စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ပထမနှစ်ဘွဲ့ ကြိုသင်တန်း စတင် ဖွင့်လှစ်မည်

ရန်ကုန်၊ နိုဝင်ဘာ ၅
    အသစ်တည်ဆောက်လျက်ရှိသော စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်)တွင် ယခုနှစ်မှစ၍ ပထမနှစ်ဘွဲ့ကြို သင်တန်းကို စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။
    နိုဝင်ဘာ ၂ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်)ဖွင့်လှစ်ရေးအတွက် အကြိုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ သင်ကြားရေး ဆရာ၊ ဆရာမများနှင့် ရုံးလုပ်ငန်းဝန်ထမ်းများ လုပ်ငန်းခွင်ဝင်ရောက်ရန် အသင့်ပြင်ဆင်ဆောင် ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးရာ အထက်ပါအတိုင်း ပြောကြား ခဲ့သည်။
     လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင် အရင်းအမြစ်များ တိုးမြှင့်မွေးထုတ်ပေးနိုင်ရန် နိုင်ငံတော်မှ မြန်မာနိုင်ငံအောက်ပိုင်းဒေ ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် အသစ်တိုးချဲ့ဖွင့်လှစ်ရန် စီမံဆောင်ရွက်ခြင်းဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်)အနေဖြင့် ယခုနှစ်တွင် ပထမနှစ် ဘွဲ့ကြိုသင်တန်းကို စတင်ဖွင့်လှစ်မည်ဖြစ်ပြီး စာသင်နှစ်အလိုက် တန်းစဉ် များ တိုးမြှင့်ဖွင့် လှစ်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
     ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းခြံစည်းရိုးများ ကာရံခြင်းလုပ်ငန်းခွင်နှင့် ရေနုတ်မြောင်းများ၊ ကျောင်းသားကျောင်းသူ အဆောင်များ၊ ဝန်ထမ်းအိမ်ရာများ၊ အားကစားကွင်းများ မွမ်းမံပြင်ဆင်ရန် ဆောင်ရွက်နေမှု၊ ကျောင်းသားကျောင်းသူ ၂၀၀၀ အတွက် အဆောင်ဆောက် လုပ်ရန် ရွေးချယ်ထားသည့် မြေနေရာတွင် အောက်ခံမြေလွှာ စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
    ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစပြီး စိုက်ပျိုးရေးသိပ္ပံဘွဲ့(B.Arg.Sc)နှင့် မွေးမြူရေးပညာဘွဲ့ (B.A.Sc) တို့ကို ရေဆင်း(နေပြည်တော်)အပြင် အသစ်ဖွင့်လှစ်မည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်) တွင်လည်း လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ 
    စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)တွင် တက်ရောက်နိုင်သည့် ဘွဲ့သင်တန်းနှစ်ခုမှာ စိုက်ပျိုးရေးသိပ္ပံဘွဲ့ (Bachelor of Agriculture Science - B.Arg.Sc) -လေးနှစ်နှင့် မွေးမြူရေးပညာဘွဲ့ (Ba-chelor of Animal Science - B.A.Sc) -လေးနှစ် သင်တန်းများဖြစ်ပြီး တက်ရောက်လိုသူများအနေနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် STEAMS (၁) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒဘာသာတွဲဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် အနည်းဆုံး စုစုပေါင်းရမှတ် ၃၅၀ နှင့် အထက်ရရှိ အောင်မြင်သူ ဖြစ်ရမည်ဟု ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ ထူးမြတ်

Total Views ~ 20

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58040

© 2022 - 2025 News. All Rights Reserved.