၂၀၂၅ ၊ ဇွန် ၂၀
ရုပ်ရှင်မြို့တော် စီမံကိန်းတည်ဆောက်ရေးအတွက် ၂၀၁၄ခုနှစ်က လှည်ကူးမြို့နယ် ရေနက် ကြီးကျေးရွာရှိ မြေဧက ၂၀၀ တွင် ခွင့်ပြုပေးခဲ့ရာ ၂၀၁၅-၁၆ ခုနှစ်တွင် လယ်ယာနှင့်သစ်တော ဌာနများ၏ ထောက်ခံချက်ရယူခြင်း၊ သစ်ပင်စိုက်ခြင်း၊ လမ်းဖောက်ခြင်း စသည်များကို လုပ်ကိုင် ဆောင်ရွက်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရုပ်ရှင်မြို့တော် စီမံကိန်းမြေနေရာအား ကွင်းဆင်းလေ့လာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နောက် ၂၀၂၄ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ မြေဧက ၂၀၀ အား ရုပ်ရှင်မြို့တော် စီမံကိန်းတည်ဆောက်ရန်အတွက် နှစ် ၃၀ လုပ်ပိုင်ခွင့် ပေးထားကြောင်းသိရသည်။ အဆိုပါ စီမံကိန်းတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်မည့် တိုးတက်ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဦးလွှမ်းမြင့်ကျော်နှင့် တွေ့ဆုံ မေးမြန်းထားမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်။
TREND ။ ။ အခုရုပ်ရှင် မြို့တော်စီမံကိန်းမှာ ဘယ်လိုကဏ္ဍကနေပြီးတော့ ပါဝင်ဆောင်ရွက်သွား မလဲ။
UHMK ။ ။ ကျွန်တော်တို့က အခု ရုပ်ရှင်မြို့တော်စီမံကိန်းမှာ ဘယ်အပိုင်းကနေပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လို့ရမလဲဆိုပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌက ဖိတ်ခေါ်လို့ ရောက်ဖြစ်တာ ဖြစ်ပါတယ်။ အခုကတော့ ပဏာမအနေနဲ့ လမ်းဖောက်တယ်။ နောက် Plan A? Plan B ဆိုပြီးစတဲ့ အပိုင်းလေးတွေ ခွဲထားတယ်။ ဘယ်အပိုင်းကို တာဝန်ယူဆောက်ပေးမလဲဆိုတာ အစည်းအရုံးနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်နေတုန်းပါ။ ဝန်ထမ်းအိမ်ရာ အတွက်ကို အဓိက ဦးစားပေးပြီး ကျန်တဲ့လုပ်ငန်းရှင်တွေနဲ့ ကျွန်တော် တည်ဆောက်မယ့် ဝန်ထမ်းအိမ်ရာကို အားနည်းချက်၊ အားသာချက် နမူနာ Site Plan တွေ ရေးဆွဲပြီး အစည်းအရုံးကို တင်ပြထားတော့ အစည်းအရုံးကလည်း ဒါလေးတွေကို လုပ်ပေးစေချင်တယ်အဲဒီအတွက် လုပ်ပေးရမှာပေါ့။
TREND ။ ။ ဘယ်တော့လောက် စတင်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်သွားမလဲ။
UHMK ။ ။ အဲဒါက အစည်းအရုံးပေါ်မှာ မူ တည်ပါတယ်။ အင်ဂျင်နီယာကောင်စီကလည်း Site Plan တွေ ရေးဆွဲနေတယ်။ မာစတာတွေ ဆွဲနေတယ်။ လုပ်ငန်းရှင်တွေကိုလည်း ဖိတ်ခေါ်နေတယ်။ အစည်းအရုံးက စလို့ရပြီဆိုတာနဲ့ ကျွန်တော်က စပြီးလုပ်မှာပါ။
TREND ။ ။ စီးပွားရေးလုပ်ငန်းလည်းလုပ်ပြီး ရုပ်ရှင်ထုတ်လုပ်ရေးဘက်ကို ကူးပြောင်းဖြစ်တာက ဘယ်လိုကြောင့်လဲ။
UHMK ။ ။ ကျွန်တော်က အစကတော့ ရေသန့်ကြော်ငြာပေါ့နော်၊ Trust Double 9 ရေသန့်ကြော်ငြာလေးကို ရိုက်ဖြစ်တယ်။ အဲဒီအချိန်မှာ ကိုလူချောတွေရဲ့ ဒုက္ခဆင်းရဲရောက်နေတာကို သွားတွေ့တယ်။ သွားတွေ့တဲ့အချိန်မှာ ကိုယ်ကိုယ်တိုင် ပရိုဂျူဆာလုပ်ပြီးတော့ ရုပ်ရှင်နဲ့ ပတ်သက်တာတွေကို ပံ့ပိုးကူညီပေးတယ်။ ရုပ်ရှင်ထုတ်လုပ်ရေးလည်း တည်ထောင်လိုက်တယ်။ ရုပ်ရှင်ထုတ်လုပ်ရေး တည်ထောင်ပြီးတော့ ရုပ်ရှင်ကရတဲ့ အမြတ်တွေနဲ့ ကူညီပေးခဲ့တယ်။ အဲဒီအချိန်ကတည်းက ရုပ်ရှင်အစည်းအရုံးနဲ့ ပူးပေါင်းဆောင်ရွက်လာတာ ဖြစ်ပါတယ်။
TREND ။ ။ နိုင်ငံတော်ဘက်ကလည်း အနုပညာလောက တိုးတက်ဖို့အတွက် ပံ့ပိုးပေးဖို့ အစီအစဉ် တွေရှိနေတယ်။ ဘာတွေ လိုအပ်နေတယ်လို့ မြင်လဲ။
UHMK ။ ။ ပြန်ကြားရေးဝန်ကြီး ပြောသွားတာ ရုပ်ရှင်လောကကို တိုးတက်အောင်မြင်စေချင်တယ်။ ကျွန်တော်တို့ နိုင်ငံတကာမှာ ထိုးဖောက်ဖို့၊ တိုးတက်ဖို့အတွက်က ဇာတ်ကားက အင်မတန်မှ နည်းတယ်။ ဇာတ်ကားနည်းတာက ကျွန်တော်တို့ ပရိုဂျူဆာဘက်ကလည်း ဘတ်ဂျက် သုံးနိုင်တယ်။ အဓိက ကျွန်တော်တို့က ခေတ်မီဖွံ့ဖြိုးမှု နောက်ကျတဲ့အတွက် အခုချိန်မှာ ကျွန်တော်တို့ နိုင်ငံတကာကို မထိုးဖောက်နိုင်သေးဘူး။ အဲဒါကို ကျွန်တော်တို့ ပရိုဂျူဆာတွေက အကောင်းဆုံး ဒါရိုက်တာတွေနဲ့ ရုပ်ရှင်အစည်းအရုံးက ပေါင်းစပ်ညှိနှိုင်းပြီးတော့ ရိုက်ကူးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။
TREND ။ ။ လက်ရှိ ထုတ်လုပ်ရေးပိုင်းမှာရော ဘာတွေရိုက်ကူးနေလဲ။
UHMK ။ ။ လက်ရှိ ကျွန်တော်ဆိုရင် ဒါရိုက်တာ ကိုဝင်းလွင်ထက်နဲ့ လေးကား စာချုပ်ချုပ်ထားတယ်။ အခုက အတူးဆိုတဲ့ ဇာတ်ကား ရိုက်ကူးပြီးသွားပြီ။ ဒီကြားထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ငလျင်လှုပ်တာနဲ့ သဘာဝဘေးကြောင့် ဆက်မရိုက်နိုင်သေးဘူး၊ ရပ်တန့်နေတယ်။ ဒီ ၆ လပိုင်းထဲမှာ ပြန်လည်ရိုက်ကူးဖို့ ဆွေးနွေးနေပါတယ်။ အတူးရုပ်ရှင်ကားကြီးမှာ အကယ်ဒမီ ကိုမြင့်မြတ်၊ ပိုးမမှီသာ၊ စနိုးကြည်ဖြူ စတဲ့ သရုပ်ဆောင်ပေါင်းများစွာနဲ့ ၈ လပိုင်း ၁၅ ရက်မှာ ရုံတင်တော့မှာ ဖြစ်ပါတယ်။
TREND ။ ။ ပြည်တွင်းရုပ်ရှင်ဇာတ်ကားတွေ နိုင်ငံတကာအဆင့်မီဖို့က ဘာတွေလိုအပ်မယ်လို့ ထင်လဲ။
UHMK ။ ။ နိုင်ငံတကာ အဆင့်အတန်းမီဖို့က ကျွန်တော်ထင်တာက အများပြည်သူလက်ခံတဲ့ ဇာတ်အိမ်ပေါ့နော်။ အခုက ဖြစ်ရပ်မှန်တွေက အဓိကပေါက်နေတယ်။ လူကြိုက်များတယ်။ မြန်မာ့ယဉ်ကျေးမှုကို ထိထိရောက်ရောက်ပြနိုင်တဲ့ ဇာတ်ကားကြီးမျိုးပေါ့နော်။ နိုင်ငံတကာမှာလည်း ကြည့်မယ်ဆိုရင် သူတို့တွေရဲ့ ယဉ်ကျေးမှုတွေကိုပဲ ဦးစားပေးပြီး လုပ်နေကြတာလေ။ အခု ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း နိုင်ငံတ ကာမှာ ပေါက်တာ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းပြောသလိုပဲ နိုင်ငံတကာမှာ ပြသနေတာက ဒါရိုက်တာဝင်းလွင်ထက်ရိုက်ကူးတဲ့ 'ကံကောင်း'ရုပ်ရှင်နဲ့ 'ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့မယ်ဆိုလျှင်' ရုပ်ရှင်ဇာတ်ကားကြီးကလည်း အင်လေးဒေသကို အခြေခံပြီး ရိုက်ကူးထားတဲ့ကား။ ဒီကားတွေကသာ အဓိက နိုင်ငံတကာကို ထိုးဖောက်သွားတာပေါ့။ ကျွန်တော်တို့လည်း နိုင်ငံတကာမှာ ပြသနိုင်ဖို့ ဒါရိုက်တာတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားသင့်တယ်။
TREND ။ ။ လက်ရှိမှာရော အခက်အခဲတွေက ဘာတွေရှိလဲ။
UHMK ။ ။ အခက်အခဲ အနေနဲ့ကတော့ ကျွန်တော် ဒီထုတ်လုပ်ရေးပိုင်းကို မလုပ်ခင်တုန်းက ဇာတ်ကားတစ်ကားရိုက်ဖို့က အစက လွယ်ကူတယ်လို့ထင်တာ၊ ကိုယ်တိုင်လုပ်ကြည့်တော့ မလွယ်ကူဘူး။ ဘာလို့လဲဆိုတော့ လမ်းပန်းဆက်သွယ်ရေး၊ ရာသီဥတုအခြေအနေ အကုန်လုံးထည့်တွက်ရတယ်။ ရိုက်ကူးနေချိန် အဲဒီနေ့မိုးရွာတယ်ဆိုရင် ကျွန်တော်တို့ ရှုတင်နားလိုက်ရတာပေါ့။ အဲဒီနေ့ရဲ့ ဘတ်ဂျက်တွေ၊ ကုန်ကျတာတွေ ကိုယ်လိုချင်တဲ့ ပုံစံတွေမရတော့ အချိန်ကြာတာပေါ့။ ဇာတ်ကား တစ်ကားထွက်ဖို့ ခြောက်လလောက်ပဲ ကြာမယ်ထင်တာ။ အခု အတူးကိုရိုက်တာ ၁၀ လကျော်သွားပြီ။ အဲဒီ ၁၀ လမှာ သိန်း ၃၀၀၀ ကျော်၊ ၄၀၀၀ မှာ ဒီအတိုင်းပဲထား ရတာလေ။ အဲဒါတွေ အခက်အခဲ ဖြစ်တယ်။ နောက်ရုံ ပေါ်ရောက်ဖို့က စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ရတာဆိုတော့ အခက်အခဲတွေ အများကြီးရှိပါတယ်။
TREND ။ ။ ရုပ်ရှင်ရိုက်ဖို့ အခုချိန်မှာ ထုတ်လုပ်မှုကုန်ကျစရိတ်တွေက ကြီးမြင့်တဲ့အတွက် ရုပ်ရှင်ဇာတ်ကားကြီးတွေ မရိုက်ကူးနိုင်ဘူးလို့ ဒါရိုက်တာတွေ တော်တော်များများ ပြောနေကြတယ်။ အမှန်ပဲလား။
UHMK ။ ။ အဲဒါမှန်ပါတယ်။ မှန်တယ်ဆိုတာ ဘာကြောင့်လဲဆိုရင် 'ပန်းမြိုင်လယ်က ဥယျာဉ်မှူး' ကျွန်တော်ပုပ္ပားမှာ သွားရိုက်တာ ကျွန်တော်ကိုယ်တိုင် ကွင်းဆင်းပြီး သွားကြည့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆီဈေးတွေက ကြီးမြင့်တယ်။ နောက် ညအချိန်မှာ ရိုက်ကူးရတာတွေရှိတယ်။ အဓိကဆီပေါ့နော်။ မီးမရတဲ့နေရာမှာ မီးစက်ကြီးသယ်ရတယ်။ နောက် ဇာတ်ကားတစ်ကားမှာ လူလေး၊ ငါး၊ ခြောက်ဆယ် လောက် ပါရတာဆိုတော့ သူတို့ရဲ့ စားသောက်စရိတ်တွေ၊ တည်းခိုစရိတ်တွေ အားလုံးတွက်တဲ့ အချိန်မှာ အရင်တုန်းကထက် ပိုများတယ်။ တည်းခိုစရိတ်ဆိုရင် ကျပ်ငါးသောင်းအနိမ့်ဆုံးပဲ။ လူက ၅၀၊ ၆၀ ဆိုတော့ ဘတ်ဂျက် ၃၀၀၀ မှန်းရင် ၄၀၀၀ လောက်ကုန်ရင် ကုန်သွားတယ်။ အဓိကတော့ ခေတ် ကာလနဲ့အညီ ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့်ပါပဲ။
TREND ။ ။ သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ ကုန်ဈေးနှုန်းကြီးမှုကြောင့် ဘတ်ဂျက်များနေတာဆိုတော့ ရုပ်ရှင်မြို့တော် စီမံကိန်းပြီးသွားရင် ဒါကြီးက ဘယ်လောက်အထိ အထောက်အကူပြုနိုင်လဲ။
UHMK ။ ။ ရုပ်ရှင်မြို့တော်ကြီး ဖော်ဆောင်ပြီးသွားရင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအတွက်လည်း ကောင်းတယ်။ နောက်ရုပ်ရှင်အစည်းအရုံးအတွက် တင်မကသေးပါဘူး အနုပညာလောကအတွက်လည်း ကောင်းပါတယ်။ ဒါပေမဲ့ ဒါကြီးဖြစ်ဖို့ အရေးက အခုလမ်းဖောက်တာတို့ စတာတွေ လုပ်တာတောင် ၁၀ နှစ် ကြာခဲ့တာလေ။ ဒါကြောင့် အကုန်ပြီးဖို့က အချိန်တော်တော်ကြီး ယူရဦးမယ်။ ဆန္ဒပြုရမယ်ဆိုရင် အမြန်ဆုံးပြီး စေချင်တယ်။ လုပ်ငန်းရှင် အားလုံးလည်း ပါဝင်ပေးစေချင်ပါတယ်။ ဒါပေမဲ့ ခေတ်ကာလအရ အရမ်းကြီးတော့ မတိုက်တွန်းလိုဘူးပေါ့။ အကျိုးတူဆိုတာ ခံစားခွင့်ရအောင် ရင်းနှီးမြှုပ်နှံရတာပေါ့။ ဒါကြောင့် လုပ်ငန်းရှင်အားလုံး ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ချင်ပါတယ်။
TREND ။ ။ ရင်းနှီးမြှုပ်နှံတဲ့အခါမှာကလည်း ဆောက်လုပ်ရေး ကုန်ကျစရိတ်တွေကလည်း ကြီးမြင့်နေတယ်။ ကိုယ်တိုင်က ဘယ်လိုပြင်ဆင်ထားလဲ။
UHMK ။ ။ ဟုတ်တယ်။ ဒီကိစ္စကိုတော့ ဘာလုပ်ရမလဲဆိုတော့ နိုင်ငံတော်အဆင့်နဲ့ ပူးပေါင်း ဆောင်ရွက်ရမှာပေါ့။ ကျွန်တော်တို့ နိုင်ငံခြားက မှာရမယ်ဆိုလည်း သံ၊ ဘိလပ်မြေ ဖြစ်ဖြစ်ပေါ့။ ဒါကတော့ အဓိကပေါ့၊ ဒိုင်ချုပ်တွေနဲ့လည်း ပေါင်းစပ်ညှိနှိုင်းပြီးတော့ လုပ်ရမှာကော။ အဲဒီလိုမလုပ်ရင် ကုန်ကျစရိတ်က ပိုဆိုးသွားတယ်။
TREND ။ ။ ရုပ်ရှင်ကို နိုင်ငံတကာဈေးကွက် ထိုဖောက်နိုင်အောင် ဘယ်လိုမျိုး ပံ့ပိုးပေးဖို့ လိုအပ်လဲ။
UHMK ။ ။ နိုင်ငံတကာ ဈေးကွက်ထိုးဖောက်ဖို့က အကောင်းဆုံး ဇာတ်ညွှန်းရေးဆရာတွေက အဓိကပဲလေ။ ဖြစ်ရပ်မှန်တွေ အမှန်တကယ် ဖန်တီးပြီးတော့ ပြည်သူလက်ခံလာအောင် ကြိုးစားစေချင်ပါတယ်။ အခုခေတ်က ကြိုးစားမှပဲ အောင်မြင်မှာပေါ့။ ထုတ်လုပ်ရေးပိုင်းက အဓိကကတော့ ဘတ်ဂျက်ပဲ။ ကျွန်တော်ကိုယ်တိုင် အနုပညာလောကထဲ ဝင်ကြည့်ပြီးမှသိတာ။ ဇာတ်ကားကြီး တစ်ကားအတွက်က မြတ်မယ်၊ မမြတ်ဘူးဆိုတာက ပြောလို့မရဘူး။ သေချာတာတစ်ခုကတော့ သိန်း သုံး၊ လေးထောင်ကတော့ တစ်နှစ်လောက် ရင်းရတယ်။ အဲဒီအတွက် ပြည်သူလက်ခံမယ့် ဇာတ်ကား မျိုးဆို အောင်မြင်သွားရင်လည်း ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံရတာ တန်တယ်လို့ထင်တယ်။ ဒါကြောင့် အရည်အသွေးကောင်းရဖို့ တချို့ပရိုဂျူဆာတွေကိုလည်း ဈေးမဆစ်စေချင်ပါဘူး။
TREND ။ ။ ရုပ်ရှင်ထုတ်လုပ်ရေးမှာ ဆောင်ရွက်တဲ့အပြင် ရေသန့်ထုတ်တဲ့ အပိုင်းမှာရော ဘယ်အခြေအနေအဆင့်ထိ ထုတ်လုပ်နိုင်ပြီလဲ။
UHMK ။ ။ ရေသန့်ကတော့ အများကြီးဈေး ကွက်ဖြန့်ချိမယ်လို့ မျှော်လင့်ထားတာ။ သို့သော် မမျှော်လင့်ဘဲနဲ့ မတ် ၂၈ ရက်မှာ ကြီးမားသော ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် ကျွန်တော်တို့ စက်ရုံလည်း ထိခိုက်မှုရှိခဲ့ပါတယ်။ လက်ရှိမှာ အော်ဒါတွေ အများကြီးတက်တယ်။ ကျွန်တော်တို့ မပေးနိုင်ဘူး ဖြစ်နေတယ်။ ရေဈေးတွေက လည်းတက်တယ်။ တချို့ဆို ရေတွင်းတွေပါ ပျက်သွားတယ်။ ကျွန် တော်တို့ဆိုလည်း စက်ရုံတွေပါ ပျက်တာ။ပြန်လည်ပြီးတော့ တည်ဆောက်နေပါတယ်။ အဲဒီအတွက် နှစ်လ၊ သုံးလလောက်နေမှ ပြန်လည်ပတ်နိုင်ပါ့မယ်။ ပြန် လည်တည်ဆောက်ရေးက ပြီးသလောက်ဖြစ် ပါပြီ။ ဘိလပ်မြေဈေးတွေ ကြီးပေမယ့် ပြီးအောင် တည်ဆောက်ရတာပေါ့။
TREND ။ ။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောကြားပေးပါဦး။
UHMK ။ ။ ကျွန်တော်တို့က ပြည်သူဒုက္ခတွေ ခံစားနေရတဲ့အချိန် ပျော်ရွှင်ကြည်နူးတာတွေ ပေးချင်တာဖြစ်တဲ့အတွက် အချိန်ခဏအတွင်းမှာတော့ ပျော်ရွှင်ရမယ်လို့ ယူဆပါတယ်။ အတတ်နိုင်ဆုံးလည်း နိုင်ငံတကာကို ထိုးဖောက်နိုင်အောင် ကြိုးစားနေပါတယ်။ အတူးရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ရင် လည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်။
(သက်မှူး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၂ ) တွင်ပါရှိသော အင််တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )