အနက်ရောင် နှင်းဆီများနှင့် နွေဦးတော်လှန်ရေး နိဂုံး

၂၀၂၄ ဒီဇင်ဘာ ၇

ခွက်ခေါက်သမားတို့၏ ဝေစု
    ပြောကုန်ကြပြီ။ ပြောကုန်ကြပြီဆိုသည်ကား ယခင်တုန်းက တော်လှန်ရေးအတွက် နိုင်သည့်ဘက်က ပါသူများကို မည်သည့်နေရာက ပါဝင်သည်ဖြစ်စေ မေမေ့သားများ သမီးများဟု ချီးကျူးထောမနာပြုခဲ့ကြရဲ့ မဟုတ်လား။ ယခုတော့ ထိုသို့မဟုတ်။ ပြောကုန်ကြပြီ ဖြစ်သည်။ အရေးတော်ပုံအတွက် တော်လှန်ရေးအတွက်ဟုပြောတိုင်း 'ပြည်သူတွင် ပြည်သူသာရှိသည်'ဟုဆိုကာ နောက်ဆုံးတွင် အလှူငွေ ထည့်ကြပါဦးဖြင့် အဆုံး သတ်သွားကြသူများသာ ဖြစ်နေကြသည်။ ထိုအကြောင်း အရာကို ပြည်သူများက ကနဦးတုန်းက ထောက်ခံအား ပေးသလောက် ယခုအချိန် ကြာမြင့်လာသည်နှင့် အမျှ  'ပြည်သူတွင် ပြည်သူသာ ရှိသည်'ဟု ပြောတိုင်း 'ခွက်ခေါက်တော့မယ်'ဟု မှတ်ချက်ပြုကုန်ကြပြီ ဖြစ်သည်။
    သူတို့က ခွက်သာ အစဉ်ခေါက်ပေမယ့် ခွက်ခေါက်ဟုပြောလျှင်လည်း စိတ်ကလေးက ဆိုးတတ်သေးသည်။ သူတို့ပြောသည့် ပြည်သူများကပဲ သူတို့ကိုဝေဖန် ထောက်ပြကြသည့်အခါ ဝေဖန် ထောက်ပြသူတို့သည် ပြည်သူမဟုတ်တော့ဘဲ သူတို့နှင့် ရန်သူဖြစ်ကုန်ကြပြန်၏။ ဆိုသေးသည်။ သူတို့ ပြည်ပနိုင်ငံတွင် အများပြည်သူထံ အလှူခံနေသည်ကို ပြည်သူ့အတွက်မည်မျှ ခက်ခက်ခဲခဲ လုပ်ရကြောင်း တခုတ်တရ ဂုဏ်ယူစွာနှင့် ပြောနေကြသေးသည်။
    ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံတွင် ခွက်တစ်ဆုံး ခေါက်နေသည့် ငစည်ဆိုသည့်သူအကြောင်း ပြောချင်မိသည်။ သူ့အကြောင်း ပြောမည်ဆိုရာတွင် သူပြောသည့် စကားများကို ပြန်ပြောလိုပါသည်။
    "တော်လှန်ရေးအတွက် တတ်နိုင်သည့်ဘက်က ပါဝင်တဲ့သူတိုင်းကို လေးစားတယ်၊ မြေပြင်မှာ တိုက်ခိုက်နေတဲ့ (PDF) ရဲဘော်တွေက အသက်တွေပေးပြီး တိုက်ပွဲဝင်နေသလို ကျွန်တော်တို့လို ထောက်ပို့ (PRF)တွေမှာလည်း အခက်အခဲမျိုးစုံ ရှိပါတယ်။ တကယ်က တော်လှန်ရေးအတွက်ဆိုရင် ကျွန်တော်တို့လို ထောက်ပို့ (PRF) တွေအတွက် တစ်လဒေါ်လာတစ်သန်းလောက် တရားဝင်သုံးစွဲခွင့် ပြည်သူတွေက ပေးသင့်တယ်"ဟု မီးလွတ်ကျည်လွတ်ရာ နေရာကနေ၍ ဒေါ်လာတစ်သန်းသုံးလိုကြောင်း ဖွင့်ဟလာလေသည်။ တော်လှန်ရေးပြီးလျှင် PRF တာဝန်ယူထားသူများကို နိုင်ငံ တော်စာရင်း စစ်ချုပ်ရုံးက အစစ်အဆေးခံရမည်ဟု ဆိုလေသည်။ လက်ရှိ PRF များ၏ တစ်လတာ ကုန်ကျစရိတ်များ သည် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ကုန်ကျနေကြောင်း၊ ထိုတစ်သန်းကျော်သည် တစ်လ တစ်ကြိမ်စာအတွက်ပင် ရှိသည်ဟု ဆိုလေသည်။ ထို့ကြောင့် PRF ကိုလည်း တတ်နိုင်သမျှ ထောက်ပံ့ပေးရန် ဆိုထားလေသည်။ ထိုကဲ့သို့ တစ်လတစ်သန်းကျော် ကုန်ကျစရိတ်အတွက် ပြည်သူများကလည်း NUG အစိုးရကို နားလည်မှု ပေးစေချင်ကြောင်း တောင်းဆိုထားလေသည်။ သူတို့ ရွပ်ရွပ်ချွံချွံ ခွက်ခေါက်ရန်အတွက် ပြည်သူက သူတို့ကိုပါ ထောက်ပံ့မှုပေးရန် ဆိုနေခြင်းဖြစ်သည်။ သို့မို့ကြောင့် ခွက်ခေါက် မည့်အရေးအတွက်ကိုပင် ခွက်ခေါက်၍ ပြောနေသည်ဟု ဆိုကြသူများဟုပြောလျှင် လွန်သည်မထင်။ 
    ထိုသို့ ပြောလိုက်ချိန်တွင် တော်လှန်ရေးအတွက် လုပ်ပါသည်ဆိုသည့် သူများကပါ ငစည်ကို ဝိုင်းတုတ်လေကြသည်။ ဟုတ်သည်။ ယခင်က သူတို့ဟာသူတို့ ခွက်ခေါက်၍ ရသမျှကို စာရင်းမရှိ၊ အင်းမရှိ ဗုန်းခဲ့၊ ဖြုန်းခဲ့သည်ကို မသိကျိုးကျွန် ပြုပေးထားသော်လည်း ယခုအခါ တရားဝင် သုံးစွဲခွင့်  တောင်းနေခြင်းကြောင့် ဝိုင်းကလော်ကြခြင်း ဖြစ်သည်။ သို့နှင့်ငစည်တို့က တစ်မျိုးအကြံထုတ်လေသည်။

ဘတ်သုံးသိန်းဆုငွေ ထုတ်ခံထားရသူများ
    ငစည်တို့ တစ်မျိုးကြံသည်ကိုမပြောခင် ငစည်တို့၏အကြံအစည်ထဲမှ ပေါက်ကြားလာသည့် သတင်းတစ်ခု ဦးစွာပြောချင်ပါသည်။ 'မယ်သီ၊ ကိုမင်း၊ မပုတု၊ ကျော်မျိုးမင်း၊ ကျော်စိုးဦး၊ ဟန်ငြိမ်းဦး၊ သဇင်ဦး၊ ကျော်စွာ၊ ဘူးလက်လှဆွေ' ကိုးဦးထဲမှ တစ်ဦးသတ်နိုင်လျှင် ဘတ်ငွေ သုံးသိန်း ပေးမည်ဟု ငစည်တို့က ဆုငွေထုတ်ထားသည်ဟု သတင်းများ ထွက်ပေါ်လာသည်။ ထိုအထဲက ကလေးမြို့က မယ်သီကို PDF များက သတ်ဖြတ်နိုင်ခဲ့ပြီး သည်ရက်ပိုင်းတွင် ကိုမင်းမင်းဆိုသူကို မကွေးကံပြားအနီးတွင် PDF က သတ်ဖြတ်နိုင်ခဲ့သည်။ သည်နေရာတွင် ဆုငွေထုတ်ခြင်းအကြောင်း ပြီးမှ ဆက်ပါရစေ။ PDF တို့ ပြောနေ၊ ထောက်ပို့တို့ ပြောနေသည့် ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ လိပ်ခေါင်းထွက်အောင် အော်ခဲ့သည့် အကြောင်းနှင့်ယှဉ်၍ ပြောစရာတစ်ခု ပေါ်လာသည်။ Law တို့၊ Unwritten Law  တို့ဆိုသည်မှာ လူသားဆန်သည့် လူမှုပတ်ဝန်းကျင်တွင် လူသားတို့ လိုက်နာရမည့် ကျင့်ဝတ်စံနှုန်းများ ရှိကြသည်။ ဥပဒေဆိုသည်မှာ ပုဒ်ထီးပုဒ်မဖြင့် တရားဝင် ရေးမှတ်ထားပြီး ကျူးလွန်လျှင် ပြစ်မှုပြစ်ဒဏ် အတိအကျ ဖော်ပြထားသည်ကို ဆိုသည်။ စာဖြင့် ရေးမှတ်မထားသည့် ကျင့်ဝတ်စံနှုန်းများဆိုသည်မှာ လိုက်နာသူ၏ အဆင့်အတန်း၊ အဖွဲ့အစည်း၏ အဆင့်အတန်းကို ဖော်ပြခြင်းဖြစ်သည်။ စစ်ပွဲတစ်ပွဲ တစ်ဖက်နှင့်တစ်ဖက် အသေအကျေ တိုက်ခိုက်သည့်နေရာတွင် အသေသတ်၍ရသည်ကို လက်ခံသည်။ သို့ သော်လည်း သေဆုံးသူ၏ ကြွင်းကျန်ရစ်သော ကိုယ်ခန္ဓာ အစိတ်အပိုင်းကို လူ့ကျင့်ဝတ် စံနှုန်းများနှင့် မလျော်ညီဘဲ  Movie ရိုက် လူမှုကွန်ရက်တွင် ဖြန့်ဝေ ပြက်ရယ်ပြု လှောင်ပြောင်ခြင်းသည် အမုန်းတရားကို ဓာတ်ဆီလောင်း မီးရှို့ခြင်း ဖြစ်သည်။ ထိုလုပ်ရပ်၏ အကျိုးဆက်ကို တစ်ဖန်ပြန်ခံစားရချိန်မှာ လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီအရေးတို့ အော်လျှင် ဝဋ်ဆိုသည်က နောင်ဘ၀ မကူးတတ်ပေ။ ဘယ်သူမပြု မိမိမှုဟု နှလုံးသွင်းထားနိုင် ကြပါစေ ဟုသာ ဆိုရမည်ဖြစ်သည်။
    အထက်ကအကြောင်း ပြန်ဆက်ရလျှင် ငစည်တို့က ထိုကိုးဦးကို တစ်ဦးလျှင် ဘတ်သုံးသိန်း ဆုငွေ ထုတ်ထားသည်ကို အားလုံးသိရှိပြီးသားဖြစ်သည်။ ထိုင်းနိုင်ငံ မဟာချိုင်တွင်နေသည့် ငစည်တို့က ယခုကဲ့သို့ ဥပဒေဘောင် အပြင်ဘက်က လက်လွတ်စပယ် ပြုလုပ်နေခြင်းကို ဥပဒေ၏ အရိပ်အောက်ရောက်ရှိအောင် မစွမ်းဆောင်နိုင်လျှင် ငစည်တို့ကဲ့သို့ တစ်ဖန် ဆုငွေပြန်ထုတ်လျှင် မရနိုင်ဘူး လားဆိုသည့် မိတ်ဆွေတစ်ဦး၏စကားကို ပြန်သတိရမိသည်။ ထိုမိတ်ဆွေကပင် "ထိုင်းက ဒါမျိုး ပိုလွယ်သေးတယ်"ဟုဆိုရာ ရန်ကိုရန်ခြင်း မတုံ့ပြန်ပါနှင့်ဟု မိတ်ဆွေကို တရားချမိသေး၏။ သူ့ကံနှင့်သူ ဖန်လာပါလိမ့်မည်ဟုသာ ဆိုဖြစ်ခဲ့သည်။

ခွက်မှောက်ကြတော့မည့်သူများ
    ဖဲစကားနှင့်ပြောရလျှင် ဒိုင်ကိုင်သူလက်ထဲ ငွေအမြောက်အမြား စုမိဆောင်းမိလာလျှင် ဒိုင်က ဆက်မရိုက်တော့ဘဲ အနိုင်ပိုင်းချင်လာသည်။ ထို့ကြောင့် Warning သုံးကြိမ်ခေါ်ပြီး အနိုင်ပိုင်းကြ သည်များရှိသည်။ ထိုသို့မဟုတ်ဘဲ ဝိုင်းထဲက တစ်စုံတစ်ယောက်က ငွေကြေးကုန်သွား၍ ဆက်မ ရိုက်ချင်သောအခါ ဒိုင်လုပ်သူက အလိုအလျောက် ခွက်မှောက်သည်ဟုဆိုကာ စုမိဆောင်းမိသည့် ငွေကြေးကို အပိုင်ယူကာ ဝိုင်းကိုရပ်နား နိုင်သည်။ ယခုလည်း တော်လှန်ရေးခေါင်းစဉ်တပ်၍ အလှူခံသည့်သူများ၊ အဖွဲ့များတွင် နည်းမျိုးစုံဖြင့် ခွက်မှောက်သူမှောက်၊ Warning ခေါ်သူခေါ်နှင့် တော်လှန်ရေးခရီးကို စွန့်ခွာမည့်သူများ အလျှိုလျှိုဖြင့် ကိုယ်ယောင် ဖျောက်ကုန်ကြသည်။
    လွန်ခဲ့သည့်အပတ်က ထိုင်းနယ်စပ်တွင် အခြေပြု၍ တော်လှန်ရေးခေါင်းစဉ်တပ်ပြီး အလှူခံသည့် အဖွဲ့တစ်ခုဖြစ်သည့် ဧရာဗေဒါဆိုသည့်အဖွဲ့က တစ်ယောက်မကောင်းကြောင်း တစ်ယောက်ပြောကာ အဖွဲ့ကိုဖျက်သိမ်းလိုက်ပြီဟု ဆိုလေသည်။ 'ငါးကျည်းရတော့ အတူတူ၊ ငါးခူရတော့ ခွဲခြားခွဲခြား'ဆိုသကဲ့သို့ ထင်ပါ၏။ တော်လှန်ရေးနှင့် ပတ်သက်ပြီး အလှူမခံနိုင်တော့ကြောင်း၊ အဖွဲ့ကို ဖျက်သိမ်းကြောင်း ကြေညာနေလေသည်။ သူတို့တင်လားဆိုတော့ မဟုတ်သေးဟုဆိုရမည် ဖြစ်သည်။ ပိစိညှောက်တောက် အဖွဲ့လေးများမှစပြီး လူသိများသည့်အဖွဲ့များပါ တော်လှန်ရေးကို ခွက်မှောက်ကြောင်း တစ်စတစ်စ ကြေညာနေသည်မှာ လုံးစေ့ပတ်စေ့ မမှတ်နိုင်အောင် ဖြစ်နေကြလေသည်။ ထိုအထဲက အထက်တွင်ဆိုခဲ့သည့် ငစည်အကြောင်း ပြောရဦးမည် ဖြစ်သည်။
    ငစည်က ထောက်ပို့များအတွက် တစ်လဒေါ်လာ တစ်သန်းကျော်သုံးစွဲလိုကြောင်းတင်ပြပြီး ထောက်ခံသူ မရှိဘူးထင်ပါ၏။ လူမသိသူမသိ သုံးစွဲစဉ်က ဘာမှ မဖြစ်သော်လည်း အသုံးအစွဲ လက်လွန်ကုန်ပြီထင်။ သို့ မို့ကြောင့် တရားဝင်သုံးစွဲခွင့်တောင်းခြင်း ဖြစ်ဟန်တူ၏။သို့သော် ငစည်တို့က တော်လှန်ရေးအမည်တပ်ပြီး ခွက် ခေါက်လာခဲ့သည်မှာ မည်မျှ စုမိဆောင်းမိပြီ မသိ။ ခွက်ခေါက်ခြင်းကိုနားပြီး ခွက်မှောက်တော့မည့်အကြောင်း ကြေညာလေသည်။
    အကြောင်းပြချက်က တော်လှန်ရေးသမား အချင်းချင်းက သူ့ကို တော်တော်စစ်ဆေးသောကြောင့်ဟု ဆိုကာ ခွက်မှောက်တော့မည်ဟု ကြေညာနေလေသည်။ သူ့ကို NUG အစိုးရပိုင်းမှလည်း Background ပေးထား ခြင်းမရှိ၊ မည်သည့်တပ်ရင်းတပ်ဖွဲ့မှလည်း Background ပေးထားခြင်း မရှိသကဲ့သို့ မည်သည့်ပြည်သူမှ Background ထားခြင်း မရှိသောကြောင့်ဟု ဆိုလေသည်။ ပန်ဆယ်လိုတို့၊ သူ (ငစည်) တို့လို ထောက်ပို့များသည် တကယ်ခက်ခက်ခဲခဲ ရုန်းကန်နေရသည်ဟု ဆိုလေသည်။(ဗုန်းရအောင် ခွင်ဖန်ခြင်းကို ရုန်းကန်သည်ဟု ဆိုလိုခြင်းထင်ပါ့။ ထိုသို့ ရုန်းကန်နေရခြင်းကို တော်လှန်ရေး၏အခြား တစ်ဖက်က တိုက်ခိုက်ခြင်းထက် တော်လှန်ရေး ဘက်တော်သား အချင်းချင်းကပါ တိုက်ခိုက်လာသောကြောင့် ခွက်မှောက်ရခြင်းဟု ဆိုလေသည်။ မသိလျှင်ခက်မည်။ အိတ်ဖောင်း၍ ခွက်မှောက်ခြင်းကို တော်လှန်ရေးသမားအချင်းချင်း ဖေးမမှုမရ၍ ရပ်နားတော့မည်ဟုဆိုလေရာ ဒင်းက တော်လှန်ရေးနှင့်လုပ်စားပြီး တော်လှန်ရေးသမားအချင်းချင်း ထွက်ကန်ကန်သွားသေးသည်ဟု မှတ်ချက်ပြုသူ များလည်း အများအပြား မြင်တွေ့ခဲ့ ရသည်။

အနက်ရောင်နှင်းဆီပွင့်ဖြင့် ဖုံးအုပ်ခံလိုက်ရသည့် နွေဦးတော်လှန်ရေး
    နွေဦးတော်လှန်ရေး၏ အဓိကဒေါက်တိုင်၊ အဓိကမဏ္ဍိုင်ဟု ပြောရမည့်သူမှာ ဒေါ်အောင်ဆန်းစုကြည်ဟုဆိုလျှင် ငြင်းချက်ထုတ်ချင်သူများ ထုတ်နိုင်လိမ့်မည်။ အကြောင်းအရာများစွာရှိသောကြောင့် ဖြစ်သည်။ သို့သော်လည်း မေမေ့သားဟု ဆိုကြသူများ၊ မေမေ့သမီးဟုဆိုကြသူအများစုသည် တော်လှန်ရေးသမားများဖြစ် သည်ကိုတော့ ငြင်းမရနိုင်ပေ။ တော်လှန်ရေးကနဦး အစကတည်းက မေမေ၏ အသုံးအဆောင်ပစ္စည်းများဖြင့် အလှူခံခဲ့ရာ ထီးမှစ ဖိနပ်အဆုံး ဖြစ်ခဲ့သည်မှာ အားလုံးအသိ ပင်ဖြစ်သည်။ တော်လှန်ရေး အလှူခံသည့်ကာလ သုံးနှစ်ကျော်လာသည့်အချိန်မှ လက်ရှိအချိန်အထိ အမေစု၏ ဟားဗတ်လက်ဆောင် ပန်းချီကားဆိုပြီး အကြမ်းဖက်လုပ်ရပ်များအတွက် ထောက်ပို့ရန် အလှူခံနေလေသည်။ လူသတ်အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ရန် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းစဉ်တပ်ခံနေရလေသည်။ ဒါကိုပင် တော်လှန်ရေး ဘက်တော်သားများက မေမေခေါင်း စဉ်တပ်ပြီး လူသတ်ချင်တိုင်း သတ်နေသည်ကို ဂုဏ်ယူနေကြလေ၏။ ယခုလည်း ထိုင်းနိုင်ငံတွင်နေထိုင်သည့် တော်လှန်ရေးသမားတစ်ယောက်က မြန်မာပြည်ကို ပြန်လာစရာ ရှိလေသည်။ ထိုတော်လှန်ရေးသမားက လူသိများ ထင်ရှားသူတစ်ဦး မဟုတ်၊ သို့သော်လည်း တော်လှန်ရေးကို တစ်ဖက်တစ်လမ်းက ထောက်ပံ့အား ပေးခဲ့သူတစ်ဦး ဖြစ်နေလေသည်။ သူမြန်မာပြည်ကို ပြန်လာလျှင်လည်း အမည်စာရင်း မပေါက်သောကြောင့် သူ့အတွက် ပြဿနာမရှိပေ။ ပြဿနာ ရှိသည်က သူ့လက်ဖျံတွင် ထိုးထားသည့် တက်တူးပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံနှင့် နွေဦးတော်လှန်ရေး စာသားကို သူ၏ လက်ဖျံတွင် တက်တူးထိုးထားသည်။ ထိုသို့ တက်တူးထိုးထားပြီး မြန်မာပြည်သို့လည်း ပြန်လာရတော့မည်ဖြစ်ရာ ထိုတက်တူးကို ဖျက်ဆီးရန် လုပ် ဆောင်ရလေတော့သည်။ "မြန်မာ ပြန်မယ်ဆိုတော့ စိတ်မကောင်းစွာနဲ့ပဲ"ဟု သူ၏လက်ဖျံက ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံနှင့် နွေဦးတော်လှန်ရေး စာသားကို မြို့မေတ္တာခံယူသည့် သဘောဖြင့် ချပြလေသည်။ ထိုသို့ တင်ပြမှ တော်လှန်ရေးဘက်တော်သားရော၊ တော်လှန်ရေး ဘက်တော်သားများကို ဆဲနေသည့်သူများ ရောမြို့မေတ္တာခံယူသူကို ဝိုင်း၍ ဆဲကြကုန်လေသည်။
    "ငါတို့က သွေးမအေးဘူး၊ အေးရင်လည်း တက်တူးပါ ပြန်အုပ်တာ"ဟု ကလိသူက ကလိ "အရေးတော်ပုံ အောင်ပြီဆို"ဟု ဆိုသူကဆိုဖြင့် ပွဲဖြစ်နေလေသည်။ သူ၏လက်ဖျံတွင်ရှိသည့် အနီရောင်ပန်းပွင့်များ ပန်ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ပုံရိပ်နှင့် နွေဦးတော်လှန်ရေး စာသားများ ကတော့ မကြာခင်ဖျက် ဆီးပစ်တော့မည်ဟု ဆိုလေသည်။ တစ်ယောက်သော သူက "အစကတည်းက ဆုံးဖြတ်ချက်မှ မခိုင်မာတာ၊ ကိုယ်လုပ်ချင်တာ လုပ်ပြီးရင် ဘာပဲဖြစ်ဖြစ် ပြန်တော့ မဖျက်နိုင်ဘူး"ဟု အရောက်ပို့သူများကလည်း ပို့နေလေသည်။ သူသည်လည်း မြန်မာပြည်ပြန်ရန် သူ့လိပ်ပြာ သူမလုံ ဘူးထင်ပါ့။ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံနှင့် နွေဦးတော်လှန်ရေးစာသားများကို နှင်းဆီပန်း အနက်ရောင်ဖြင့် ဖုံးအုပ်ကာ သူ၏ လက်ဖျံပေါ်က တော် လှန်ရေးကို နိဂုံးချုပ်ပေးလိုက်လေတော့သည်။ နွေဦး ၏နိဂုံးသည် ထိုကဲ့သို့ အဆုံးသတ်တတ်ပါလားဟု သံဝေဂ ပင် ရမိပါ၏။
ရွှေထီး  
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 227

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43335

© 2022 - 2025 News. All Rights Reserved.