ရန်ကုန်၊ နိုဝင်ဘာ ၅
စစ်မှန်သော ငြိမ်းချမ်းရေးကို ထာဝစဉ်တည်ဆောက်ရန်အပါအဝင် ဒီမိုကရေစီပါတီသစ် (ကချင်) က ရည်မှန်းချက် လေးရပ်ချမှတ်ထားကြောင်း သိရသည်။
ဒီမိုကရေစီပါတီသစ်(ကချင်) ပါတီအတွင်းရေးမှူး ဦးခေါတိန့်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို အောက်တိုဘာ ၂၉ ရက်ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့သည်။ ယင်းသို့ဟောပြော တင်ပြရာတွင် ယင်းအချက်များကို ဖော် ပြထားသည်။
ယင်းပါတီမှ ပြည်သူလူထုနှင့်လက်တွဲကာ စစ်မှန်သောငြိမ်းချမ်းရေးကို ထာ၀စဉ်တည်ဆောက်ရန်၊ လက်နက်ကိုင်ပဋိပက္ခ လုံးဝချုပ်ငြိမ်းသည့် လူ့အဖွဲ့အစည်းတစ်ရပ် ထာဝစဉ်တည်ရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရန်၊ တိုင်းရင်းသား ပြည်သူလူထုအားလုံး၏ အခွင့်အရေးနှင့် လူမှုစီးပွားဘ၀ တစ်ပြေးညီ တန်းတူရည်တူ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုး ပမ်းဆောင်ရွက်ရန်နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံတော် အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် ရည်မှန်းထားသည်။
ပါတီ၏ ယုံကြည်ချက်တွင် "ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး"တည်းဟူသော အရေးသုံးပါးကို အမျိုးသားရေးတာ ဝန်အဖြစ် ယုံကြည်ခံယူသည်ဟူ၍လည်းကောင်း၊ ကချင်ပြည်နယ် နယ်မြေဒေသအ လိုက် ဖွံ့ဖြိုးတိုးတက် လာအောင် စနစ်တကျ စီမံဆောင်ရွက်ခြင်းဖြင့် ဒို့တာဝန်အရေးသုံးပါးကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မည်ဟု ခံယူပါသည်ဟူ၍လည်းကောင်း ဖော်ပြထားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးမူဝါဒကို ခိုင်မြဲစွာ လက် ကိုင်ကျင့်သုံးသွားရန်၊ ပြည်သူလူထုနှင့် လက်တွဲကာ ငြိမ်းချမ်းရေးကို ထာဝစဉ်တည်ဆောက်ပြီး ဒီမိုကရေစီ ကျင့်စဉ်ကိုအခြေခံ၍ ဒေသအကျိုး၊ ပြည်သူလူထုအကျိုးနှင့် တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်ရန်၊ နိုင်ငံတော်၏အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် ဒေသတည် ငြိမ်လုံခြုံမှုကို ထိပါးစေနိုင်သည့် အကြမ်းဖက်ဝါဒနှင့် ပုံစံအမျိုးမျိုးဖြင့် ဝင်ရောက်လာမည့် နယ်ချဲ့ဝါဒတို့ကို ဆန့်ကျင်တွန်းလှန်သွားရန် အပါအဝင် ပါတီသည် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ပါတီ၏ သြဇာခံမျှမဖြစ်ရ၊ လွတ်လပ်စွာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်သော နိုင်ငံရေးပါတီဖြစ် သည်ဟူ၍ အခြေခံမူဝါဒ ချမှတ်ထားသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရေစီပါတီသစ်(ကချင်) New Democracy Party (Kachin) NDP(K) ပါတီသည် နိုင်ငံရေးပါတီများနှင့်အတူ ကချင်ပြည်နယ်တွင် ကိုယ်စားလှယ်လောင်းများက လွှတ်တော်သုံးရပ်တွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင်စုမြန်မာနိုင်ငံတော် ရည်မှန်းချက်ပန်းတိုင်သို့ အားကြိုးမာန်တက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒီမိုကရေစီပါတီသစ် (ကချင်)ပါတီသည် ကချင်ပြည်နယ် အခြေစိုက်ပါတီဖြစ်၍ ကချင်ပြည်နယ် ဒေသတိုင်းရင်းသားတို့၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံ ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ လူငယ်၊ အမျိုးသမီး၊ နိုင်ငံ့ဝန်ထမ်းများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု စာပေတို့တွင် အစွမ်းကုန် ပါဝင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း အလေးအနက်ကတိ သစ္စာပြုထားသည်။ ညီသစ်