၂၀၂၄ ဒီဇင်ဘာ ၅
မကြာသေးမီက မြန်မာနိုင်ငံ ရေမြုပ်တော့ မည့်အရေးကို နိုင်ငံတော်က အရေးမပါသလို၊ ဂရုမစိုက်သလို၊ မသိကျိုးကျွန်ပြုနေတဲ့သဘော 'ပြောတိုင်'ကလေးလုပ်ပြီး ရေးလိုက်တာ တွေ့ရပါတယ်။ ဒီအကြောင်းအရာပေါ်မှာ သူတို့ အမှတ်ပေးချင်တဲ့ သူတွေကိုလည်း အမှတ်ပေး ထောမနာပြုရင်း၊ အစိုးရကိုလည်း အပြစ်တင်ရင်း သိုင်းဝိုင်းရေးလိုက်တာတွေလည်း တွေ့ရပါတယ်။ ပြန်ကြည့်လိုက်ရင် မြန်မာနိုင်ငံမှာ 'ချင်တွေ'(Wants) ဖြစ်ချင်တာတွေ၊ ရချင်တာတွေကများ၊ အလိုက မပြည့်တော့ ဆန္ဒတွေ ဖိစီးပြီး လောဘ၊ အလိုမပြည့်တော့ ဒေါသ၊ ဒီနှစ်ချက်ကို ပညာ(အသိတရား)နဲ့ မထိန်းနိုင်တော့တဲ့အတွက် မောဟတွေ ဖုံးလာပါတယ်။ (Urge Uae Action) ဖြစ်လာပြီး အမှားသံသရာစက် လည်တော့တာပါပဲ။ ကျွန်တော်တို့နိုင်ငံမှာ ဒီစက်ဝိုင်းကြီး အရှိန်ရသွားအောင် စပေးခဲ့တာက 'စစ်တပ် မုန်းတီးရေး' လှုံ့ဆော်မှုတွေပါ။ မြန်မာ့စာပေလောကမှာ အလှုပ်ရှားဆုံး၊ အတက်ကြွဆုံးက လက်ဝဲအတွေးအခေါ်သန်သူ (Leftists) အများစုပါ။ လက်ဝဲနဲ့တပ်မတော်ဆိုတာက အစေးသိပ်မကပ်ပါဘူး။ သမိုင်းတစ်လျှောက် တပ်မတော်ကပဲ ရှေ့ထွက်ရတော့ ပွတ်တိုက်မှု အများဆုံးကလည်း ဒီနှစ်ဖွဲ့ပဲ ဖြစ်လာခဲ့ပါတယ်။ အနှစ် ၇၀ မှာ လက်ဝဲအုပ်စုဟာ တပ်မတော်ကို ရတဲ့နည်းနဲ့ တိုက်ခိုက်နေခဲ့တာ၊ နောက်ဆုံး စာပေဟောပြောပွဲ တွေမှာကြုံတိုင်း တပ်မတော်မုန်းတီးရေးတွေ တောက်လျှောက် ဟောပြောခဲ့တာကြောင့်၊ တပ်မတော် မုန်းတီးရေး အစိုင်အခဲဟာ အတော်ကြီးလာခဲ့ပါတယ်။ နောက်တော့ စာပေဟောပြောပွဲဟာ ပညာပါပါ တပ်မတော်မုန်းတီးရေး မျိုးစေ့ချပေးရာ စင်မြင့်ကြီး ဖြစ်လာခဲ့ပါတယ်။ လူမှုကွန်ရက်ကတစ်ဆင့် အရှိန်မြှင့်တင်ပေးရင်း မသိနားမလည်သူတွေအတွက် စစ်အာဏာရှင် တိုက်ဖျက်ရေး ကြွေးကြော်သံတွေနဲ့ အပုပ်ချတဲ့အရှိန်အဟုန်က ပိုကြီးလာပါတယ်။ ဒီတော့ သူတို့အပြစ်ပြောချင်တဲ့ဟာက Climatic change (သို့) Global Warming အကြောင်းပါ။
Climatic Change ဆိုတာဘာလဲ
ကနေ့ Climatic Change ဆိုတာကြောင့် ကျရောက်လာတဲ့ အကျိုးယုတ်မှုဆိုတာဟာ တစ်ကမ္ဘာလုံး ဘယ်သူမှ ပြေးလို့မလွတ်ပါဘူး။ Climatic Change ဆိုတာဟာ အလွယ်ဆုံးပြောရရင် လူတွေရဲ့ အသက်ရှင်သန်ရေးအတွက် နေ့စဉ် ဝေယျာဝစ္စတွေ ဆောင်ရွက်ကြရင်း၊ Greenhouse Gas လို့ခေါ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်းဓာတ်ငွေ့တွေ ထွက်လာပါတယ်။ ဒီအငွေ့တွေက လေထုအပေါ်ကနေ ဖုံးအုပ်ထားလိုက်တော့ ပေါင်းကြောင်ကြီးလို ဖြစ်စေပြီး ကမ္ဘာကြီးက တစ်စတစ်စ ပူနွေးလာရာကနေ (Global Warming) ဖြစ်စေတာပါ၊ (Fossil fuel) သဘာဝလောင်စာတွေ သုံးတာ၊ (Deforestation) တောပြုန်း အောင် သစ်တွေခုတ်ကြတာ၊ (Industrial Gas) စက်မှုလုပ်ငန်းတွေကြောင့် စောစောကပြောတဲ့ ဓာတ်ငွေ့ တွေထွက်လာပြီး (La Nina တို့၊ El Nino)အခြေအနေတွေ ဖြစ်ပေါ်ရတာပါ။ ဒါကြောင့် ရာသီဥတုတွေ ကမောက်ကမဖြစ်ပြီး အပူအအေးတွေ၊ မိုးများတာ၊ ဆီးနှင်းတွေ လွန်ကဲတာ၊ ပင်လယ်ရေ မျက်နှာပြင်တွေ တစ်စတစ်စ မြင့်တက်လာပြီး (Eco system)ကမ္ဘာ့ဂေဟစနစ် ပျက်ယွင်းပြီး လူတွေ ရာသီဥတုရဲ့ နှိပ်စက်ခြင်းကို ခံကြရတာပါ။ နောက်ဆုံးတော့ လူသားတွေ ကိုယ်ပြုတာ ကိုယ်ခံရတဲ့သဘောပါပဲ။
ရာသီဥတုပြောင်းလဲမှု၏ စိန်ခေါ်မှုများ
Insufficient Global Action. အခုလိုလူသားတွေကို ဒုက္ခပေးနေတဲ့ ရာသီဖောက်ပြန်မှုကို ကာကွယ်နိုင်ဖို့ နိုင်ငံတကာက ပညာရှင်တွေ စုပေါင်းပြီး ကမ္ဘာ့အပူချိန် အပြောင်းအလဲကို (1.5 /2°C)အတွင်းမှာ ရအောင်ထိန်းနိုင်ဖို့ စုပေါင်းလုပ်ဆောင်ကြသော်လည်း မအောင်မြင်ပါဘူး။ နိုင်ငံတွေဟာ စီးပွားရေးအရ အပြိုင်အဆိုင် စက်မှုလုပ်ငန်းတွေ လုပ်ကြတော့။ ဒါကို (Emmission Standards)တွေ ဘယ်လောက်ထားပြီးပဲ ဆွေးနွေးကြ၊ ဘယ်လောက်ပဲလုပ်လုပ်၊ ကနေ့အထိ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ဆောင်ရွက်ချက်တွေဟာ မအောင်မြင်သေးပါဘူး။ မလုံလည်း မလုံလောက်ပါဘူး။ ဖွံ့ဖြိုးပြီးနိုင်ငံတွေက (Emmission control)အတွက်၊ ငွေတွေ ဘယ်လောက်ထည့်မယ်၊ ဘာနည်းပညာတွေ ပံ့ပိုးမယ်ပြောပြော ကတိအရာပဲ ရှိပါတယ်။ ဝိုင်းလုပ်ကြမယ် Unified Action ဆိုတာအစည်း အဝေးပြီးတော့ ပျောက်သွားတာပါပဲ။ ဒီအလုပ်က အတော်အနစ်နာခံဖို့ လိုတာအပြင် တော်ရုံတန်ရုံ အသိတရားနဲ့လည်း မလုပ်နိုင်ပါဘူး။ တက်လာတဲ့အစိုးရက ဝက်အူတင်းရင်၊ နောက်တစ်ပတ် ရွေးကောက်ပွဲမှာလူကြိုက် နည်းမယ်၊ လုပ်ငန်းရှင်ကလည်း နည်းပညာမြှင့်ပြီး လေထုသန့်စင်မည့်နည်းနဲ့ ကုန်ထုတ်ရင် သူ့ပစ္စည်းဈေးကြီးလို့ ရောင်းရခက်မယ်၊ စားသုံးသူကလည်း ဈေးပေါမှသုံးမှာ။ ဒါကြောင့် ကျွန်တော် ပဏာမ ခြေဆင်းခဲ့တဲ့ 'မောဟ သံသရာ'ထဲက ထွက်ရပ်လမ်းဟာ ခက်နေဆဲပဲ ဖြစ်ပါတယ်။ (Environmental Degradation) ပတ်ဝန်းကျင် ယိုယွင်းမှုကို မတားဆီးနိုင်သေးပါဘူး။ ပထဝီနိုင်ငံရေး တင်းမာမှုတွေ၊ စီးပွားရေးနဲ့နွှယ်ပြီး တုပ်နှောင်ထားတဲ့ ကြိုးတွေ၊ ဖန်လုံဓာတ်ငွေ့တွေ အများအပြားထွက်တဲ့ လုပ်ငန်းရှင်တွေရဲ့ Lobby တွေကြောင့် မအောင်မြင်တာတွေလည်း ပါပါတယ်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို ထိန်းကွပ်နေသည့် အဖွဲ့အစည်းများ
ကမ္ဘာ့နိုင်ငံတွေဟာ ဒီအန္တရာယ်ကိုမြင်လို့ နိုင်ငံ့ခေါင်းဆောင်တွေ အသိပညာရှင်၊ အတတ်ပညာရှင်တွေ စုပေါင်းပြီး ၁၉၉၂ လောက်ကစပြီး Conference of the Parties(COP) ညီလာခံတွေ နှစ်စဉ်ဆွေးနွေးကြပါတယ်။ (United Nations Framework Convention on Climate Change - UNFCCC)။
Earth Summit (1992)/ lntergovernmental Panel on Climate Change - IPCC Report / Global Climate Action Summit / G7 နဲ့ G20 Summits စတာ တွေလုပ်ပြီး ကြိုးစားကြပါတယ်။ ကနေ့အထိ တိတိပပ မအောင်မြင်သေးပါဘူး။ နှစ်စဉ်နိုင်ငံအသီးသီးဟာ Mega Typhoon ဒဏ်၊ ကြီးမားတဲ့ တောမီးကြီး (Wild Fire) တွေက မလွတ်နိုင်တာ၊ ဒီနှစ်မှာဆို Sahara သဲကန္တာရထဲမှာ ရေကြီးတာ၊ US မှာ Texas ၊ Pennsylvania ၊ Florida တို့မှာ ရေကြီးခဲ့တာတွေက သက်သေပါပဲ။
လက်တွေ့ကြုံတွေ့နေရသည့် အခက်အခဲများ
ဒီလောက်ဝိုင်းလုပ်နေကြသော်လည်းပဲ ပေါက်စရာရှိရင်တော့ 'မင်းကြီးတာ'ကချည်း ပေါက်နေတာ တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံအလိုက် ကမ္ဘာ့ Greenhouse Gas ထွက်ရှိမှုရဲ့ ရာနှုန်းကို စာရင်းဇယား နဲ့ ပြောရရင်-
(၁) China ၃၁ ရာခိုင်နှုန်း၊
(၂) US ၁၄ ရာခိုင်နှုန်း၊
(၃) lndia ၇ ရာခိုင်နှုန်း၊
(၄) Russia ၅ ရာခိုင်နှုန်း
(၅) Japan ၃ရာခိုင်နှုန်း
ဒီလိုတွေ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် 'သူခိုးက လူပြန်ဟစ်ပြီး Lobby လုပ်၊ ပေးကျွေးထားတာ စားထားတဲ့သူတွေက ပြည်တွင်းက ငပိန်းတွေကို ဂျင်းထည့်နေတာ အတော်မြင်သာပါပြီ။ များသောအားဖြင့် ဒီတိုင်းပြည်တွေ သူ့တိုင်းပြည် GDP တက်ဖို့ကို အသားယူ၊ တစ်ဖက်စောင်းနင်း ကုန်သွယ်မှုနဲ့ ဖွံ့ဖြိုးစနိုင်ငံတွေကို နိုင်ငံရေးအရပါ၊ လစ်ရင်လစ်သလို နှိပ်စက်နေတာပါ၊ စက်ရုံကြီးတွေ၊ ကျောက်မီးသွေးမီးနဲ့ လောင်စာထုတ် တာတွေက Carbon Dioxide(CO2)၊ Methane(CH4) နဲ့ Nitrous Oxide(NO2) တွေကြောင့် ကမ္ဘာကြီး တစ်စတစ်စ ပူနွေးလာရတာပါ။ ဒါတောင် EU နိုင်ငံတွေက ထုတ်လွှတ်နေတဲ့ ဓာတ်ငွေ့တွေ မပါသေးပါဘူး။ EU နိုင်ငံတွေကိုသာ ထည့်လိုက်ရင် ဒီဓာတ်ငွေ့တွေဟာ နည်းမှာမဟုတ်ပါဘူး။
ကျွန်တော်တို့ကို အပြစ်တင်နေတာက နစကအစိုးရဟာ စစ်ကိုပဲ အာရုံစိုက်နေတယ်။ မျက်တောင်မွေးတစ်ချောင်းစာလောက်တောင် ကျော်အောင် မြင်နိုင်စွမ်းမရှိတဲ့ လူတွေဆိုပြီး ထင်ယောင်ထင်မှား ဖြစ်အောင်၊ သုတေသန ကိန်းဂဏန်းဆိုတာတွေကိုင်ပြီး ပညာနည်းတဲ့ စစ်တပ်မုန်းတီးသူတွေနဲ့ တိုင်းတစ်ပါးသားကြားမှာ (မကြာသေးခင်က) ဖွလိုက်တာ တွေ့ရပါလိမ့်မယ်။ အဲဒီစာတမ်းမှာ မြန်မာဟာ ဒီအတိုင်းသွားရင် ၂၁၀၀ မှာ ပင်လယ်ရေ တစ်မီတာလောက် တက်လာမည့် ခန့်မှန်းချက်အရ ရန်ကုန်မြို့ကြီးဟာ ကျွန်းသာသာလောက်သာ ကျန်တော့မယ်လို့ သတိပေးထားတာ၊ (အစိုးရက အလေးမထားလို့ သုတေသီများအနေနဲ့ နောင်အနှစ် ၈၀ လောက်မှာ ကိုယ်မရှိတော့ပေမယ့်လည်း ပြည်သူတွေအတွက် (Foresight) နဲ့ စိုးရိမ်ပေးတာ၊) ကျေးဇူးတင်ပါတယ်။ စောစောက တင်ပြခဲတဲ့အတိုင်း ပတ်ဝန်းကျင် ညစ်ညမ်းမှုကို တကယ်ဖြစ်စေတာက အဲဒီနိုင်ငံကြီး ငါးနိုင်ငံပါ။ တကယ်တမ်းနိုင်ငံတွေဟာ စုပေါင်းစွမ်းအားနဲ့ ရုန်းနေကြတာကို ကြည့်လိုက်ရင် Carbon Credit ဆိုတာ တွေ့ရပါလိမ့်မယ်-
စိတ်ဝင်စားစရာကောင်းတဲ့ Carbon Credit.
နောက်တစ်ချက်က လူသားတွေကို ဒုက္ခပေးမည့် ဖန်လုံအိမ်ဓာတ်ငွေ့တွေ လျော့နည်းအောင် ကြိုးစားနေတဲ့တစ်ချိန်တည်းမှာ ဒီအငွေ့တွေ လျှော့ချကြအောင် မက်လုံးတွေပေးတဲ့ UNFCCC လက် အောက်ကနေ Kyoto Protocol တို့၊ Paris Agreement ကနေ Certified Emmission Reductions သဘောတူညီချက်တွေ လုပ်ကြပြီးတော့ American Carbon Registry အဖွဲ့၊ Climate Action Reserve တို့အကြီးအမှူးနဲ့ (အတိုချုပ်ပြောရ ရင်) တစ်ဦးချင်း (သို့)ကုမ္ပဏီတွေဟာ (Corp-orate Social Resposibility CSR) သဘောနဲ့ ကိုယ့်ရဲ့ (Gas Emmissio) ပေါ်မူတည်ပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုအပေါ်မှာ တာဝန်ယူတဲ့အနေနဲ့ (Carbon Credit) ဝယ်ယူရတာ ဖြစ်ပါတယ်။ ဒီကရတဲ့ငွေတွေကို Green Projects တွေ၊ Renewable Energy Projects မျိုးတွေကို ပြန်ထောက်ပံ့ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မိမိ (Brand Reputation) ကိုသော် လည်းကောင်း၊ ကုမ္ပဏီကိုသော် လည်းကောင်း အထိုက်အလျောက် အကာအကွယ် ဖြစ်စေပါတယ်။ ဒီတော့ Global Warming ကို တားဆီးဖို့ နိုင်ငံအသီးသီးက အားထုတ်မှုတွေဟာ ဘယ်အတိုင်းအတာအထိ အောင်မြင်သလဲဆိုတာ ဆန်းစစ်ကြည့် လိုက်ရင်-
ကမ္ဘာကြီးပူနွေးလာမှုမှ တားဆီးကာကွယ်ရေး
နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဝိုင်းဝန်းဆောင်ရွက်ကြရာမှာ အားရစရာ ကောင်းလောက်အောင် မအောင်မြင်ခဲ့ပေမယ့် Mixed Success လို့ ပြောရမှာ ဖြစ်ပါတယ်။ Paris Agreement(2015) မှာ ကမ္ဘာကြီးရဲ့ အပူချိန် တစ်စတစ်စ တက်လာမှာကို 1.5°C ထက် ပိုမတက်အောင် ထိန်းဖို့၊ ကြိုးစားဖို့ သဘောတူခဲ့ကြပါတယ်။ နိုင်ငံတွေကလည်း နိုင်ငံအလိုက် တတ်နိုင်သလောက် Nationally Determined Contributions ဆိုပြီး လုပ်ကြပါတယ်။ မြန်မာကို ဝေဖန်သူတွေက ဒီအချက်အပေါ်မှာ အားမရလို့ ပြောကြတာလား မသိပါဘူး။ နိုင်ငံပေါင်း ၇၀ ကျော်နဲ့ ကုမ္ပဏီ ၁၀၀၀ ကျော်တို့က ဒီရာစုနှစ်ဝက်လောက်မှာ Zero Emission Commitment ရအောင် လုပ်ကြဖို့၊ ကြိုးစားကြဖို့လည်း သဘောတူခဲ့ကြတာပါ။ ဒီကိစ္စက အပြောလွယ်သ လောက် အလုပ်က ခက်ပါတယ်။ နည်းပညာအရရော၊ ဓနအင်အားအရ သာမက 'အတ္တ'ဆိုတာ ပါနေတော့၊ အားထည့်ချင်ယောင်ဆောင်၊ Carbon Credit လေးဝယ်၊ Lobby အတွက် ငွေလေးထုတ်သုံးပြီး ရိုးသားချင်ယောင်ဆောင်မည့် ကမ္ဘာ့လူလည်ကြီးတွေက များနေတော့ ကျွန်တော်တို့လို နိုင်ငံငယ်လေးတွေအတွက် 'ဆုပ်လည်းစူး၊ စားလည်းရူး' ရမည့်ကိန်းတော့ ဆိုက်နေတာပါ။ မလုပ်တော့လည်း အပြစ်ပြောမယ်၊ လုပ်ပြန်တော့လည်း ငွေကုန်ကြေးကျကများ၊ ထိရောက်မှာက နှမ်းစေ့လောက် ကိုယ်လုပ်နိုင်တာက နည်းနည်း၊ နိုင်ငံကြီးတွေ လွှင့်ထုတ်လိုက်တဲ့ (Greenhouse Gas)က များများဆိုတော့ အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်ပါတယ်။ ဒါက Emmission Control အတွက်ပါ။ ဘယ်လောက်ပဲ ကြိုးစားနေသော် လည်း Emmission က နှစ်စဉ် ၁ ဒသမ ၁ ရာခိုင်နှုန်း တက်နေပါသေးတယ်။ အပူချိန်လည်း ၂ ဒသမ ၅ - ၂ ဒသမ ၈ °C လောက်ကို ၂၁၀၀ လောက်အထိ ထိန်းထားနိုင်အောင် ကြိုးစားလျက်ရှိပါတယ်။ Disaster Relief အတွက်ကတော့ ကိုယ်တတ်နိုင်သလောက်၊ ကိုယ့်အိုးနဲ့ ကိုယ့်ဆန် တန်ရုံနဲ့ 'တတ်နိုင်သလောက်'ပဲ လုပ်လို့ရမှာ ဖြစ်ပါတယ်။
ဒီအထဲမှာ အဆိုး၊ အကောင်းတွေကတော့ ရှိနေပါတယ်။ တတ်နိုင်သလောက်နိုင်ငံများက ကြိုးစားကြရာမှာ၊ Fossil Fuel (Coal, Oil and Gas) အသုံးဟာ ရာခိုင်နှုန်း ၈၀ ရှိနေပါသေးတယ်။ Climate Control အတွက်နိုင်ငံတွေက ကန်ဒေါ်လာ တစ်ဘီလီယံထည့်ဝင်ဖို့ ရည်မှန်းချက်ကလည်း စီးပွားရေး၊ နိုင်ငံရေး ဖိအားတွေကြောင့် မအောင်မြင်ခဲ့တာ တွေ့ရပါတယ်။ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲကြောင့် သစ်တောတွေပြုန်း၊ ဂေဟစနစ် (Eco System) တွေပျက်စီးပြီး တိရစ္ဆာန်တွေအများအပြား သေကျေပျက်စီးကြတာ၊ ရေနေသတ္တဝါတွေနဲ့ သန္တာကျောက်တန်းတွေ ပျက်စီးသွားတာ အလွန်နှမြောစရာ ကောင်းပါတယ်။ ဒါကြောင့် တစ်နိုင်ငံ၊ အစိုးရတစ်ရပ်ကိုပဲ လက်ညှိုးထိုး အပြစ်တင်နေမည့်အစား ကိုယ်ကျရာကဏ္ဍက အလိုက် သိသိနဲ့ ပါဝင်ထမ်းဆောင်ခြင်းကသာ အပေါင်းလက္ခဏာ ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အခုလို သဘာဝဘေးအန္တရာယ်တွေကို ဖိတ်ခေါ်နေတဲ့ Climate Change ဟာ အချိန်မီ ဖိဖိစီးစီး မလုပ်နိုင်ခဲ့ရင် လွယ်လွယ်နဲ့ ပြန်တည်ဆောက်လို့ မရနိုင်တဲ့အရာ (Irreversible Process) ဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့လိုပါတယ်။
(ဗညားအောင်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )