အစ္စရေး-အီရန် ပဋိပက္ခနဲ့ အဆိုးဆုံး ဖြစ်နိုင်ခြေ အလားအလာများ

၂၀၂၅ ၊ ဇွန် ၂၀
    အစ္စရေးနဲ့ အီရန်ရဲ့ စစ်ရေးပဋိပက္ခဟာ ထင်မှတ်မထားတဲ့အချိန်မှာ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လျင်လျင်မြန်မြန်ပဲ အရှိန်တက်လာနေပါတယ်။ ဇွန် ၁၃ ရက်မှာ အစ္စရေးဟာ အီရန်နိုင်ငံ အနှံ့မှာရှိနေတဲ့ နျူကလီးယားနည်းပညာဆိုင်ရာ အဆောက်အအုံတွေနဲ့ စစ်စခန်းတွေကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ အီရန်ဟာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ဖို့ အရမ်းနီးကပ်နေပြီဆိုတဲ့ အကြောင်းပြချက်နဲ့ အစ္စရေးဘက်ကစပြီး တိုက်ခိုက်ခဲ့တာပါ။ အီရန်ကလည်း ဒုံးကျည်တွေ၊ ဒရုန်းတွေ အလုံးအရင်း အသုံးပြုပြီး အစ္စရေး မြို့ရွာတွေကို လက်တုံ့ပြန် ပစ်ခတ်ခဲ့ပါတော့တယ်။
    ဇွန် ၁၆ ရက် မနက်ပိုင်းထိ အခြေအနေတွေ အရတော့ နှစ်နိုင်ငံကြားမှာ အလုံးစုံ စစ်ပွဲကြီးအဆင့်ကို မရောက်သေးဘဲ လေကြောင်းကနေပဲ အပြန်အလှန်တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျောင်းတော်က ရန်စတွေ ရှိခဲ့ဖူးတဲ့ ခါးသီးပြိုင်ဘက်တွေလည်း ဖြစ်တာကြောင့် အီရန်နဲ့ အစ္စရေး ပဋိပက္ခဟာ တခြားနိုင်ငံတွေ ကြားဝင်စေ့စပ်ပေးဖို့ မလွယ်သလို ရှိရင်းစွဲ အခြေအနေတွေကနေ ရုတ်တရက်အများကြီး ပိုဆိုးရွားသွားနိုင်တာ၊ ပြဿနာတွေ ပိုကြီးလာတာမျိုး ဖြစ်နိုင်ခြေတွေလည်း အများကြီး ရှိနေပါတယ်။ 
    တချို့ဆိုရင် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အဲဒီ တင်းမာမှုတွေကို အခြေပြုပြီး တတိယ ကမ္ဘာစစ်တောင် အစပျိုးလာနိုင်တယ်ဆိုတာမျိုး လွန်လွန်ကဲကဲ ထင်ကြေးပေးနေကြပါတယ်။ သုံးရက် ကျော်လောက် ကြာမြင့်ပြီးတဲ့ အခြေအနေမှာတော့ အီရန်ဘက်က ထိပ်တန်း စစ်ဘက်အကြီးအကဲတွေ၊ နျူကလီးယားပညာရှင်တွေ အပါအဝင် လူပေါင်း ၁၄၀ ကျော်လောက် သေဆုံးခဲ့သလို အစ္စရေး ဘက်မှာလည်း အသေ အပျောက်က ဒါဇင်နဲ့ချီ များပြားနေပါတယ်။ ဒီပဋိပက္ခဟာ လက်ရှိ နှုန်းအတိုင်း ဆက်သွားမနေဘဲ ပိုဆိုးတဲ့ အချိုးအကွေ့တွေဆီ အချိန်မရွေး ဦးတည်ပြောင်းလဲသွားနိုင်ပါတယ်။ အဲဒီထဲမှာမှ အဆိုးတကာ့ အဆိုးဆုံးလို့ သတ်မှတ်ရမယ့် အလားအလာ တချို့ကိုတော့ အခုလို ကောက်နုတ်ကြည့် နိုင်ပါတယ်။

အမေရိကန် ပါဝင်လာခြင်း
    အစ္စရေးရဲ့ အစဉ်အလာ မဟာမိတ်ဖြစ်တဲ့ အမေရိကန်က အီရန်ကို အစ္စရေး တိုက်ခိုက်တဲ့ ကိစ္စမှာ တိုက်ရိုက်ပတ်သက်မှု လုံးဝမရှိကြောင်း အစဉ်တစိုက် ငြင်းဆိုနေပါတယ်။ ဒါပေမဲ့ အီရန်ကတော့ အမေရိကန်မြှောက်ပေးလို့၊ အနည်းဆုံးတော့ နည်းဗျူဟာပိုင်း အထောက်အပံ့တွေပေးလို့ အစ္စရေးက အင်မတန်ရဲတင်းတဲ့ လုပ်ရပ်အဖြစ် အီရန် ပိုင်နက်ကို တိုက်ရိုက်ထိပါး ရန်စရဲတယ်လို့ ယုံကြည်နေတယ်။ ပြီးတော့ အစ္စရေးဆီ အီရန်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ကြားဖြတ် ပစ်ချရာမှာလည်း အမေရိကန်က အစ္စရေး ဘက်ကနေ အားတက်သရော ကူညီပေးနေတာ အမှန် ပါပဲ။
    အဲဒီလုပ်ရပ်ကိုလည်း အီရန်က မကျေနပ်ပါဘူး။ တကယ်လို့ အစ္စရေးရဲ့ ကာကွယ်ရေးအတွက် ဆက်ပြီး အကူအညီ ပေးနေမယ်ဆိုရင် အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ရဲ့ အရှေ့အလယ်ပိုင်းဒေသတွင်းမှာ အခြေစိုက်တဲ့ စစ်စခန်းတွေ၊ ဒေသတွင်းမှာ ဖြတ်သန်း ခုတ်မောင်းသွားတဲ့ သင်္ဘောတွေကို တိုက်ခိုက်ရလိမ့်မယ်လို့ အီရန်က ခြိမ်းခြောက်ထားပါတယ်။ ဒါပေမဲ့ ဒီကိစ္စမျိုးဟာ တကယ်လုပ်လိုက်မယ်ဆိုရင် ဘေးထွက်ဆိုးကျိုး သိပ်ကိုများမှာပါ။ ဒါကို အီရန်ကလည်း သဘော ပေါက်ပါ လိမ့်မယ်။
    အထူးသဖြင့် အမေရိကန်က စစ်ရေးပဋိပက္ခထဲမှာ ထဲထဲဝင်ဝင် ပါလာတာဟာ အီရန်အတွက် ဘယ်လိုမှ အကျိုးမရှိနိုင်ပါဘူး။ အစ္စရေးက လောလောဆယ်မှာ အီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေကို တိုက်ခိုက်နေတယ်ဆိုပေမယ့် အီရန်ရဲ့ မဟာဗျူဟာ စစ်စခန်းတွေ၊ အထူးသဖြင့် မြေ အောက်မှာ နက်နက်ရှိုင်းရှိုင်း ဆောက်လုပ်ထားတဲ့ ဘန်ကာတွေကို ဗုံးကြဲဖျက်ဆီးနိုင်တဲ့ စစ်လက်နက်တွေ အစ္စရေးက ပိုင်ဆိုင်မထားပါဘူး။ ဒါပေမဲ့ အမေရိကန်မှာတော့ အဲဒီလို ဘန်ကာတွေကို ဖျက်ဆီးနိုင်တဲ့ လက်နက်တွေ၊ အဲဒီလက်နက်တွေကို တပ်ဆင်ပစ်ခတ်နိုင်တဲ့ ဗုံးကြဲလေ ယာဉ်တွေ ရှိပါတယ်။ 
    အမေရိကန်အစိုးရဟာ အစ္စရေးကို ကာကွယ်ရေးအတွက် ကူညီနေပေမယ့် စစ်ပွဲမှာ တိုက်ရိုက် ဝင်ပါဖို့ လက်ရှောင်လိုကြောင်း အတိအလင်း သဘောထား ပြသထားပြီးသားပါ။ အီရန်အတွက်လည်း ဒီအခြေအနေက ပိုကောင်းပါလိမ့်မယ်။ အကြောင်းတစ်ခုခုကြောင့် အမေရိကန်ကိုယ်တိုင် စစ်ထဲဝင်ပါ လာရင်တော့ ကိစ္စတွေက ပိုမိုရှုပ်ထွေးလာနိုင်သလို ခန့်မှန်းရခက်လွန်းတဲ့ အကျိုးဆက်တွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ် ပေါက်လာ နိုင်ပါတယ်။


ပင်လယ်ကွေ့နိုင်ငံတွေ ပါဝင်လာခြင်း
    အီရန်က ရန်သူတော့ အတော်လေးပေါတဲ့ နိုင်ငံလို့ သတ်မှတ်ရပါမယ်။ အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ရဲ့ ခါးသီးရန်ဘက်တွေ ဖြစ်နေတယ်ဆိုရင်တောင် အီရန်မှာ အဲဒီလောက် မနီးယိုးစွဲ မုန်းတီးတဲ့ အာရပ်ပြိုင်ဘက် နိုင်ငံတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် ရှီးရိုက်မွတ်ဆလင် အင်အား ကြီးနိုင်ငံဖြစ်တဲ့ အီရန်ဟာ ဆွန်နီ အစ္စလာမ္မစ် နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေးဗီးယား၊ UAE တို့နဲ့ ခါးသီးတဲ့ ပြိုင်ဆိုင်မှုတွေ ရှိနေပြီးသားပါ။ အီရန်ဟာ လက်ဝေခံဒေသတွင်း လက်နက်ကိုင် အင်အားစုတွေကနေတစ်ဆင့် အဲဒီပင်လယ်ကွေ့ဒေသ အာရပ်နိုင်ငံတွေကို တိုက်ခိုက်တာတွေ ရှိဖူးပါတယ်။ လက်ရှိ အစ္စရေးနဲ့ စစ်ရေးပဋိပက္ခမှာလည်း တချို့ပင်လယ်ကွေ့ နိုင်ငံတွေဟာ အစ္စရေးကို အီရန်က ပစ်ခတ်တဲ့ ဒရုန်းတွေနဲ့ ဒုံးကျည်တွေကြား ကြားဖြတ်ပစ်ချနေပါတယ်။ 
    အီရန်ဟာ စစ်ရေးအရ အာရုံများစေမယ့်ကိစ္စမျိုးအဖြစ် လောလောဆယ်မှာတော့ အဲဒီပင်လယ် ကွေ့ နိုင်ငံတွေကိုပါ တိုက်ရိုက်တိုက်ခိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြဿနာက အဲဒီနိုင်ငံတွေမှာ အမေရိကန် စစ်စခန်းတွေ ရှိနေပါတယ်။ အီရန်က ဒေသတွင်းမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို တိုက်ခိုက်နိုင်ကြောင်း ခြိမ်းခြောက်ထားပြီး အဲဒီစကားအတိုင်း လက်တွေ့လုပ်မယ် ဆိုရင်တော့ သက်ဆိုင်ရာ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ အချုပ်အခြာ အာဏာကို ထိပါးရာ ရောက်သွားပါလိမ့်မယ်။ ပင်လယ်ကွေ့နိုင်ငံတွေပါ တိုက်ခိုက်ခံရပြီ ဆိုရင်တော့ အမေရိကန်ရဲ့ တိုက်လေ ယာဉ်တွေနဲ့ လေယာဉ် တင်သင်္ဘောတွေပါ ဒေသတွင်းကို အုံနဲ့ကျင်းနဲ့ ရောက် လာပါလိမ့်မယ်။


အစ္စရေးရဲ့ စစ်ရေးရည်မှန်းချက်တွေ မအောင်မြင်ခြင်း
    Rising Lion  လို့ နာမည်ပေးထားတဲ့ အစ္စရေးရဲ့ စစ်ဆင်ရေးမှာ အဓိကအကျဆုံး ရည်မှန်းချက်က တစ်ခုတည်းပဲ ရှိပါတယ်။ အဲဒါကတော့ အီရန်ရဲ့ နျူကလီးယားလက်နက်တွေ ထုတ်လုပ်နိုင်တဲ့ အခြေ အနေကို လုံးဝဥဿုံ ဖျက်ဆီးပစ်လိုက်ဖို့ပါ။ ရည်ရွယ်ချက်က ရိုးရှင်းသလောက် လက်တွေ့အကောင် အထည်ဖော်ရတာကတော့ အရမ်းခက်ခဲမယ့် ကိစ္စမျိုးဖြစ်ပါတယ်။ တကယ်လို့ အစ္စရေး စွပ်စွဲထားတဲ့ အတိုင်း အီရန်မှာ ရာခိုင်နှုန်း ၆၀ သန့်စင်ပြီးဖြစ်တဲ့ ယူရေနီယမ်သတ္တု ကီလိုဂရမ် ၄၀၀ လောက် ပိုင်ဆိုင်ထားမယ်၊ ပြီးတော့ အဲဒီသတ္တုတွေကို အသုံးပြုပြီး နျူကလီးယားဗုံး ၁၀ လုံးလောက် ထုတ်လုပ်နိုင်မယ့် အခြေအနေလည်း ရှိနေမယ်ဆိုပါစို့။ အစ္စရေးရဲ့ စစ်ဆင်ရေးဟာ အဲဒီကုန်ကြမ်းတွေကို အပြီး တိုင် မဖျက်ဆီးနိုင်ခဲ့ရင် ဘာတွေဆက်ဖြစ်ကုန်နိုင်ပါသလဲ။
    နောက်ပြီး အစ္စရေးရဲ့ ထောက်လှမ်းရေးက ဘယ်လောက်ပဲ အစွမ်းထက်စေဦးတော့၊ အီရန်မှာ အရမ်း လျှို့လျှို့ဝှက်ဝှက် တည်ဆောက်ထားတဲ့ သတ္တုမိုင်းတွင်းတွေ၊ ပုန်းလျှိုးကွယ်လျှိုး သိုမှီးထားတဲ့ ယူရေနီယမ် အရင်းအမြစ်တွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့်လည်း အစ္စရေးဟာ ရုပ်ဝတ္ထုတွေကို ဖျက်ဆီးရုံသာမကဘဲ အီရန်ရဲ့ ထိပ်တန်းနျူကလီးယား ပညာရှင်တွေကိုပါ ပစ်မှတ်ထားလုပ်ကြံခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အီရန်က ဖြတ်သန်းခဲ့ပြီးသား အတွေ့အကြုံတွေ၊ သိုမှီးထားပြီးသား အသိပညာ တွေကိုတော့ အစ္စရေးအနေနဲ့ ဖျက်ဆီးလို့ မရပါဘူး။
    ဒီတော့ အစ္စရေးလုပ်နိုင်တဲ့ အကောင်းဆုံးအရာက အီရန်မှာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်မယ့် အခြေခံအဆောက်အအုံတွေ၊ စက်ရုံတွေ၊ သုတေသနဌာနတွေကို ဖျက်ဆီးပစ်ဖို့ပါပဲ။ ဒါမှသာ အစ္စရေးဝန်ကြီးချုပ် ဘင်ယာမင်နေတန်ယာဟု ပြောထားတဲ့အတိုင်း အီရန်ဟာ အစ္စရေးကို ခြိမ်းခြောက်နိုင် စွမ်းကင်းမဲ့တဲ့ အဆင့်မျိုးဆီ နောက်ကြောင်းပြန် ရောက် သွားမှာပါ။ ဒါပေမဲ့ တကယ်လို့သာ အစ္စရေးရဲ့ စစ်ဆင်ရေး ရည်မှန်းချက်က မအောင်မြင်ခဲ့ဘူး ဆိုရင်ရော။ 
    အဲဒီအခါမှာ အီရန်ဟာ အချိန်ကာလ အတိုင်းအတာ တစ်ခုအတွင်း ယူရေနီယမ် သန့်စင်မှုတွေကို ပြန်လည်ပတ်ပြီး နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ရေးကို ဘယ်တုန်းကနဲ့မှ မတူလောက်အောင် ထက်သန်တဲ့ စိတ်ဇောမျိုးနဲ့ ကြိုးစားအကောင်အထည် ဖော်လာပါလိမ့်မယ်။ ဒါဆိုရင်တော့ အီရန်ရဲ့ နျူကလီးယား လက်နက်စွမ်းရည်ကို ဖျက်ဆီးပစ်ချင်တဲ့ အစ္စရေးဟာ ဆန့်ကျင်ဘက် အရှိတရားတစ်ခုကို ရင်ဆိုင်ရတော့မှာပါ။ ပြီးတော့ ဒေသတွင်းက အီရန်ရဲ့ ပြိုင်ဘက်နိုင်ငံအားလုံးအတွက် အကြီးအ ကျယ် မျက်ခုံးလှုပ်ရတော့မှာ ဖြစ်ပါတယ်။ 

ကမ္ဘာ့စီးပွားရေးကို ထိခိုက်ခြင်း
    အစ္စရေး၊ အမေရိကန်တို့နဲ့ တင်းမာလာတဲ့ အခြေအနေတွေတိုင်းမှာ အီရန်ဘက်က ခြိမ်းခြောက်လေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲဒါကတော့ ဟောမုဇ် ရေလက်ကြားကို ပိတ်ချလိုက်မယ်ဆိုတာပါ။ ဟောမုဇ်ရေလက်ကြားဟာ အာရေးဘီးယား ကျွန်းဆွယ်နားက အီရန်ကမ်းလွန်မှာရှိတဲ့ ကျဉ်းမြောင်း တဲ့ ရေလက်ကြားလေးကို ဆိုလိုပါတယ်။ အီရန်ရဲ့ ရေတပ်ဟာ ကမ္ဘာ့အကောင်းဆုံး အဆင့်မျိုးမှာ မပါဝင်ပေမယ့် ဟောမုဇ် ရေလက်ကြားကို ပိတ်ထားဖို့တော့ လုံလုံလောက်လောက် တောင့်တင်းပါတယ်။
    အီရန်ဟာ ဟောမုဇ်ရေလက်ကြားကို ပိတ်ချ လိုက်မယ်ဆိုရင် အမေရိကန်နဲ့ အနောက်မဟာ မိတ်နိုင်ငံတွေအတွက် စွမ်းအင်ကဏ္ဍမှာ အကြီးအကျယ် ဗျာများသွားမှာပါ။ ဟောမုဇ်ဟာ နှစ်စဉ် ကမ္ဘာတစ်လွှား ကို တင်ပို့ရောင်းချနေတဲ့ ရေနံပမာဏ စုစုပေါင်းရဲ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်းနေတဲ့ ရေလမ်းကြောင်း ဖြစ်ပါတယ်။ ဟောမုဇ်ရေလက်ကြားကိုသာ အီရန်က တကယ်ပဲ ပိတ်ပစ်မယ်ဆိုရင် တစ်ကမ္ဘာလုံးမှာ လောင်စာဆီဈေးတွေတက်ပြီး အကြီးအကျယ် ဂယက်ရိုက်ကုန်မှာပါ။ လက်ရှိ အီရန်-အစ္စရေး ပဋိပက္ခနဲ့တင် ဆီဈေးတွေက စပြီး တက်ရိပ်ပြနေပါပြီ။ ဆီဈေးတက်တဲ့အခါ ကျန်တဲ့ကုန်စည် ဈေးနှုန်းတွေပါ အဆက်အစပ်နဲ့လိုက်ပြီး မြင့်တက်ကုန်သလို ရှိရင်းစွဲမှာတောင် အကျပ်ရိုက်နေတဲ့ ကမ္ဘာ့ စီးပွားရေးကို ပိုပြီး ဖိစီးမှုတွေ ဖြစ်သွားစေနိုင်ပါတယ်။

အီရန်အစိုးရ ပြုတ်ကျခြင်း
    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်ရဲ့ အစ္စလာမ္မစ်အစိုးရ ပြုတ်ကျရေးဟာ သူ့နိုင်ငံရဲ့ အဓိကရည်မှန်းချက် မဟုတ်ပေမယ့် လူထုက အစိုးရကို ဆန့်ကျင်ပြီး ဖြုတ်ချမယ်ဆိုရင်လည်း အစ္စရေးက အားပေးမယ်လို့ ပြောကြားထားပါတယ်။ ဘာသာရေးအခြေ ပြု ဖိနှိပ်ကြီးစိုးနေတဲ့ အစိုးရကို လူထုက ဖယ်ရှားနိုင်ဖို့အတွက် အစ္စရေးရဲ့ စစ်ဆင်ရေးတွေက အထောက်အပံ့ ဖြစ်စေခဲ့မယ်ဆိုရင်လည်း သူက ဝမ်းသာဂုဏ်ယူမိမယ်လို့ နေတန်ယာဟုက ပြောကြားထားပါတယ်။ သူက အီရန်အစိုးရကို ဆိုးယုတ်ပြီး ဗိုလ်ကျဖိနှိပ်တဲ့ အုပ်စိုးသူတွေလို့ ဝေဖန်ထားပါတယ်။
    အီရန်မှာ အစိုးရကို သဘောမကျသူတွေ ရှိပေမယ့် လက်ရှိအခြေအနေမှာတော့ အစ္စရေးရဲ့ရန်လို တိုက်ခိုက်မှုကို မကျေနပ်ကြတဲ့အတွက် ပြည်သူတွေအားလုံး သွေးအစည်းဆုံး ဖြစ်နေပါတယ်။ ဒါကြောင့် လူထုက ဖီဆန်ပြီး အီရန်အစိုးရ ပြိုလဲသွားတယ်ဆိုတဲ့ ကိစ္စဟာ ဖြစ်နိုင်ခြေမရှိသလောက်ပါ ပဲ။ ဒါပေမဲ့ ဖြစ်တောင့်ဖြစ်ခဲကိစ္စအနေနဲ့ ဒီကိစ္စက အမှန်တကယ် အထမြောက် သွားတယ်ဆိုရင်လည်း အခြေအနေတွေက အများကြီး ပိုရှုပ်ထွေးသွားနိုင်ပါတယ်။ အီရန်မှာ လက်ရှိ အစ္စလာမ္မစ်အစိုးရ လောက်အခြေခိုင်မာ အားကောင်းတဲ့ အင်အားစုမျိုးမရှိပါဘူး။ အဲဒီအစိုးရ ပြုတ်ကျသွားရင် အာဏာ လေဟာနယ်ဖြစ်ပြီး ကမောက်ကမတွေ အများကြီး ကြုံလာနိုင်ပါတယ်။ အခြေခံခိုင်မာ အားကောင်းပြီးသား အစိုးရတွေကို ဖြုတ်ချလိုက်တဲ့အခါ ဘာတွေဒုက္ခရောက်ကုန်သလဲဆိုတာကို အီရတ်နဲ့ လစ်ဗျား တို့မှာ သင်ခန်းစာကောင်းတွေ ရထားကြပြီး ဖြစ်ပါတယ်။ 
    အနှစ်ချုပ် ပြောရရင်တော့ အစ္စရေးနဲ့ အီရန်ကြားက ပဋိပက္ခဟာ လာမယ့်ရက်ပိုင်းတွေအတွင်း ဘယ်လိုတွေ ဆင့်ကဲပြောင်းလဲလာမလဲ ဆိုတဲ့အပေါ်မူတည်ပြီး ဖြစ်နိုင်ခြေတွေကလည်း အမျိုးမျိုး ကွဲပြား သွားနိုင်ပါတယ်။ ပဋိပက္ခက ဘယ်လောက်ထိ ဆက်ပြီး ပြင်းထန်လာဦးမလဲ၊ နှစ်ဖက်ကြားမှာ ပိုပြီး ရန်လိုလာမလား၊ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်လိုတဲ့ သဘောထားရှိကြသလား ဆိုတာတွေ အပေါ်မူတည်ပြီး အဲဒီနှစ် နိုင်ငံရဲ့ကံကြမ္မာ၊ အရှေ့အလယ်ပိုင်းဒေသရဲ့ ကံကြမ္မာ၊ ယုတ်စွအဆုံး တစ်ကမ္ဘာလုံးရဲ့ ကံကြမ္မာကိုပါ ပုံဖော်ထုဆစ်တာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။
(ညိုစိမ်း)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45539

© 2022 - 2025 News. All Rights Reserved.