ရန်ကုန်မြို့၏ အထင်ကရပြယုဂ် ( Landmark ) တစ်ခုဖြစ်လာမည့် ဒလတံတား

၂၀၂၅ ၊ ဇွန် ၂၀

    'မပြီးခင် ဗမာမမြင်စေနဲ့' ဟူသော စကားပုံမှာ ဒလတံတား စီမံကိန်းကြီးအတွက်များ ဖြစ်နေပြီ လားဟုပင် တွေးမိပါသည်။ မကြာခဏ ဝေဖန်လေကန်သံများ တစ်မျိုးမဟုတ် တစ်မျိုး ထွက်နေပြီး အပြုသဘောမဆောင် အရေးအသားများအ‌ပေါ် စဉ်းစားချင့်ချိန်မည် ဆိုခြင်းထက် သူတစ်ပါး ပါးစပ်တွင် လမ်းဆုံးနေချင်ကြသည်။ တည်ဆောက်နေဆဲ ဒလတံတားကြီးကို သင်္ဘောတစ်စင်း တိုက်မိ၍ ကျိုးကျဟူသော ကောလာဟလတစ်ခု  ဇွန်လဆန်းပိုင်းက လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွားခဲ့သေးသည်။ သတင်းအမှားမှန်း သိလိုက်သော်လည်း ကောလာဟလ ထွက်ခဲ့သည့် ထိုနေ့ညမှာပင် ရန်ကုန်မြစ်တစ် ဖက်ကမ်းက ဒလမြို့ခံ မိတ်ဆွေတချို့ထံ ဖုန်းဆက် ဖြစ်ခဲ့သေးသည်။ 
    "သင်္ဘောနဲ့ တိုက်တယ်ဆိုရအောင် အလွတ်ကြီးကို။ တံတားဆက်ပြီးတဲ့အချိန်မှာ တန်ချိန် နှစ်သောင်း သင်္ဘောကြီး လာရင်တောင် လွတ်တယ်"ဟူ၍ ဒေသခံတစ်ဦးက ပြောလာသည်။ ပို့စ်တင်သူက ဗီဒီယိုဖိုင်ဖြင့်ပါ တွဲတင်ခဲ့သည်။ ထိုအဖြစ်အပျက်ကို အမှန်ဟု ထင်နေကြသူ တချို့ကိုလည်း တွေ့လိုက်ရ၏။ သို့သော် သင်္ဘောတိုက်မိခဲ့၍ ကျိုးကျသွားသည်ဆိုသော  တံတားမှာ ၂၀၂၄ ခုနှစ်အတွင်းက တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့စဉ် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရှိ မြစ်ကူးတံတား ဖြစ်နေ‌လေသည်။ ထိုဖြစ်စဉ်ကို သတင်းတုဖန်တီးပြီး ကောလာဟလဖြန့်သူ၊ သတင်းအမှား ဖြန့်ဝေသူကို ထိထိရောက်ရောက် အရေးယူပေးသင့်ကြောင်း ပြည်သူလူထုက လိုလားနေကြသည်။ သက်ဆိုင်ရာ ဆောက် လုပ်ရေး ဝန်ကြီးဌာနကလည်း တံတားစီမံကိန်းနှင့်ပတ်သက်၍ ကောလာဟလသတင်းများ ဖြန့်သူကို စုံစမ်းဖော်ထုတ်ပြီး တရားစွဲအရေးယူသွားရန် ရှိသည်ဟုလည်း သိရှိရသည်။

 


  

 မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေးအ ထိမ်းအမှတ် ဒလတံတားတည်ဆောက်ရေးစီမံကိန်းသည်  ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်တည်ဆောက်သည့် ရန်ကုန်မြစ်(လှိုင်မြစ်)ကူးတံတားဖြစ်သည်။ တံတားအရှည် ၆၁၂၇ ပေ(၁၈၆၇ ဒသမ ၅ မီတာ)ရှိပြီး တံတားအမျိုးအစားမှာ သံမဏိကြိုးဆိုင်းတံတား (Cable - Stayed Bridge) ဖြစ်သည်။ ယာဉ်သွားလမ်းအကျယ် ၅၇ ပေ (၁၇ ဒသမ ၃ မီတာ) (လေးလမ်းသွား + တစ်ဖက်လျှင် လူသွားလမ်း ၆ ဒသမ ၅ ပေ)၊ ရေလမ်းကင်းလွတ်အကျယ် ၉၈၇ ဒသမ ၅ ပေ (၃၀၁ မီတာ)၊ ရေလမ်းကင်းလွတ်အမြင့် ပေ ၁၆၀ (၄၉ မီတာ) ဖြစ်သည်။ တံတားခံနိုင်ဝန် ၇၅ တန် (ယာဉ်တစ်စီးချင်း -၇၅တန်)ဖြစ်သည်။ ကိုရီးယားနိုင်ငံ၏ SGS Engineering Group (Korea) မှ Main ကန်ထရိုက်တာမှာ အဓိက တာဝန်ယူထားပြီး  ဖြစ်ပြီး Sub-Contractors ပင်မတံတား - CCECC (Myanmar) Co.,Ltd၊ ချဉ်းကပ်တံတား - ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်တို့မှ အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။ ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှုရန်ပုံငွေ ချေးငွေနှင့်အစိုးရ ထည့်ဝင်ငွေအပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈ သန်းကျော် အကုန်ကျခံပြီး တည်ဆောက်နေခြင်းဖြစ်သည်။ စီမံကိန်းတန်ဖိုး (ချေးငွေ)-အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်း၊ မြန်မာအစိုးရထည့်ဝင်ငွေ-အမေရိ ကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းနှင့် ညီမျှသော မြန်မာကျပ် စုစုပေါင်း စီမံကိန်းတန်ဖိုး- အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်း ဖြစ်သည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။
    မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ရေး စီမံကိန်း စတင်ပေါ်ပေါက်လာ ပုံမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်က ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ကိုရီးယားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး တံတားစီမံကိန်းတစ်ခု အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။၂၀၁၃ ခုနှစ်တွင် စီမံကိန်းအား စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သလို တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၅ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု မှတ် တမ်းများတွင် ဖော်ပြထားသည်။
    စီမံကိန်းမှာ မစတင်ခင်ကတည်းက တံတားအမြင့် အငြင်းပွားမှု အပါအဝင် အကြိမ်ကြိမ် ကန့်ကွက်မှုများရှိခဲ့ပြီး နှောင့်နှေးကြန့်ကြာမှုရှိခဲ့သည်။ အမှန်တကယ် စီမံကိန်းစတင်သည့်နေ့ (Commenc-ement Date) မှာ ၂၇-၅-၂၀၁၉ ဟု သိရသလို တည်ဆောက်ဆဲကာလများတွင်လည်း ကိုဗစ်-၁၉ ကာလနှင့် ကြုံတွေ့ခဲ့ရ၍ ကပ်ရောဂါကြားက တည်ဆောက်ခဲ့ရသေးသည်။ နှောင့်နှေး ကြန့်ကြာမှု အခက်အခဲကြားမှလည်း ယနေ့အထိ တိုးတက်အောင်မြင်ရှိလာအောင် အရှိန်အဟုန်မပျက် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိနေသည်။
    အပြုသဘော မဆောင်သည့် ဝေဖန်မှုများ မကြာခဏ ကြုံတွေ့ရတတ်သလို တံတားအမြင့်ဖြင့်လည်း စိုးရိမ်ထိတ်လန့်ဖွယ်ဖြစ်စရာ အပျက်သဘော အတွေးများ၊ အရေးအသားများ တွေ့ရလေ့ ရှိသည်။ အဓိကအားဖြင့် ရန်ကုန်ဘက်ခြမ်းရှိ ဆင်ခြေလျှောတံတား တည်ဆောက်နေမှုနှင့်ပတ်သက်၍ နဂိုထက်ပိုမြင့်စေရန် အောက်မှ ပင့်ရိုက်ထားသော အနေအထား ဓာတ်ပုံတချို့ဖြင့် မိုးရွာရင် တစ်ခါတည်း ရေလွှာလျှောပါစီး၍ ရသည်ဟူ၍ လူမှုကွန်ရက်တွင် ပို့စ်တင်ဝေဖန်ထားမှုတစ်ခု တွေ့ရသည်။  "လူတွေက ကိုယ်သာမလုပ်တတ်တာ၊ ဝေဖန်ဖို့က အသင့်ပါပဲ။ တံတားက မြင့်တာမှန်ပေမယ့် ပုံထဲက အနေအထားလောက် မမြင့်ပါဘူး။ အဲဒီလောက် မမြင့်ပါဘူး၊ မဆိုးပါဘူး အနီးကပ်မမြင်ဖူး၊ မရောက်ဖူးဘဲ ပေါက်တတ်ကရတွေ ရေးမတင်ပါနဲ့၊ အဆင်းပိုင်းမှာ အဲဒီလောက်ကြီးမတ်မနေဘူး ပြေပြေလေး"ဟု တံတားအနီး နေထိုင်သူတစ်ဦးက တုံ့ပြန်ခဲ့သည်ကိုလည်း တွေ့ရသည်။
    "အခု လုပ်နေတာတွေက စနစ်ကျပါတယ်။ Safe ဖြစ်ပါတယ်။ Plan က ကိုရီးယားက ချထားတဲ့ Plan တွေ၊ အခု ကြိုးတစ်ချောင်းနဲ့ တစ်ချောင်းကြားဆိုရင် ပေ ၂၀ ခြားတယ်လို့ သိရတယ်။ ကွန်ကရစ် ရက်မတုံးကလည်း ပေ ၂၀ တွေ၊ ကွန်ကရစ်ယက်မတစ်တုံးကို သံမဏိကြိုးဆိုင်းက တစ်ချောင်း၊ ဒီဘက်တစ်ချောင်း၊ ဟိုဘက်တစ်ချောင်းနဲ့ပေါ့။ ကွန်ကရစ် ယက်မတစ်တုံးက အောက်မှာ ချိတ်ပါတယ်။ အဲဒီလို ချိတ်ပြီးတော့ ရှေ့ကို ပေ ၂၀၊ ပေ ၂၀ စီ ကြိုးဆိုင်းတွေကို တစ်ဆင့်ချင်းစီ တိုးပြီး ချိတ်ဆက်နေတာ တော်တော်လေး ပြီးနေပါပြီ"ဟူ၍ ဒလမြို့ခံ အင်ဂျင်နီယာတစ်ဦးက ၎င်း၏အမြင်ကို ပြောပြသည်။
    ဒလတံတား စီမံကိန်းသည် ဒလပြည်သူလူထုအတွက် အိပ်မက်ဖြစ်သည်။ ဒေသခံတို့၏ ဘိုးဘွားများ အဆက်ဆက်ကတည်းက လိုလားတောင့်တမျှော်လင့်ခဲ့ကြရခြင်း ဖြစ်သည်။ ဒလပြည်သူတို့၏ အသဲနှလုံးဖြစ်သည့် ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတားသည် ဇွန်လဆန်းပိုင်း အခြေအနေအရ စီမံကိန်းတစ်ခုလုံး၏ ၈၅ ရာခိုင်နှုန်းထိ ပြီးစီးနေပြီ ဖြစ်သည်။ ပင်မတံတား တည်ဆောက်ရေး လုပ်ငန်းများသာ ကျန်ရှိပြီး နှစ်ကုန်ပိုင်းတွင် ပြီးစီးရန် မျှော်မှန်းထားသလို သတ်မှတ်ချိန်အတွင်း အမြန်ဆုံး ပြီးစီးနိုင်ရေးအတွက်လည်း ဆောင်ရွက်နေကြောင်း တံတားဦးစီး ဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
    လက်ရှိအချိန်တွင် ရန်ကုန်မြစ်ကို  သမ္ဗန်များ၊ စက်လှေများ၊ ဇက်များအသုံးပြုပြီး ဖြတ်သန်းသွား လာနေကြသည်။ ရံဖန်ရံခါတွင် မြစ်အတွင်း ကူးသန်းသွားလာရင်း လှိုင်းလေကြီးသည့်ကာလ၊ မိုးတွင်း ကာလများတွင် စက်လှေတိမ်းမှောက်၍ လူသေဆုံးမှု ဖြစ်စဉ်များကိုလည်း မကြာခဏ ကြားရသည်။ ထိုအခြေအနေများကြောင့် မြစ်ကို ဖြတ်သန်းအသုံးပြုနေရသည့် ဒေသခံများ၊ ခရီးသည်များမှာ တံတားကြီး ပေါ်ပေါက်လာမည့်အပေါ် ဝမ်းသာကြိုဆိုနေကြသည်။ တံတားကြီးပြီးလျှင် ဒလဘက်မှ ရန်ကုန် ဘက်ခြမ်းကို ယခင်လို ရေကြောင်းပဲ အားပြုနေရန် မလိုတော့ဘဲ တံတားပေါ်ကနေ တိုက်ရိုက် ဖြတ်သန်းသွားလာနိုင်တော့မည်၊ သွားလာရေး ပိုမိုလွယ် ကူသွားတော့မည် ဖြစ်သည်။ တံတားပြီးစီး သွားပါက ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများကို အတိုင်းအတာ တစ်ခုအထိ ဖြေရှင်းပေးနိုင်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်နေကြသလို ဒလကနေ ရန်ကုန်မြို့ထဲသို့ အလုပ်လာလုပ်သည့် ဝန်ထမ်း များအတွက်လည်း အဆင်ပြေ သွားမည်ဖြစ်သည်။
    "အခုက မြစ်ခြားနေတော့ ကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီး အရေးကြီးလူနာ ပို့ဆောင်ရေး ကိစ္စတွေမှာ အချိန်မတော်ဆို သွားလို့မရဘူး။ တံတားပြီးသွားပြီဆိုရင်တော့ ကျန်းမာရေးကအစ အချိန်နဲ့တစ်ပြေးညီ တံတားက‌နေ ဖြတ်သန်းသွားလို့ ရသွားမယ်။ အစစအရာရာ အဆင်ပြေလာတော့ မှာပါ။ မြို့ခံတွေအားလုံးက ဒါကို မျှော်လင့်နေကြတာလေ။ ဒလဒေသခံတွေရဲ့ ကျန်းမာရေးကိစ္စတွေက ချက်ချင်း အဆင်ပြေသွားမယ်။ နောက် ပြီး မြေယာတွေကလည်း တန်ဖိုးမြင့်သွားမယ်။ နိုင်ငံတော်အဆင့်စီးပွားရေးဇုန်တွေ ပေါ်ပေါက်လာမယ်ဆိုရင်လည်း ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ဖြစ်လာမှာပါ။ စက်မှုလက်မှုအလုပ်ရုံတွေ၊ စက်ရုံတွေ ဝင်လာမယ်ဆိုရင် ဒီဘက်ကလူတွေ က တခြားကို ထွက်ပြီး လုပ်စရာမလိုဘူး။ လမ်းပန်းဆက် သွယ်ရေး သွားလာရ အချိန်တိုတို သွား လာနိုင်မယ်။ တိုးတက်မှုအများကြီး ဖြစ်လာမှာပါ။ အဓိကကတော့ ဒလဒေသခံတွေရဲ့ လူမှုစီးပွား ဘဝတွေ တိုးတက်ကောင်း မွန်လာမယ်၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍ‌တွေအတွက် အများကြီး ကောင်းလာမယ်"ဟူ၍ ဒလမြို့ခံ ဦးကိုကိုတင်က မှတ်ချက်ပြုသည်။
    ဒလတံတားတည်ဆောက်ခြင်းဖြင့် ရန်ကုန်ဘက်ကမ်းနှင့် ဒလဘက်ကမ်းကို ဆက်သွယ်သွား လာနိုင်မည့် တံတားပေါ်ထွန်းလာချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များသို့လည်းကောင်း၊ ဒေးဒရဲတံတားမှတစ်ဆင့် ဒေးဒရဲ၊ ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေးမြို့များ၊ ကမ်းခြေဒေသများ အပါအဝင် ဧရာဝတီတိုင်း တစ်တိုင်းလုံးသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည် ဖြစ်သည်။ ယခုလက်ရှိ ရန်ကုန်မြို့တွင် တွေ့ကြုံနေရသည့် ယာဉ်ကြော ပိတ်ဆို့မှုမှာလည်း ဒလတံတားတည်ဆောက်ခြင်းဖြင့် အတိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာသွားမည် ဖြစ်ပါသည်။  
    လက်ရှိတွင် ဒလမြို့နယ်အတွင်း လမ်းများမှာ ဒလတံတားကြီးနှင့် လိုက်လျောညီထွေစွာ အဆင့်မြှင့်တင် တိုးချဲ့တည်ဆောက်ထား၍ လမ်းများကောင်းမွန်နေပြီဖြစ်သည်။ ဒလနှင့် ဆက်သွယ်ထားသော ကော့မှူးလမ်း၊ တွံတေးလမ်းတို့မှာလည်း ရာနှုန်းပြည့် ကောင်းမွန်နေပြီဟု ဒေသခံတစ်ဦးက ပြောပြသည်။ မြစ်ကူးတံတားကြီး တည်ဆောက်ပြီးစီးချိန်တွင် စိုက်ပျိုးရေးနှင့် ရေထွက်ကုန်အဓိက ထွက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးနှင့်  နိုင်ငံတကာသို့ အဓိက ပို့ကုန်များတင်ပို့ရာ ရန်ကုန်တိုင်းဒေ သကြီးတို့ စီးပွားရေးအခွင့်အလမ်းများစွာ  ပေါ်ထွန်းလာ မည်ဖြစ်ပြီး တိုင်းဒေသကြီးနှစ်ခု၏ စီးပွားရေးအ ချက်အချာကျရာ တံတားကြီး တစ်စင်းအဖြစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် အထောက်အပံ့ကောင်း များစွာ ရရှိလာမည် ဖြစ်သည်။ ဒလတံတားစီမံကိန်း ပြီးစီးပြီးနောက် ဧရိယာအကျယ်အဝန်း ၈၆ ဒသမ ၅ စတုရန်းမိုင်ရှိ ဒလမြို့နယ်၏ ခန့်မှန်းလူဦးရေ ၁၅၀၀၀၀ အတွက် မြို့ပြဖွံ့ဖြိုးမှုသာမက ဧရာဝတီတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်သွယ်သော ဝင်ပေါက်တစ်ခု ဖြစ်လာပြီး ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။ ဒလမြို့နယ် ဖွံ့ဖြိုးတိုးတက်လာမှုနှင့် တစ်ဆက်တစ်စပ်တည်း တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များသည်လည်း မြို့ပြအသွင်ဆောင်၍ တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုး တက်လာမည် ဖြစ်သည်။ ဤဒလတံတား တည်ဆောက်ခြင်းအား ဖြင့်လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုး တက်လာနိုင်ပြီး ရန်ကုန်မြို့၏အထင်ကရပြယုဂ် (Landmark) တစ်ခု ဖြစ်လာမည်ဖြစ်သည်။
    လတ်တလောအခြေအနေအရ ဒလတံတား စီမံကိန်းနှင့်ပတ်သက်၍ ဝေဖန်မှုများရှိသလို အပြုသဘောဆောင် ရေးသားမှုမျိုးကိုလည်း တွေ့နေရပါသည်။ လှုမှုကွန်ရက်တွင် ဒလတံတားစီမံ ကိန်းလုပ်ငန်းခွင် နောက်ခံထားပြီး ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များ တင်နေ ကြသည်ကို မကြာခဏ တွေ့နေရသည်။ "မောင်းနေရင်းနဲ့ ကြည့်ရတာ မလွတ်ဘူး ထင်ရပေမယ့် တကယ်တော့ ဆောက်လုပ်ရေးရဲ့ Form Traveller အောက်ခြေက ဖြစ်မိရင်တောင် သင်္ဘောရဲ့ Antenna အပေါ် ၁၀ ပေလောက် လွတ်ပါ သေးတယ်"ဟူ၍ ရန်ကုန်မြစ်အတွင်း ကွန်တိန်နာတင် သင်္ဘောသားတစ်ဦး၏ ဒလတံတား တည် ဆောက်ရေးလုပ်ငန်းခွင်ကို  ဖြတ်မောင်းခဲ့သည့် အတွေ့အကြုံတစ်ခုကိုလည်း တွေ့ခဲ့ရသည်။ Tiktok တွင် လူငယ်များအကြား ပျံ့နှံ့နေသည်က 'ရန်ကုန်ညချမ်းနှင့် ဒလတံတားအလှ'၊ 'မကြာမီ ပြီးစီးတော့မယ့် ရန်ကုန်-ဒလတံတား' စသည့် ရုပ်သံလေးများပင်ဖြစ်သည်။ မြင်ရ တွေ့ရ အားတက်စရာ မြင်ကွင်း များ ဖြစ်သည်။ အခြားသော ဒလတံတားစီမံကိန်း နောက်ခံဖြင့် တင်ထားကြသည့် ပို့စ်များတွင် 'ဒလမြစ်ကြီး ခြားနေလည်းလေ စိတ်ချင်းဆက်ရင် နီးပါတယ်'ဟူသော လူငယ်များ၏ ပို့စ်ကို အများဆုံး တွေ့နေရသည်။ ဒလတံတားနှင့်ပတ်သက်၍ အပျက်သဘောဖြင့် အတွေးတိမ်ကြသူ၊ ဝေဖန်သူများ ရှိသလို ဖြစ်စဉ်အမှန် အကျိုးရှိစေမည့် အကြောင်းအရာ များမျှဝေသူ၊ အကောင်းမြင်စိတ်ရှိသူ၊ တိုင်း ပြည်အတွက် ကောင်းကျိုးကို ဦးတည်စေမည့် အရေးအသား တင် ဆက်မှုများကိုလည်း စိတ်ချမ်းသာ စရာ တွေ့မြင်နေရပါသည်။ "တံတား ဘယ်တော့ ပြီးမှာလဲ၊ ဘယ်လောက်ပြီး နေပြီလဲ" မေးတတ်လေ့ ရှိကြသည်။ 'မပြီးခင် ဗမာမမြင်စေနဲ့' ဆိုစကား ရှိသော်ငြားလည်း မြင်တွေ့နေရသည့် အနေအထားအရ တစ်နေ့တစ်နေ့ တိုးလာမှု ပုံရိပ်များအရ မကြာမီ ပြီးစီးတော့မည်၊ မဝေးသောကာလတွင် ပြီးစီးတော့ မည်ဟု ဆိုချင်ပါသည်။
(ညီသစ်)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 11

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45539

© 2022 - 2025 News. All Rights Reserved.