ကောင်း နှစ်နှစ်သက်သက် သီဆိုရင့်ကျူးခဲ့ကြပါသည်။ ပြေးရင်းလွှားရင်း ကစားရင်းပင်လည်း 'မထွေးမပါ၊ တို့ချည်းသာ၊ ပါပါလျက်သား၊ နောက်ကထား'၊ 'ညောင်ပင်တစ္ဆေ၊ ဝေလေလေ နင်ဘယ်ကိုင်းမှာနေ'၊ 'လိပ်ဥပျောက်လို့ လိပ်မရှာ၊ သူ့ခမျာ ငိုမဲ့ငိုမဲ့' စသည်ဖြင့် ရွတ်ဆိုဆော့ကစားခဲ့ ကြပါသည်။ ဤသည်တို့သည် မိမိတို့အတွက် ကလေးစာပေများ ဖြစ်ခဲ့ပါသည်။
    ထိုမျှသာမက 'ပေါက်ပင်ပေါက်ပင်၊ ဘာပြုလို့ ကိုင်းရတယ်၊ ဗျိုင်းနားလို့ ကိုင်းရတယ်'ဆိုသော အကြောင်းအကျိုးဆက် စကားမျိုးကိုလည်း သီဆိုကာ စိတ်ကူး နယ်ချဲ့ခဲ့ကြပါသည်။ 'အဘိုးကြီးအို ခါးကုန်း ကုန်း၊ မသေပါနှင့်ဦး'ဆိုကာ အဘိုးအဘွားတို့ အသက်ရှည် ကြောင်းကိုလည်း တောင့်တခဲ့ကြပါသည်။ 'မိုးတွေလေတွေ လာပါပေါ့၊ ကဆုန်လပြည့်ကျော်'ဟု အော်ဟစ်ကာ ကျေးဇူးရှင်မုတ်သုံမိုးကို မြင်၍လည်း အားရဝမ်းသာ ခုန်ပေါက်ခဲ့ကြပါသည်။ 'အရှေ့ဆိုတောင်ပေါ်ထိပ်က၊ လိပ်ခွပ်လို့ သမင်သေ၊ ချေမိုးမျှော် နေ၊ သိကြားမင်းက မနေနိုင်လို့၊ တုတ်တိုကိုင်လို့ လေးနှင့်ပစ်၊ ပေါင်မှန်လို့ မျက်စိကျိုး၊ သွားဟောက် တောက်ကန်း'ဟု မဆီမလျော် ကာရန်များကို ဆိုကာ အားရပါးရလည်း ရယ်ခဲ့ကြပါသည်။ 'အမေရေ လာပါတော့၊ ကျီးကန်း တမော့မော့'ဟုဆိုကာ မိခင်ဖခင်တို့ကိုလည်း တမ်းတလွမ်းဆွတ်ခဲ့ကြပါသည်။ အခြားသော သီချင်းကဗျာ အလင်္ကာတို့လည်း များစွာ ရှိပါသေးသည်။
    ဤကဲ့သို့ ပုံပြောခြင်း၊ တေးသင်ခြင်း၊ အရုပ်ပြခြင်း စသည်တို့သည် မိမိတို့ခေတ်တွင် ပျော်ရွှင်မှု၊ ဗဟုသုတရမှု၊ လိမ္မာယဉ်ကျေးမှုတို့အတွက် ကလေးစာပေများ ဖြစ်ခဲ့ပါသည်။ မိမိ၏ မိဘဘိုးဘွားများက မိမိကိုပြောဆို သင်ကြားပြသသကဲ့သို့ အခြားအိမ်တို့တွင်လည်း ပြောဆိုသင်ကြား ပြသနေမည်ပင် ဖြစ်ပါသည်။ မိမိတို့ ခေတ်မတိုင်မီ ရှေးရှေးသော ခေတ်အဆက်ဆက်တွင်လည်း ဤနည်းနှင်နှင်ပင် ပြောဆို သင်ကြား ပြသခဲ့မည် ဖြစ်ပါသည်။
    'မဃဒေဝလင်္ကာကြီး' အပိုဒ် ၂၁၇-တွင် 'ရွှေယုန်၊ ရွှေကျား၊ ရှေးစကားကို၊ နည်းပါးဉာဏ်ချို့၊ သူငယ်တို့မျှ၊ မှတ်ယုံကြသို့'ဟူသော အဆိုအမိန့်ကို တွေ့ရသည်။ ဤသည်ကိုထောက်သော် မန်လည် ဆရာတော်ဘုရားတို့ ခေတ်တွင်လည်း ရွှေယုန်နှင့် ရွှေကျား သက်ငယ်ရိတ်သွားသော ရှေးစကားများကို မိဘဘိုးဘွားများက ပြောပြလျက်ရှိသည်ကို သိရပါသည်။
    တစ်ဖန် ကျည်းကန်ရှင်ကြီး၏ 'စွယ်စုံကျော်ထင်' သတ်ပုံသံပေါက်များကို ရေးရာတွင် သမင်ညွန် တုပ်၊ စကားလုပ်၊ ကျားခုတ် လွတ်ပါလေလိမ့်နည်း'ဟု အမေးလုပ်ခဲ့ပါသည်။ ဤအမေးကို ဖြေရာတွင် ကျီးသဲဆရာတော်ဘုရားသည် မြေခွေးမက မြေခွေးသားငယ် တို့ကို မအော်ကြနှင့် ကျားသားကျွေးမည်ဟု ပြောသည်ကို ကျားကကြား၍ ထွက်ပြေးသည့် ရှေးစကားဖြင့် ဖြေဆိုတော်မူခဲ့သည်။ ဤသည်ကို ထောက်သော် ကျီးသဲဆရာတော်နှင့် ကျည်းကန်ရှင်ကြီးတို့သည်လည်း ရှေးစကား နားထောင်ခဲ့ရသည်မှာ ထင်ရှားသည်။ ထိုမျှသာမက ဆရာတော်နှင့် ကျည်းကန် ရှင်ကြီးတို့သည် ဤရှေးစကား တို့ကို အရေးတယူ အလေးမူကာ အမေးအဖြေလုပ်ခဲ့ ကြသေးပေသည်မှာ သတိပြုဖွယ်တစ်ရပ် ဖြစ်ပါသည်။ 
    တစ်ဖန် ဘကြီးတော်ဘုရားလက်ထက်တွင် ပေါ်ပေါက်ခဲ့သော 'မာတောဝါဒပျို့'အပိုဒ် ၂၅-တွင်… 'ပုံပြင်စဉ်လျား၊ ရှေးစကားကို၊ ရွှေသားမောင်စိတ်၊ ရေသို့ ဖိတ်လျက်၊ တဆိတ်မပယ်၊ အသွယ်သွယ်ကို၊ ဆိုလွယ် နားတွင် ပေါက်စေမင်း'ဟုတွေ့ရသည်။
    ဤသည်ကိုထောက်ရှုလျှင်လည်း လူကြီးသူမတို့သည် သားငယ်မြေးငယ်တို့ကို ရှေးစကားပုံပြင် ရာဇဝင် ဝတ္ထုပြောလေ့ ရှိသည်မှာ ထင်ရှားပါသည်။ 'မဏိရ တနာပုံ'ဆိုသော သမိုင်းပုံပြင်စာအုပ်ကြီး သည်လည်း ထိုခေတ်ကပင် အထူးခေတ်စားခဲ့သည်ဟု မှတ်ယူဖွယ်ရှိပါသည်။
    သံဝရမင်းသားငယ်သည် ရှေးစကားပုံပြင်တို့ကို နားထောင်၍ ဝနိုင်သည်မရှိဟု ဖွဲ့ထားခြင်းသည် ရှင်မဟာရဋ္ဌသာရ ကိုယ်တွေ့အဖြစ်အပျက်တို့ကို တင်စား၍ ဖွဲ့ထားသည်ဟု ယူဆနိုင်ပါသည်။ ပုံနားထောင်ချင်သော ဝါသနာသည် အမျိုးဇာတ်ကိုမလိုက်၊ အခါကာလကိုမလိုက်၊ အရပ်ဒေသကိုမလိုက်၊ ကလေးတိုင်း၏ ဝါသနာဖြစ်ပါသည်။  
    ပုဂံသို့သွား၍ ဂူဘုရားတို့ကို ဖူးမြော်လေ့လာသောအခါ ပိဋကတ်တော်လာ ဇာတ်ဝတ္ထုအမျိုးမျိုးတို့ကို ကျောက်ရုပ်တု ထု၍လည်းကောင်း၊ စဉ့်ရုပ်လုပ်၍လည်းကောင်း၊ မြေရုပ်သွန်း၍လည်းကောင်း၊ ရောင်စုံရေး၍ လည်းကောင်း ဖော်ပြထားသည်ကို အများအပြားတွေ့ ရသည်။ ပါဠိဘာသာဖြင့်လည်းကောင်း၊ မွန်ဘာသာဖြင့် လည်းကောင်း၊ မြန်မာဘာသာဖြင့်လည်းကောင်း ကမ္ပည်းရေးထိုးထားသည်ကိုလည်း များစွာတွေ့ရသည်။ ဤဇာတ်ဝတ္တုတို့ကို ရဟန်းရှင်လူအများ ကြည့်ရှုလေ့လာရန် ရည်ရွယ်ပြု လုပ်ထားခြင်း ဖြစ်သည်။ သို့သော် သက်ကြီးရွယ်အိုတို့ထက် ကလေးသူငယ်တို့က ပိုမိုနှစ်သက်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ကလေးသူငယ်တို့သည် အရုပ်ကို လူကြီးတို့ထက် နှစ်သက်တတ် သော ကြောင့် ဖြစ်ပါသည်။ ဖျံ၊ မြေခွေး၊ မျောက်၊ မိတ်ဆွေသုံးယောက်အား အလောင်းတော်ယုန်မင်းက တရား ဟောနေပုံကိုမြင်သော ကလေးငယ်သည်  စိတ်မဝင်စားဘဲ နေနိုင်မည်မဟုတ်သကဲ့သို့ လူကြီးသူမ တို့ကလည်း ကလေးသူငယ်တို့ကို လက်ဆွဲခေါ်ယူကာ ဂူဘုရားအတွင်းရှိ ရုပ်စုံဇာတ်ခန်းများကို မညွှန်မပြ၊ မပြောမဟောဘဲ နေမည်မထင်ပါ။ သို့ဖြစ်၍ ထိုပုဂံက ရုပ်စုံဇာတ်ခန်းတို့သည် မိမိတို့အဖို့ ကလေးစာ ပေများပင် ဖြစ်ခဲ့ပါသည်။
    ဤသို့ မိမိတို့ခေတ်မှနေ၍ အတိတ်ခေတ်ထဲသို့ တဖြည်းဖြည်း နောက်ဆုတ်၍ လေ့လာသောအခါ ကလေးစာပေ၏ ခြေရာများကို နေရာအနှံ့အပြား အမျိုးမျိုးအဖုံဖုံ အဆက်မပြတ်မျှ တွေ့ရှိရသဖြင့် ကလေးစာပေသည် မြန်မာတို့၏ ယဉ်ကျေးမှုသမိုင်းတွင် ကဏ္ဍကြီး တစ်ရပ်အနေ ဖြင့် ပါဝင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။     
(ခင်ဉာဏ)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 19

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46731

© 2022 - 2025 News. All Rights Reserved.