လူထုအတွက်ရည်ရွယ်တဲ့ ရွေးကောက်ပွဲ၊ မိုးဗြဲကပေးတဲ့ အောင်စိတ်နဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုလိုအပ်တဲ့ မြန်မာ့နိုင်ငံရေး အလားအလာ

၂၀၂၅ ၊ ဇူလိုင် ၁၂
    လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ အစိုးရသွားနေတဲ့ပုံစံက မဟာဗျူဟာကျကျ ရည်မှန်းချက်ရှိနေပြီး တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျ သွားနေတယ်လို့ အကြမ်းဖျင်း ယူဆလို့ရတယ်။ ဒါက ဘယ်အချက်တွေကို အဓိက ထောက်ပြလို့ ရနိုင်လဲလို့မေးရင် 'ရွေးကောက်ပွဲမတိုင်ခင်မှာ လိုအပ်တဲ့ ဆွေးနွေးပွဲတွေကို ခပ်စိပ်စိပ် ကျင်းပနေတာကို သိသိသာသာ မြင်နေရလို့ပဲဖြစ်တယ်။ ပထမဆုံးအချက်က အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ (NSPNC) အနေနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပြင် နိုင်ငံရေးပါတီ အစုအဖွဲ့တွေကိုပါ သုံးပွင့်ဆိုင်တွေ့ဆုံပြီး ရွေးကောက်ပွဲကျင်းပနိုင်ဖို့နဲ့ ရွေးကောက်ပွဲအလွန်ကာလမှာ ကြုံတွေ့ရမယ့် မြန်မာ့ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး တစ်ကြိမ်ပြီးတစ်ကြိမ် အနီးကပ်ဆွေးနွေးနေတဲ့ အခြေအနေတွေကို တွေ့မြင်နေရတာက မြန်မာ့နိုင်ငံရေး အကူးအပြောင်းအတွက် အတော်လေး အားရစရာ အခြေအနေလို့ သုံးသပ်လို့ရတယ်။ 
    အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၂၄-၂၆ ရက်မှာ PEACE TALK 2025 ဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်ကြိမ်၊ နောက်ထပ် ဇွန် ၂၅-၂၇ ရက် တွေမှာလည်း ‘PEACE FORUM 2025’ ဆိုပြီး ဒုတိယအကြိမ်မြောက် ကျင်းပနိုင်ခဲ့တာ တွေ့ရတယ်။ ပထမတစ်ကြိမ် ငြိမ်းချမ်းရေးစကားဝိုင်းမှာ ရေတိုနဲ့ ရေရှည်ဖြေရှင်းရမယ့် အကြံပြုချက်တွေ ရရှိခဲ့သလို ဒုတိယမြောက် ငြိမ်းချမ်းရေးဖိုရမ်မှာလည်း အကြံပြုချက်ပေါင်း ၁၂၀ ကျော် ရရှိခဲ့တယ်လို့ သိရတယ်။ ဒီငြိမ်းချမ်းရေးဖိုရမ်တွေမှာ တပ်မတော်နဲ့ စစ်ရေးအရ သဘောတူညီမှုမရသေးတဲ့ နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်း တွေမပါလို့ ဘယ်လိုပဲ ခေါင်းစဉ်တပ် ဝေဖန်နေပါစေ လက်ရှိ UEC မှာ တရားဥပဒေနဲ့အညီ တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်တွေ၊ Think Tank လူမှုအဖွဲ့အစည်းတွေ၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ တိုင်းရင်းသားလက် နက်ကိုင်အင်အားစုတွေ၊ မီဒီယာအဖွဲ့အစည်းတွေနဲ့ အရေးပါတဲ့ အလွှာအသီးသီးက ပုဂ္ဂိုလ်တွေအများအပြား တက်ရောက်ဆွေးနွေးခဲ့တာဖြစ်လို့ ဒီအဖွဲ့အစည်းအသီး သီးက ထွက်ပေါ်လာတဲ့ အသံပေါင်းစုံက 'ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနဲ့ အနာဂတ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်' တွေအတွက် အကျိုးရှိတဲ့ အကြံပြုချက်တွေ သေချာပေါက် ပါဝင်မှာဖြစ်သလို အစိုးရအတွက်လည်း ဒီအကြံပြုချက်တွေအပေါ်မှာ ဘယ်လိုမျိုး အကောင်အထည်ဖော် ဆောင်ရွက်ကြမလဲဆိုတဲ့ မူဝါဒတွေ ချမှတ်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်မိတယ်။ ဒီအခင်းအကျင်း မတိုင်ခင်မှာလည်း NSPNC အနေနဲ့ ရွေးကောက်ပွဲအတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်ကတည်းက နိုင်ငံရေးမှတ်ပုံတင်ထားတဲ့ ပါတီအစု အဖွဲ့တွေနဲ့ သီးခြားတွေ့ဆုံပြီး ဆွေးနွေးခဲ့ကြတာတွေလည်း ရှိသေးတယ်။ နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲ စပြီးကတည်းက မတည်မငြိမ် ဖြစ်နေခဲ့ရတဲ့ တိုင်းပြည်အခြေအနေဟာ ရွေးကောက်ပွဲကနေ ဒီမိုကရေစီ နည်းလမ်းအရ ရွေးကောက်ခံအစိုးရ ပေါ်ပေါက်လာမှသာ ပိုပြီး သိသာထင်ရှားတဲ့ အရွေ့တစ်ခုကို ပေါ်ပေါက်စေလိမ့်မယ်လို့ ခံယူထားကြတဲ့ နိုင်ငံရေးသမားတွေရဲ့ ဆန္ဒတွေကိုလည်း NSPNC က လုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ်တွေမှာ ထုတ်ပြောလာတာ သတိထားမိလိုက်တယ်။ အဓိကကတော့ ဒီမိုကရေစီနည်း လမ်းတကျ လူထုရွေးချယ်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်စေဖို့အတွက် ပြည်သူတွေအတွက် ရွေးကောက် ပွဲဟာ သိပ်အရေးကြီးတယ်ဆိုတဲ့ အမြင်မျိုး ချပြနိုင်တာတွေ့ရတယ်။ ဒီလိုဆွေးနွေးပွဲအခမ်းအနားတွေ ကနေ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်နဲ့ နိုင်ငံရေးပါတီတွေသာ နိုင်ငံရေး ပြဿနာတွေကို အကျေအလည် ဆွေးနွေးနိုင်ခဲ့ရင် လာမယ့်ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန် ကာလတွေအတွက် မြန်မာ့နိုင်ငံရေးခရီးလမ်းဟာ အကောင်းဘက်ကို အရွေ့ ရှိနိုင်လောက်မယ်လို့ သုံးသပ်လို့ရတယ်။ သေချာတာကတော့ နစကအစိုးရကလုပ်မယ့် ရွေးကောက်ပွဲဟာ တစ်ဖက်အဖွဲ့အစည်းက အပုပ်ချပြောဆိုနေသလိုမျိုး အစိုးရနဲ့ တပ်မတော်အတွက် ထွက်ပေါက်မဟုတ်ဘဲ နိုင်ငံရေးသမားတွေ၊ ကြားနေပြည် သူတွေနဲ့ လက်နက်ကိုင် အစုအဖွဲ့တွေအတွက်သာ သိသာထင်ရှားတဲ့ ရွေးချယ်စရာကိစ္စတစ်ခု ဖြစ်နေ လိမ့်မယ်ဆိုတာ လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွေက မြင်သာစေနေပြီပဲ ဖြစ်တယ်။ ဒါပေမဲ့ ဒီလိုပြောလို့ အကုန်လုံး အဆင်ပြေနေတာ မျိုးတော့မဟုတ်ဘူး။ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှုပိုလာအောင်လုပ်ဖို့ လိုအပ်နေတာမျိုး၊ မဲပေးစက်တွေကို အလွှာအသီး သီးကပြည်သူတွေ ယုံကြည်မှုရှိလာအောင် ဆောင်ရွက်ဖို့ လိုနေတာမျိုး၊ အပိုင်းလိုက် ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် ဖြစ်နိုင်စွမ်းရှိတဲ့ အားနည်းချက်တွေကို အချိန်မီ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်သလို နိုင်ငံတကာရဲ့ ထောက်ခံမှုတွေရှိစေဖို့အတွက် UEC အနေနဲ့ ကြိုတင် ပြင်ဆင်ထားရမယ့် စိန်ခေါ်မှုတွေလည်း ဆက်ရှိနေဦးမှာ ဖြစ်တယ်။ ဆိုလိုတာက-ရွေးကောက်ပွဲမှာ တရားမျှတမှုနဲ့ လွတ်လပ်မှုဆိုတဲ့ ဒီမိုကရေစီတန်ဖိုးကို ချပြနိုင်ဖို့အတွက် လိုအပ်တဲ့ နည်းဥပဒေတွေကို အချိန်မီထုတ်ပြန် နိုင်ဖို့ လိုအပ်နေမှာ ဖြစ်တယ်။ 
    ဒီလိုအခင်းအကျင်းရှိနေတဲ့ အခြေအနေမှာပဲ နောက်ထပ် နစကအစိုးရဘက်က ထပ်ပြီး ထုတ်ပြလာခဲ့တာကတော့ 'ပြည်ထောင်စုအကျိုးကို ရှေးရှုလျက်'ဆိုတဲ့ ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ကမ်းလှမ်းချက်ဟာ  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အတော်လေးတာသွားတဲ့ ကိစ္စတစ်ခု ဖြစ်လာစေခဲ့တယ်။ ဒီကမ်းလှမ်းချက်ဟာ နိုင်ငံရေးမှိုင်းမိနေတဲ့ လူငယ်တွေနဲ့ ငွေတွင်းထဲ ကျွံဝင်နေတဲ့ လက်နက်ကိုင်တွေ အားလုံးအပေါ် အလုံးစုံ မလွှမ်းခြုံနိုင်ပေမယ့် နစကအစိုးရနဲ့တပ်မတော်ရဲ့ ရပ်တည်ချက်ကိုတော့ ထင်ထင်ရှားရှား ပြသခွင့်ရနိုင် သွားတာမျိုး တွေ့ရတယ်။ တကယ်လို့များ ဒီလို ပစ်ဖဲမျိုးကို လက်ရှိ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ NUG ထဲက တချို့သော လူပုဂ္ဂိုလ်တွေနဲ့ ပြည်ပရောက် အနုပညာရှင် တွေကို ဦးတည်ပြီး အမည်မည်းစာရင်းထဲက ပယ်ဖျက်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့များ ထပ်မံလုပ်နိုင်ခဲ့မယ်ဆိုရင် ဘယ်လိုတုံ့ပြန်မှုတွေ ရှိလာနိုင်မလဲဆို တာကလည်း စိတ်ဝင်စားစရာ ဖြစ်နိုင်လောက်တယ်။ 
    ငြိမ်းချမ်းရေး Peace Process နဲ့အပြိုင် တပ်မတော်တစ်ရပ်လုံးနဲ့ ဒေသခံပြည်သူတွေအတွက် ဝမ်းသာမဆုံးဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုက KNPP ၊ KNDF နဲ့ PDF တွေ ယာယီထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို တပ်မတော်က အလုံးစုံပြန်ပြီး ထိန်းချုပ်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းပဲဖြစ်လိမ့်မယ်။ တကယ်တော့ မိုးဗြဲမြို့ဟာ ၂၀၂၃ ခုနှစ် နိုဝင် ဘာလလောက်ကတည်းက KNPP နဲ့ KNDF တို့ရဲ့လက်ထဲ ကျရောက်ခဲ့တာဖြစ်သလို တပ်မတော်ဘက်က ၂၀၂၄ ခုနှစ် နှစ်စပိုင်းကနေစပြီး နယ်မြေရှင်းလင်းဆောင် ရွက်လာခဲ့တာကနေ ခြောက်လအကြာမှာတော့ အလုံးစုံထိန်းချုပ်သွားနိုင်ခဲ့တာ တွေ့ရတယ်။ မိုးဗြဲမြို့ကို အစိုးရထိန်းချုပ်မှုအောက် ရောက်ဖို့အတွက် တပ်မတော်အနေနဲ့ အလွယ်တကူရခဲ့တာတော့ မဟုတ်ဘူး။ နစကအစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ တိုက်ပွဲကြီးငယ်ပေါင်း ၂၁၅ ကြိမ်၊ ထိတွေ့မှုပေါင်း အကြိမ် ၄၀၀ ဖြစ်ပွားခဲ့သလို မြို့သိမ်းတိုက်ပွဲမှာလည်း လက်နက်မျိုးစုံ ၆၃ လက်နဲ့ ရန်သူအလောင်း ၂၄ လောင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားတယ်။ ဒီထုတ်ပြန်ချက်ထဲက ဓာတ်ပုံသတင်းတွေ ထဲမှာဆိုရင် အကြမ်းဖက် ရန်သူတွေအနေနဲ့ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံနဲ့ လူနေအိမ်တွေကို ဘန်ကာတွေဆောက် လုပ်ပြီး ခံစစ်ပြင်ခဲ့တာ တွေ့ရလိမ့်မယ်။ တပ်မတော်အနေနဲ့ မိုးဗြဲမြို့ကို သိမ်း ပိုက်ပြီးချိန်မှာပဲ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံနဲ့ ပင်လောင်းမြို့တွေအတွက် အဓိကဆက်သွယ်ရေး လမ်းကြောင်းကြီး ပြန်ပွင့်အောင် ဆက်လက်စီမံဆောင်ရွက်သွားမယ်လို့ ကြေညာထားတာ တွေ့ရတယ်။ ဒီအခင်းအကျင်းတွေ ကိုကြည့်ရင် တပ်မတော်အနေနဲ့ ဒေသခံပြည်သူတွေ အမြန်ဆုံး နေရပ်ပြန်နေနိုင်စေဖို့နဲ့ ကယားပြည်နယ်တစ်ခုလုံး တည်ငြိမ်အေးချမ်းဖို့အတွက် အသက်သွေးချွေးတွေပေးဆပ်ပြီး အမြန်ဆုံး ဆောင်ကြဉ်းပေးနိုင်ဖို့ ကြိုး စားခဲ့တာ တွေ့ရ တယ်။
    တပ်မတော်ဘက်က မိုးဗြဲကို သိမ်းပိုက်ပြလိုက် တာနဲ့တစ်ပြိုင်နက်တည်း ပြည်သူတွေ စိတ်ဝင်တစားစောင့်ပြီး နားထောင်နေရတဲ့ နောက်ထပ်သတင်းတစ်ပုဒ်က နောင်ချိုကို ဘယ်နေ့ပြန်သိမ်း မလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်လိမ့်မယ်ထင်တယ်။ နောင်ချိုကို သိမ်းပိုက်ရရှိဖို့ အတွက် ကစထမှူးကိုယ်တိုင် အနီးကပ်ကြီးကြပ်ကွပ်ကဲနေတဲ့ မြင်ကွင်းဓာတ်ပုံတွေ ထွက်လာသလို TNLA နဲ့ တပ်မတော်ကြား အပစ်အခတ်ရပ်စဲနိုင်ဖို့အတွက် တရုတ်နိုင်ငံဘက်က ခေါ်ယူတွေ့ဆုံညှိနှိုင်းကြတယ်ဆိုတဲ့ သတင်းတွေလည်း တွေ့နေရတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်မှာလုပ်ခဲ့တဲ့ TNLA ရဲ့ သတင်းစာရှင်းလင်းပွဲမှာ လာမယ့် သြဂုတ်လထဲ တပ်မတော်နဲ့ TNLA အကြား ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်ပြီး တွေ့ဆုံဖို့ ရှိနေတယ်ဆို ပြီး ထုတ်ပြောခဲ့တာလည်း တွေ့ရတယ်။ ပထမအကြိမ် တွေ့ဆုံစဉ်ကတော့ တပ်မတော်ရဲ့အဆိုပြုချက်ကို လက်သင့်မခံခဲ့တဲ့ TNLA အနေနဲ့ ဒုတိယအကြိမ် တွေ့ဆုံညှိနှိုင်းမှုမှာရော ဘယ်လိုအနေအထားမျိုးကနေ ရပ်တည်မလဲဆိုတဲ့အချက်ကတော့ စိတ်ဝင်စားစရာကောင်းလွန်း လှတယ်။ တပ်မတော်အတွက်ကတော့ ဒေသခံပြည်သူတွေအပြင် တပ်မတော်ကို အားပေးထောက်ခံနေကြတဲ့ ပြည်သူတွေရဲ့ ယုံကြည်မှု (Trust) ကို အမြင့်ဆုံးအနေ အထားရောက်ဖို့ နောင်ချိုကို မိုးဗြဲလိုမျိုး အမြန်ဆုံးသိမ်း ပိုက်ပြဖို့ လိုအပ်နေတာ တွေ့ရတယ်။ 
    အချုပ်ဆိုရရင်တော့ နစကသွားနေတဲ့ ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနဲ့ အနာဂတ် ပြည်ထောင်စုတည်ဆောက်ရေးလမ်းစဉ်ဟာ ခုလို အခင်းအကျင်းအရတော့ တဖြည်းဖြည်း ပုံဖော်သွားနိုင်လိမ့်မယ်လို့ ယူဆရတယ်။ NCA လက်မှတ် မထိုးထားတဲ့ အဖွဲ့တွေကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ဖို့ NCA နှစ်ပတ်လည်နေ့မတိုင်ခင်မှာ ညှိနှိုင်းမှုတွေ စဉ်ဆက်မပြတ် လုပ်နိုင်ရင်တော့ ပိုကောင်းတဲ့ ရလဒ် တစ်ခု ထွက်လိမ့်မယ်လို့ ယူဆရတယ်။ ရွေးကောက်ပွဲဟာ နိုင်ငံရေးပါတီတွေအတွက် သီးသန့်ရည်ရွယ်တာမျိုးမဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွားတွေ ကောင်းမွန်ဖို့နဲ့ ရွေးကောက်ခံအစိုးရတစ်ရပ် အဖြစ်နဲ့ အမြန်ဆုံးပေါ်ပေါက် စေဖို့ ဆောင်ရွက်ပေးတဲ့ အခင်းအကျင်းမျိုးသာ ဖြစ်တယ်ဆိုတာကို အမြင်ရှင်းစေဖို့ နည်းလမ်းပေါင်းစုံနဲ့ လူထုကို ဆွဲဆောင်မှုပြုလုပ်ပေးဖို့ လိုလိမ့်မယ်။  ပြည်ထောင်စုအတွက် ရှေးရှုတဲ့ကမ်းလှမ်းချက်ကို စာသားသက်သက် ထုတ်ပြန်တာမဟုတ်ဘဲ အမှန်တကယ် လက်ကမ်းကြိုဆိုတဲ့ အခင်းအကျင်းမျိုးအထိရောက်စေဖို့ Third Party တွေရဲ့ အခန်းကဏ္ဍကိုလည်း မြှင့်တင်ပေးဖို့လိုအပ်လိမ့်မယ်။ ဒီလိုငြိမ်းချမ်းရေးနဲ့ရွေးကောက်ပွဲအတွက် လူထု၊ နိုင်ငံရေးပါတီနဲ့ လက် နက်ကိုင် အစုအဖွဲ့တွေအားလုံး စိတ်ဝင်စားတဲ့ အခင်းအကျင်းမျိုးကို မက်လုံးပေး ဆွဲဆောင်နိုင်ပြီဆို ရင်တော့ ရွေးကောက်ပွဲကို ဆန့်ကျင်မယ့် အဖွဲ့အစည်းဟာ လူထုရဲ့ အသက်အိုးအိမ်နဲ့ အကျိုးစီး ပွားတွေကိုဖျက်ဆီးမယ့် အဖွဲ့အစည်းတွေ ဖြစ်တယ်ဆိုတာ ပိုပြီးထင်ရှားလာနိုင်သလို လူထုနဲ့ပါ ပိုပြီး အလှမ်း ကွာဝေးသွားလိမ့်မယ်။ တပ်မတော်ကို ထောက်ခံကြတဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုကို ပိုပြီးမြင့်မားစေဖို့အတွက် ပြင်ဦးလွင်-လားရှိုး ပြည်ထောင်စုလမ်းပိုင်းကြားက မြို့တွေကို ရွေးကောက်ပွဲ မတိုင်ခင် ကာလအတောအတွင်းမှာ တပ်မတော်ထိန်းချုပ်မှုအောက်ကို ပြန်ပြီးရောက်အောင် ဆောင်ကြဉ်းနိုင်ခဲ့ မယ်ဆိုရင်တော့ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်တွေလည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပိုင်ဆိုင်ခွင့် ရလာလိမ့်မှာဖြစ်သလို တပ်မတော်အပေါ်မှာလည်း လူထုရဲ့ထောက်ခံမှုက ပိုပြီးရှိလာလိမ့်မယ်လို့ ယူဆရ တယ်။ ဒီရည်မှန်းချက်တွေ အထမြောက်အောင်မြင်စေဖို့နဲ့ နိုင်ငံရေးအခင်းအကျင်းကို ဟန်ချက်ညီညီ လျှောက်လှမ်းနိုင်ဖို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ယုံကြည်မှုကလည်း အဓိကကျသလို စစ်ရေး နည်းနဲ့ သံတမန်နည်းလမ်းတွေကလည်း အသုံးဝင်နေဦး မှာဖြစ်လို့ နစကအစိုးရအနေနဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းတဲ့အခါ 'သားရွှေအိုးထမ်းလာသလိုမျိုး'ဆောင်ရွက်နိုင်ပါစေလို့ပဲ မျှော်လင့်မိတယ်။
နရီမိုး
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46720

© 2022 - 2025 News. All Rights Reserved.