၂၀၂၄ အောက်တိုဘာ ၅
နိုင်ငံကို တည်ဆောက်ပြုပြင်ရာမှာ စိတ်ကူးယဉ်သက်သက်နဲ့ လုပ်လို့မဖြစ်နိုင်ဘူးဆိုတာ သမိုင်းသက်သေတွေ အပြည့်ရှိပါတယ်။ ပြည်ထောင်စုနိုင်ငံတစ် နိုင်ငံတည်ဆောက်ရာမှာ တစ်ကိုယ်ကောင်းစိတ်ကို ဖယ်ခွာပြီး ဖြစ်သင့်တဲ့ အတိုင်းအတာအတွင်းကသာ ပြည်ထောင်စုအကျိုးကို ကြည့် သင့်ပါတယ်။ ဒီနေရာမှာ တစ်ကိုယ်ကောင်းဆိုတာက မိမိနဲ့မိမိလူမျိုးကိုဆိုလိုတာပါ။ တစ်ကိုယ်ရည် အာဏာတပ်မက်မှုနဲ့ လူမျိုးရေးအစွန်းရောက်ပါက ပြည်ထောင်စုတည်ဆောက်ရာမှာ အေးချမ်းတည်ငြိမ်တဲ့၊ စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စုဖြစ်လာနိုင်စရာ မရှိပါဘူး။ ပြည်ထောင်စုရဲ့ စုန်းပြူး တွေလို့ ဆိုရမှာပါ။ မိမိတို့မြန်မာနိုင်ငံအနေနဲ့ ပြည်ထောင်စုကို စတင်တည်ဆောက်ခဲ့ကြရာမှာ လက်တွေ့ထက် စိတ်ကူးယဉ်ဆန်ခဲ့ကြတာ၊ တစ်ကိုယ်ကောင်းဆန်ခဲ့ကြတာ ငြင်း လို့မရနိုင်တဲ့ အခြေအနေပါ။ ထိုစိတ်၊ ထိုဆန္ဒတွေကိုပြင်ဖို့၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့အခြေအနေကို လက်ခံဖို့၊ ပြင် သင့်ပြင်ထိုက်တာတွေကိုပြင်ဖို့ ခေတ်အဆက်ဆက်မှာ ကြိုးစားခဲ့ကြပေမယ့် အခုချိန်ထိ ငြင်းလို့ကောင်းတုန်း၊ ရန်ဖြစ်လို့ကောင်းတုန်း။
မြန်မာနိုင်ငံဟာ သယံဇာတပေါများနေရုံသာမက ရာသီဥတု၊ ရေမြေတောတောင်သဘာဝနဲ့ တည်နေရာအနေအထားများအရ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာကောင်းတဲ့ နိုင်ငံတစ်ခုပါ။ သို့သော် ယခုချိန်ထိ ဖွံ့ဖြိုးတိုးတက်မှုမရှိဖြစ်နေတာ တွေ့ရမှာပါ။ အဓိကပြဿနာက လက်နက်ကိုင်လမ်း စဉ်ကြောင့်လို့ ဆိုရပါလိမ့်မယ်။ တပ်မတော်က အာဏာမက်ပြီး စစ်အာဏာရှင်စနစ်တည်ဆောက်နေတယ်ဆိုပြီး ပြောနေကြတာက ဟုတ်ကိုမဟုတ်ဘူး။ ရိုးရိုးလေးပဲကြည့်။ ဘယ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ သူသား၊ သူ့တူ၊ သူ့သွေးသားကို အာဏာလွှဲမပေးခဲ့ဘူး။ ဘယ်နိုင်ငံရေးသမားမှ သူ့သားသမီးတွေကို နိုင်ငံတော်အာဏာလွှဲမပေးခဲ့ဘူး။ အခြေခံဥပဒေအရသာ ဆောင်ရွက်ခဲ့ကြတာပဲရှိတယ်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတော့ ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းတည်ဆောက်ခဲ့ကြတယ်။ အဲ့ဒီအချိန်က တိုင်းတွေကို အင်္ဂလိပ်တွေအုပ်စိုးစဉ်အချိန်ကသတ်မှတ်ထားတဲ့အတိုင်းဖွဲ့စည်းခဲ့တာ။ ပြည်နယ်တွေကို ၁၉၄၇ ခုနှစ် ပင်လုံညီလာခံမှာ ဆွေးနွေးသဘောတူညီချက်အရ သတ်မှတ်ခဲ့ကြတာ။ ကချင်ကပြည်နယ်ပေး လောက်တဲ့အထိ မရှိပေမယ့် ဗမာနဲ့ရှမ်းနီဒေသအချို့ကို ပိုးပြီး ပြည်နယ်သတ်မှတ်ပေးခဲ့တာ။ ချင်းကပြည်နယ် မယူလို့ ဝိသေသတိုင်းဖြစ်လာတာ။ ရှမ်းကပြည်နယ်အဖြစ်ရယူပြီး အခြေခံဥပဒေမှာ ဆွေးနွေးသဘောတူညီချက်အရ စော်ဘွားအာဏာစွန့်မယ်ဆိုတဲ့ အချက်ကို ထည့်ခဲ့တာ။ ဒီမိုကရေစီ အနှောင့်အယှက်ဖြစ်မှာကို ထည့်တွက်ထားကြတာ။ ပဒေသရာဇ်စနစ် ချုပ်ငြိမ်းရေး လုပ်ခဲ့ကြတာ။ ကယား (ကရင်နီဒေသ)ကို ပြည်နယ်ပေးတာက သမိုင်းကြောင်း အရပေးတာ။ သီးခြားလွတ်လပ်တဲ့နိုင်ငံငယ်တော့ မဟုတ်ခဲ့ဘူး။ ကရင်ကပြည်နယ်ပေးရ မှာ မှန်ပေမယ့် အခြေခံဥပဒေမှာ တစ်ခါတည်းသတ်မှတ် မပေးထားဘဲ ဖြစ်သင့်တဲ့အတိုင်းဖြစ်စေဖို့ လေ့လာပြီးမှပေးတာ။ မွန်နဲ့ရခိုင်က အင်္ဂလိပ်ခေတ်မှာကတည်းက ဗမာနဲ့အတူတိုင်းအဖြစ် သတ်မှတ်ခဲ့ကြတာ။ ၁၉၇၄ ခုနှစ်အခြေခံဥပဒေရေးဆွဲမှ ချင်းနဲ့အတူ ပြည်နယ်အဖြစ် သတ်မှတ်ခဲ့ကြတာ။ ဒါသမိုင်းကြောင်းအရ အခြေအနေမှန်ပဲ။ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးနောက်ပိုင်းပြောတာ။ ပဒေသရာဇ်ခေတ် ပြန်သွားရင်တော့ မတတ်နိုင်ဘူး။
ဒီသမိုင်းကြောင်းအရ ဖြစ်တည်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုဟာ အခြေခံဥပဒေ မင်တောင်မ ချောက်သေးဘူး အကွဲအပြဲကစပြီ။ အဓိကက အာဏာပဲ။ ပါလီ မန်စနစ်အရ မဲနိုင်အကုန်ယူဖြစ်ခဲ့တာ။ အဲ့ဒီအတွက် ဗမာတွေကသာ နိုင်ငံတော်အာဏာကို ရယူကိုင်တွယ် နိုင်ခဲ့တာတွေ့ရမယ်။ သမ္မတကို တိုင်းရင်းသားထားပေမယ့် အုပ်ချုပ်စီမံမှုအာဏာက ပါလီမန်နဲ့ဝန်ကြီးချုပ်ဆီ မှာရှိတာ။ ပြည်နယ်တွေမှာ တိုင်းရင်းသားအခွင့်အရေး၊ လူမှုရေး၊ ဘာသာစာပေ အပြည့်အဝရသလို နိုင်ငံသားအခွင့်အရေးလည်း အပြည့်အဝရတာမှန်ပေမယ့် မကျေနပ်ချက်က အဲ့ဒါမဟုတ်ဘူး။ အဲ့ဒါက နောက်ပိုင်းမှသာ အကြောင်းပြချက် အဖြစ်သုံးကြတာ။ သက်ဆိုင်ရာ တိုင်းရင်းသားတွေကို ပြည်နယ်ခေါင်းဆောင်အဖြစ် အာဏာပေးထားပေမယ့် အာဏာက ဝန်ကြီးချုပ်ရဲ့လက်ဝေခံ ထက်မပိုဘူး။ ကြာလာတာနဲ့အမျှ အဲ့ဒီအာဏာက ပြဿနာဖြစ်လာတာ။ အထူးသဖြင့် စော်ဘွားအာဏာ လျော့ကျလာတာ၊ ကရင်ခေါင်းဆောင်တွေအနေနဲ့ အင်္ဂလိပ်ခေတ်ကလို အာဏာမရှိတော့တာ၊ မွန်နဲ့ရခိုင်က ကျန်တိုင်းရင်းသားတွေလို လူမျိုးစုပြည်နယ်မရခဲ့တာ၊ ဒါတွေ ကတစ်ဆင့် တိုင်းရင်းသားတွေကြားမှာ လက်နက်ကိုင်လမ်းစဉ် ကူးဆက်ကြီးထွားလာခဲ့တာ။ တပ်မတော်နဲ့ ဘာမှမဆိုင်ဘူး။
ပြည်ထောင်စုတည်ဆောက်ရာမှာ ဖက်ဒရယ်နဲ့ ယူနီယံ၊ ယူနိုက်တက် ဘာမှမထူးဘူး။ အခေါ်အဝေါ်အားဖြင့်သာကွဲတာ။ တကယ်ကွဲတာက ဖက်ဒရယ်နဲ့ ကွန်ဖက်ထရေးရှင်း။ မြန်မာနိုင်ငံမှာ ဖြစ်နေကြတာက ဖက်ဒရယ် ဖက်ဒရယ်သာ ပြောနေကြတာ အမှန်တကယ် လိုချင်ကြတာက ကွန်ဖက်ထရေးရှင်း။ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ လိုလားချက်က ကိုယ်ပိုင်ပြည်နယ်၊ ကိုယ်ပိုင်တပ်မတော်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပဲ။ ဖက်ဒရယ်မှာ တပ်မတော်တစ်ခုတည်းရှိရမှန်း သိကြပေမယ့် ဘယ်တုန်းကလက်ခံခဲ့ကြလို့လဲ။ ကိုယ်ပိုင်ပြည်နယ်ကိုလည်း ပါတီထောင်ထားကြတာမှန်ပေမယ့် လက်နက် ကိုင်တပ်နဲ့ တစ်ဖွဲ့တည်းဖွဲ့ပြီး ပါတီကအုပ်ချုပ်တဲ့ပုံစံနဲ့ လက်နက်နဲ့အာဏာကို ချုပ်ကိုင်ချင် ကြတာ။ KIA နဲ့ KNU မှာ ပါတီခေါင်းဆောင်ကို ကွန်ဖရင့်ကတစ်ဆင့် ရွေးတာတွေ့ရပေမယ့် 'ဝ'၊ ကိုးကန့်၊ မိုင်းလား၊ ပလောင်၊ AA တို့ကတော့ သက်ဦးဆံပိုင်ပဲ။ အခုပဲ မိုင်းလားကို ကြည့် အဖေ စိုင်းလင်း သေတော့အာဏာက သားထိန်လင်းကိုလွှဲသွားတာ။ ဖုန်ကြားရှင်သေတော့ ဘယ်သူဖြစ်လဲ သူ့သား ဖုန်တာရွှင်ပဲမဟုတ်လား။ ဘယ်မှာလဲ ဒီမိုကရေစီ။ ထိုဒေသတွေမှာ သာမန်ပြည်သူတွေ၊ နိုင်ငံရေးသမားတွေ သူတို့နဲ့မပေါင်းရင်၊ သူတို့ထဲမဝင်ရင် ဘယ်လိုမှ အာဏာရလာစရာ၊ ခေါင်းဆောင်ပိုင်းမှာ ဖြစ်လာ စရာမရှိတာ ရှင်းတယ်။
လက်နက်ကိုင်လမ်းစဉ်ရဲ့အစက တိုင်းရင်းသားတွေမဟုတ်ဘူး။ ကွန်မြူနစ်တွေကစခဲ့တာ။ လက်နက်နဲ့တိုက်ပြီးသိမ်းမှ လွတ်လပ်ရေးနဲ့ အာဏာအစစ်အမှန်ဖြစ်တယ်ဆိုပြီး စခဲ့ကြတာ။ အဲ့ဒီကစပြီး တစ်နှစ်အတွင်း ကူးစက်သွားတာက ကရင်။ ကရင်အဖွဲ့အစည်းအား လုံးကိုပေါင်းထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)က KNDO လက်နက်ကိုင်တပ်ဖွဲ့ထူထောင်ပြီး စတင်တိုက်ခိုက်ခဲ့ကြတာ။ တစ်ချိန်တည်းလိုလို လက်နက်ကိုင်လမ်းစဉ်ကို လိုက်ခဲ့ကြတာက မွန်နဲ့ရခိုင်။ အဲ့ဒီနောက် ပေါ်လာတာက ရှမ်းနဲ့ KIA။ အဲ့ဒီအခြေအနေကစပြီး တဖြည်းဖြည်း တိုင်းရင်းသားတွေကြားမှာ လက် နက်ကိုင်လမ်းစဉ်ပေါ်လာတာ။ ဘာမှတပ်မတော်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ မဆိုင်ဘူး။ ဘာမှစစ်အာဏာရှင်စနစ် မတည်ဆောက်ခဲ့ဘူး။ ရာသက်ပန် အာဏာရဖို့ ကြိုးစားတည်ဆောက်ခဲ့ တာက ဖဆပလ။ ဇာတ်လမ်းအတော်များများက သူက စခဲ့တာချည်းပဲ။ အဓိက တာဝန်ရှိသူတွေက ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ဦးသိန်းဖေတို့အုပ်စုတွေပဲ။ ဖဆပလကို ဗိုလ်ချုပ်အောင်ဆန်း ကစခဲ့တာ မှန်ပေမယ့် သူက စောစောသေသွားလို့ ဒီအ ထဲမပါတာ။ သူရှိရင်တော့ မပြောတတ်ဘူး။ သခင်စိုးနဲ့ သခင်သန်းထွန်းတို့က အုပ်ချုပ်မှုအာဏာမရခဲ့ကြပေမယ့် လက်နက်ကိုင်လမ်းစဉ်ကို စတင်ခဲ့ကြသူ တွေ။ ဒါဟာလွတ်လပ်ရေးရချိန်ကစပြီး လက်နက်ကိုင်လမ်းစဉ် ပေါ်လာခဲ့တဲ့ အခြေအနေအကျဉ်းချုပ်ပဲ။
ဒီအခြေအနေတွေနဲ့ လက်နက်ကိုင်လမ်းစဉ် ချုပ်ငြိမ်းစေဖို့၊ တိုင်းပြည်အေးချမ်းသာယာပြီး ခရီးဆက်နိုင်စေဖို့ တပ်မတော်အစိုးရလို့ ပြောလို့ရတဲ့ တော်လှန်ရေးကောင်စီအစိုးရက နိုင်ငံရေးပြေလည်စေဖို့ နိုင်ငံရေးအင်အားစုအားလုံးကို တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့တာ၊ အကြံပေးကော်မတီ ဖွဲ့စည်းပေးခဲ့တာတွေ ဆောင်ရွက်ခဲ့သလို လက်နက်ကိုင်တိုက်ပွဲတွေ ချုပ်ငြိမ်းစေဖို့ ကြိုတင်ကန့်သတ်ချက်မပါတဲ့ ဖိတ်ခေါ်မှုပြုလုပ်ပြီး ဗကပအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံရေးရော၊ လက်နက်ကိုင်အရေးပါ ရှေးရှုခဲ့တာပဲဖြစ် ပါတယ်။ ဆွေးနွေးချက်တွေ ယခုချိန်ထိ မှတ်တမ်းအဖြစ် ရှိပါတယ်။ အဓိကမအောင်မြင်ခဲ့ရတဲ့ အကြောင်းရင်းက အထက်မှာဆိုခဲ့သလို ဖြစ်သင့်တဲ့ ပြည်ထောင်စုအကျိုး ထက်တစ်ကိုယ်ကောင်းစိတ် ပိုနေကြလို့ပါ။
၁၉၆၂ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်အထိ တပ်မတော်က နိုင်ငံတော်အာဏာကို ကိုင်တွယ်ခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ နိုင်ငံရေးစနစ်တစ်ခုပြောင်းပြီး နိုင်ငံတော်အာဏာကို ပြန်လွှဲပေးခဲ့ပါတယ်။ ထိုစဉ်က လက်ဝဲလက်ယာ ပြဿနာတွေကြား မညပ်စေဖို့နဲ့ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့ ဆိုရှယ် လစ်စနစ်ကို တည်ဆောက်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် တည်ဆောက်ခဲ့ခြင်း မဟုတ်ပါ။
မြေပေါ်မြေအောက် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတဲ့အတွက် ၁၉၈၈ ခုနှစ်မှာ စနစ်တစ်ခု ပျက်စီးခဲ့ပြီး တပ်မတော်က နိုင်ငံတော်အာဏာကို ထပ်မံရယူခဲ့ရပြန်ပါတယ်။ ဗကပပြိုကွဲပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရယူခဲ့ရာမှ အထူးဒေသတွေပေါ် ပေါက်လာခဲ့ပါတယ်။ လက်နက်ကိုင်ထားသော်လည်း လက်နက်ကိုင်လမ်းစဉ် ခေတ္တဆိတ်သုဉ်းနေတဲ့ ကာလလို့ ဆိုရမှာပါ။ တိုက်ပွဲတွေမဖြစ်တဲ့အတွက် နေရာစုံမှာ တိုးတက်လာတာ တွေ့ရမှာဖြစ်ပါတယ်။ ပြည်သူတွေလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ရှေးရှုပေးခဲ့ရာ ၂၀၀၈ ခုနှစ်မှာ စနစ်သစ်တစ်ခု ပေါ်ပေါက်ခဲ့ပြန်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ထိုစနစ် အသက်ဝင်လာတဲ့အတွက် တပ်မတော်အစိုးရ အုပ်ချုပ်မှုရပ်သွားခဲ့ပြီး ရွေးကောက်ပွဲကတစ်ဆင့် အစိုးရတစ်ရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ စနစ်တစ်ခု ပြောင်းပေးနိုင်ခဲ့ပေမယ့် ထာဝရငြိမ်းချမ်းရေးတော့ မရရှိသေးပါ။ တိုင်းရင်းသားပြည်သူအများ လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်နဲ့ ထာဝရငြိမ်းချမ်း ရေးရရှိဖို့တော့ တိုင်းရင်းသားပြည်သူအားလုံးမှာ တာဝန်ရှိပါတယ်။ ပြည်သူအားလုံးလို့ဆိုရာမှာ အရပ်သား သက်သက်ကို ဆိုလိုခြင်းမဟုတ်ပါ။ နိုင်ငံသားအားလုံးနဲ့ အဖွဲ့အစည်း အသီးသီးပါပါတယ်။ လိုချင်တဲ့စနစ်ရဖို့ အားလုံးညီညွတ်ဖို့လိုပါလိမ့်မယ်။ သူတစ်လူငါ တစ်မင်းနဲ့ တစ်ကိုယ်ကောင်းစိတ်တွေ လျှော့ဖို့လိုပါတယ်။
ဒီလ(၂၀၂၄ စက်တင်ဘာ) ၂၆ ရက်မှာ နိုင်ငံ တော်အာဏာကို ခဏထိန်းထားရတဲ့ နစကအစိုးရက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်ခဲ့တာတွေ့ရပါတယ်။ အစိုးရတစ်ရပ်အနေနဲ့ တရားဝင်ဖိတ်ခေါ်ကမ်းလှမ်းခြင်း ဖြစ်တဲ့အတွက် အလေးအ နက်ထားဖို့ လိုပါလိမ့်မယ်။ အထူးသဖြင့် သာမန်ချိန် အစိုးရတစ်ရပ်ရဲ့ကမ်းလှမ်းမှုနဲ့ အရေးပေါ်အခြေအနေမှာ တာဝန်ယူထားရတဲ့ အစိုးရရဲ့ ကမ်းလှမ်းမှုက မတူပါဘူး။ သူ့ရဲ့အဓိကတာဝန်က တည်ငြိမ်အေးချမ်းရေးနဲ့ မူလအခြေအနေ ပြန်လည်ရောက်ရှိရေးပါ။ ရွှေလက်နဲ့ကမ်းလို့မလာရင် ဆက်ဖြစ်လာမယ့် အကျိုးဆက်ကိုတော့ ကြိုတင်တွက်ဆထားဖို့ လိုပါလိမ့်မယ်။ သူခေါ်တာကလည်း လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးဖြစ်တဲ့အတွက် တည်ငြိမ်အေးချမ်းမှုကို ဘယ်လောက်ထိ တန်ဖိုးထားတယ်ဆိုတာ မြင်အောင်ကြည့် သင့်ပါတယ်။ နားလည်သင့်ပါတယ်။ တိုက်ပွဲတွေကြောင့် ပြည်သူတွေ ဘယ်လောက်ထိ ထိခိုက်နစ်နာနေကြပြီဆိုတာလည်း အားလုံးအသိပါ။ တိုင်းရင်းသား လက်နက်ကိုင်တွေတင်မကဘဲ PDF တွေကိုပါ ဖိတ်ခေါ်တာဟာ ဘက်အမြင်နဲ့ အသတ်ခံရတဲ့ပြည်သူတွေ ထပ်မံမပေါ်စေချင်လို့၊ ပြည်သူတွေအနေနဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတွေကို ချောမွေ့စွာ ဆောင်ရွက်နိုင်စေဖို့၊ လူငယ်လေးတွေကို အခြေခံဖွဲ့စည်းထားကြတဲ့အတွက် တိုင်းပြည်တည်ဆောက်ရာမှာ တစ်တပ်တစ်အား ပါဝင်လာနိုင်စေဖို့၊ တိုင်းပြည်အင်အား မဆုံးရှုံး စေဖို့နဲ့ တည်ငြိမ်အေးချမ်းရေးရှိမှ တိုင်းပြည်အတွက် လုပ်သင့်တာဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်တယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ပါနေတာကို မြင်အောင် ကြည့်စေချင်တယ်။
နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဆွေးနွေးဖို့ တပ်မတော်ကဖိတ်ခေါ်နေတာဟာ ကြောက်လို့၊ စစ်ရှုံးနေလို့ဆိုတဲ့ အတွေးအခေါ်ရှိရင်ဖယ်ထုတ်လိုက်ပါ။ သူ့တာဝန် သူနားလည်ပါတယ်။ စစ်လည်း တိုက်တတ်ပါတယ်။ ဘယ်သူ့ကို ဘယ်အင်အား ဘယ်လက်နက်သုံးရင် ရမလဲဆိုတာလည်း သူသိပါတယ်။ စစ်တိုက်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကို လျှော့မတွက်ကြပါနဲ့။ အဆုံးသတ်တိုက်ပွဲကြမှသာ စစ်ပွဲတစ်ပွဲရဲ့အနိုင်အရှုံးဆိုတာ အဖြေပေါ်ပါတယ်။ ပြည်သူတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနှောင်းမှ နှောင်းနောင်တမရစေလိုပါ။ Win Win Situation ဖြစ်စေမယ့် ဖိတ်ခေါ်ချက်ကိုအလေးထားဖို့တော့ လိုပါလိမ့်မယ်။ နောက်တစ်ချက်က ဒီဖိတ်ခေါ်မှုအပေါ်မှာ ခုတုံးမလုပ်ကြဘဲ တစ်ကိုယ်ကောင်း မဆန်ကြဖို့လည်း သတိထားထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ သားရွှေအိုးထမ်းလာမယ့်လမ်း ရွေးမလား၊ ရေအိုးကွဲပြီး ပြန် ဆက်လို့မရမယ့်လမ်းကို ရွေးကြမလားဆိုတာကိုတော့ စဉ်းစားကြစေလိုတယ်။
ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )