အရှင်အာနန္ဒာနှင့် တစ်မဂ်တစ်ဖိုလ် အင်္ဂုလိမာလနှင့် ဒေဝဒတ်တို့ရဲ့ ဇာတ်ပေါင်းခန်း

၂၀၂၄ စက်တင်ဘာ ၂၃

    ၂၀၂၄ သြဂုတ်လ နောက်ဆုံးပတ်မှာ 'ဥဒါန်းသစ်အက်ဆေးများ' စာအုပ်ကြော်ငြာကို လိုင်းပေါ် မှာ တွေ့လိုက်ရပါတယ်။ ဥဒါန်းသစ် စာပေမဂ္ဂဇင်းထဲက အက်ဆေးတွေကို စုစည်းထုတ်ဝေလိုက်ပုံရပါတယ်။ ဒီမှာဘက်ခေတ်မှာ စက္ကူဈေးနဲ့ အထွေထွေ အကျပ်အတည်းများကြောင့် မဂ္ဂဇင်းထုတ်ဝေမှုတွေ သရောကြီး ခိုင်းနေချိန်မှာ ၂၀၂၃ ဇွန်လကစပြီး ဥဒါန်းသစ် စာပေ အမှတ် မဂ္ဂဇင်းအမှတ်(၁) ကို ထုတ်ဝေနိုင်ခဲ့တာ တွေ့ရပါတယ်။ နောက်ပိုင်းမှာ အခက်အခဲတွေကြောင့် လစဉ်ပုံမှန် ထုတ်ဝေနိုင်ခြင်း မရှိဘဲ အလျဉ်းသင့်သလို ထုတ်ဝေလာတာ သတိထားမိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ် စေ၊ စာပေမဂ္ဂဇင်းတစ်စောင် ရှိနေသေးတာကိုတော့ ကျေးဇူးတင်ဖွယ် ဖြစ်တယ်လို့ ဆိုရမှာပါ။ ကျွန်တော့်ဆီမှာ မိတ်ဆွေ အယ်ဒီတာတစ်ယောက်က လက်ဆောင် ပေးထားတဲ့ ၂၀၂၃ ဇွန်လထုတ် ဥဒါန်းသစ် အမှတ်(၁) ရှိနေပါ တယ်။ မဂ္ဂဇင်းတစ်အုပ်လုံးတော့လည်း မဖတ်ဖြစ်ပါဘူး။
    အက်ဆေးအရေးကောင်းတဲ့ ဆရာမောင်ရင့် မာ(ကျောင်းကုန်း)ရဲ့ 'ဝင်းပတဲ့မျက်ရည်'ကို ဖတ်ကြည့်မိရာ အရှင်အာနန္ဒာနဲ့ ဆက်စပ်ရာအကြောင်း အရာများကို အောက်ပါအတိုင်း ရေးသားဖော်ပြ ထားတာ တွေ့ရပါတယ်။
    'ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း'သည် စာရေးဆရာကြီး ဝဏ္ဏသီရိ၏ အကောင်းဆုံး လက်ရာဖြစ်ပါသည်။ နှစ်ပေါင်း ၄၀ ကျော် အကြိမ်ကြိမ် ပြန်လည်ပုံနှိပ်ခဲ့ရပြီး နောင်လည်း နှစ်ကာလမည်မျှတိုင်အောင် စာအုပ်စင်များ၌ သရဖူဆောင်းနေလိမ့်မည်ကို မခန့်မှန်းနိုင်သည့် ဝတ္ထုကြီးဖြစ်ပါ သည်။ ဆရာပါရဂူ မြန်မာပြန်သည့် 'ဗုဒ္ဓဒိုင်ယာယီ'၏ မူရင်းစာရေးဆရာကြီးက ထိုစာအုပ်ကို ဗုဒ္ဓဘုရားရှင်၏ 'နေရာ'မှ ဝင်စား၍ ရေးသားခဲ့သည့်နည်းတူ ဆရာကြီး ဝဏ္ဏသီရိကလည်း ညီတော် အာနန္ဒာ၏ 'နေရာ'မှ ဝင်စား၍ ဝတ္ထုအဖြစ် ရေးသားသီဖွဲ့ခဲ့ခြင်း ဖြစ်ပါသည်။'
    'ဗုဒ္ဓ၏ တရားတော်များနှင့် စပ်လျဉ်း၍ ဧဝံ မေသုတံ၊ ကျွန်ုပ် ဤသို့ကြားခဲ့ရသည်ဟူသော စကားရပ်အစား 'ကျွန်ုပ်၏ နှလုံးကို ရွှင်ပြုံးစေတတ်၊ နှစ်သိမ့်စေ တတ်သော၊ အိုသူတော်ကောင်းတို့'ဟူသော အာလုပ် စကားကို 'ညီတော် အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း'တွင် တစ်ရံမလပ်ကြား ရပါသည်။ စာဖတ်သူကို တိုက်ရိုက်ဆက်သွယ်လိုက်သော ရှင်အာနန္ဒာ၏ ကြည်လင်သော အသံ၊ တစ်နည်းဆရာကြီး ဝဏ္ဏသီရိ၏ အိုင်ဒီယာပဲဖြစ်သည်။ ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်းတွင် ကျွန်တော်ဘဝင်မကျနိုင်သော အချက်တစ်ချက် ရှိခဲ့ပါသည်။ သူသည် ဘုရားရှင်၏ ညီဝမ်းကွဲတော်စပ်ပြီး ဘုရားရှင်၏ အနီးဆုံးတွင် ခစားလျက် ကိုယ်ရေးအရာရှိ(ဥပဋ္ဌာကအဖြစ်) အလုပ်အကျွေးပြုလျက် 'အရပ် တော်နောက်က အရိပ်'အဖြစ် အနွံအတာခံခဲ့ရသူ ဖြစ်သည်။
    'ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံ ချုပ်ငြိမ်းပြီးသည်အထိ ရှင်အာနန္ဒာသည် တစ်မဂ်တစ်ဖိုလ် မရနိုင်သေး။ မိမိအတွက်ဟူ၍ လွတ်မြောက်ရာကို မရှာနိုင်သေး။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် သင်္ဂါယနာတင်မည်ဆိုသောအခါတွင်မူ (သင်္ဂါယနာမတင်မီ ညတွင်မှ) ရဟန်းကိစ္စပြီးမြောက်အောင် အားထုတ် နိုင်ခဲ့သူ ဖြစ်သည်။' (စာ-၂၃၊ စာ-၂၄)
    အဲဒီမှာ ရှင်အာနန္ဒာရဲ့ ဓမ္မအဆင့်အတန်း သတ်မှတ်ချက်နဲ့ပတ်သက်လို့ ပြောစရာရှိလာပါတယ်။ ဆရာမောင်ရင့်မာ(ကျောင်းကုန်း)က ...'ဘုရားရှင် ပရိနိဗ္ဗာန်စံချုပ်ငြိမ်းပြီးသည်အထိ ရှင်အာနန္ဒာသည် တစ်မဂ်တစ်ဖိုလ် မရနိုင်သေး'လို့ ရေးခဲ့ပါတယ်။ တကယ်တော့ ရှင်အာနန္ဒာဟာ ရဟန်းပြုပြီး မကြာမီမှာပင် တစ်မဂ်တစ်ဖိုလ်ရခဲ့၊ သောတာပန်ဖြစ်ခဲ့တာပါ။ 'ညီတော် အာနန္ဒာ၏ တစ်သက်တာ မှတ်တမ်း' စာအုပ်ကြီးကိုရေးခဲ့တဲ့ ဆရာကြီး ဝဏ္ဏသီရိရဲ့ 'ထေရီထေရာ ရဟန္တာပုဂ္ဂိုလ် ကြိုးကြီးများ' စာအုပ်မှာ အောက်ပါအတိုင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။
    'ဘုရားရှင်သည် နေပြည်တော်သို့ ကြွရောက်၍ ပြုသင့်ပြုထိုက်သော ကိစ္စများဆောင်ရွက်ပြီး ပြန်ကြွတော်မူသောအခါ အာနန္ဒာမင်းသားလည်း အခြားသကျ ညီနောင်များနှင့်အတူ ရဟန်းပြုရန် လိုက်ပါလာ၏။ အရှင်အာနန္ဒာ၏ ဥပဇ္ဈာယ်ဆရာမှာ အရှင်ဗေလဋ္ဌသီလဖြစ်၏။ ဥပဇ္ဈာယ် ဆရာ၏ ထံတော်မှ ဝိနည်းတော်နှင့် လျောက်ပတ်စွာနေထိုင် ကျင့်သုံးနည်းတို့ကို ကျေပွန်စွာ သင်ယူလိုက်နာခဲ့ရ၏။ ထို့ပြင် ဝိပဿနာ ကမ္မာဋ္ဌာန်းနှင့် ပတ်သက်၍ အသိဉာဏ်အမြင်မှန် ရှေ့ထား၍ ဖြောင့်ဖြောင့် တန်းတန်းစီးဖြန်းနိုင်စေရန် မန္တာဏီပုဏ္ဏေးမ၏ သားဖြစ်သော အရှင်ပုဏ္ဏ၏ နည်းမှန်လမ်းကျ ညွှန်ပြချက်ကို နာခံရ၏။ အရှင်ပုဏ္ဏ၏ ညွှန်ပြချက်အတိုင်းလိုက် နာကျင့်သုံးသဖြင့် ရဟန်းပြု၍မကြာမီမှာပင် အရှင်အာနန္ဒာသည် သောတာပတ္တိိဖိုလ်သို့ ဆိုက်ရောက်လေသည်။'
    ၂၀၂၂ ဇူလိုင်လ စာပေလောက စာအုပ်တိုက်က စတုတ္ထအကြိမ်ထုတ် စာအုပ်ရဲ့ စာမျက်နှာ ၁၀၈ မှာ အဲဒီလို မှတ်တမ်းတင်ထားခဲ့ပါတယ်။ မောင်ရင့်မာ (ကျောင်းကုန်း)ရေးသလို ဘုရားရှင်ပရိနိဗ္ဗာန် စံဝင်ချိန်အထိ အရှင်အာနန္ဒဟာ တစ်မဂ်တစ်ဖိုလ် မရသေးဘူးဆိုတာ လုံးဝမဟုတ်ပါဘူး။ ရဟန်းပြုပြီး မကြာမီမှာပင် တစ်မဂ်တစ်ဖိုလ်ရခဲ့တာပါ။
    'သောတာပန်ပုဂ္ဂိုလ်ဖြစ်ပြီးနောက် အခြားရဟန်းများသည် အထက်မဂ်သုံးပါးအလို့ငှာ ဆက်လက်ကြိုးစားကြ၏။ အရှင်အာနန္ဒာကား မိမိ၏ ရဟန်းကိစ္စ ပြီးစီးရေးထက် ဘုရားရှင်ထံတော်ပါးဝယ် ရေပူရေချမ်းကမ်းလှမ်း၍ နေရခြင်းကို ပို၍လိုလားပါ၏။ ဘုရားရှင်အား လိုအပ်ရာပြုစုလုပ်ကျွေး နေရခြင်းကို ပို၍အလေးထား၏။ ထိုသို့နေထိုင်ရင်းက ဘုရားရှင်ဟောကြားတော်မူခဲ့သမျှသော ဒေသနာတော်များကို ထပ်မံဟောကြားရန် တောင်းပန်လျှောက်ထား၍ ကြားနာပြီးလျှင် မမေ့ပျောက်ရအောင် ထိန်းသိမ်းစောင့်ရှောက်၍ထား၏။ ထို့ပြင် အရှင်သာရိပုတ္တရာစသော အရှင်မြတ်ကြီးများထံမှလည်း ဘုရားဟော ဒေသနာတော်များကို တစ်ဆင့်အားဖြင့် ကြားနာ၍ မှတ်သားထား၏။ ထို့ကြောင့် သီတင်းသုံးဖော် သံဃာတော်များက အရှင်အာနန္ဒာအား 'ဓမ္မဘဏ္ဍာဂါရိက'ဟူသော ဘွဲ့ထူးဂုဏ်ထူးကို ပေးအပ်ကြ၏။ ဘုရားရှင်၏ တရားဒေသနာ ဘဏ္ဍာတော်တို့ကို မပျောက်မပျက်ရအောင် ထိန်းသိမ်းထားရာ ဘဏ္ဍာတိုက်ကြီးကို ကြီးစိုးရသူဟု အနက်အဓိပ္ပါယ်ရပေသည်။' (ဝဏ္ဏသီရိ၊ ဗောရီ ထေရာ၊ စာ-၁၀၈)
    ဒါ့ကြောင့် အရှင်အာနန္ဒာဟာ အကြားအမြင် များသော(ဗဟုသုတ)အရာတွင် ဧတဒဂ်(အသာ လွန်ဆုံး အထူးချွန်ဆုံး)၊ သတိကောင်းသော(သတိမန္တ)အရာတွင်လည်း ဧတဒဂ်၊ ဉာဏ်ပညာကြီး မားသော(ဂတိမန္တ)အရာတွင်လည်း ဧတဒဂ်၊ လုံ့လဝီရိယကြီးမားသော(စိတိမန္တ) အရာတွင်လည်း ဧတ ဒဂ်၊ ဘုရားရှင်အားပြုစုလုပ်ကျွေး သော(ဥပဋ္ဌာန)အရာတွင်လည်း ဧတဒဂ်ရခဲ့ပါတယ်။
    'ဤသာသနာတော်ကြီးတစ်ရပ်လုံးတွင် ဧတဒင်္ဂငါးတန်ပန်ဆင်ရသော ပုဂ္ဂိုလ်ဟူ၍ အရှင်အာနန္ဒာ တစ်ပါးတည်းသာရှိ၏။' (စာ-၁၁၂)
    လက်ျာတော်ရံ အရှင်သာရိပုတ္တရာ၊ လက်ဝဲတော်ရံ အရှင်မောဂ္ဂလာန်တို့လို အဂ္ဂသာဝကကြီးများပင် မရခဲ့သော ဧတဒင်္ဂငါးတန်ကို အရှင်အာနန္ဒာတစ်ပါးတည်းက သိမ်းကြုံးရယူသွားနိုင်တယ်ဆိုတာ သောတာပန်ဆိုတဲ့ တစ်မဂ်တစ်ဖိုလ်ကို ရှေးဦးအခြေခံအဖြစ်ရခဲ့ ပြီးဖြစ်လို့ပါပဲ။ အရေးကြီးတာက သောတာပန်တည်သွား ဖို့ပါပဲ။ သောတာပန်ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ အပါယ်လေးဘုံကို မသွားရတော့ဘဲ အထက်မဂ်များကို တက်လှမ်းပြီး ရဟန္တာဖြစ်ဖို့ (ရဟန်းကိစ္စပြီးဖို့) လမ်းပွင့်သွားပြီ မဟုတ်ပါလား။
    ဒါ့ကြောင့် ဆရာမောင်ရင့်မာ(ကျောင်းကုန်း) ရဲ့ 'ဘုရားရှင် ပရိနိဗ္ဗာန်ဝင်ခံချုပ်ငြိမ်းသည်အထိ ရှင်အာနန္ဒာသည် တစ်မဂ်တစ်ဖိုလ် မရနိုင်သေးပါ'ဆိုတဲ့အရေးအသားဟာ လုံးဝမှားယွင်းနေကြောင်း သိသာလှပါတယ်။ ဘုရားရှင်ရဲ့ သာသနာတော်မှာ ဧတဒင်္ဂငါးတန်ရထားတဲ့ အရှင်အာနန္ဒာလို အရှင်မြတ်ကြီးအပေါ်မှာ မှားယွင်းစွာ အကဲဖြတ်ရေးသားတာမျိုး လုံးဝမဖြစ်သင့်ဘူးလို့ ပြောချင်ပါတယ်။ မောင်ရင့်မာ(ကျောင်းကုန်း)ရဲ့ ကလောင်ခွဲလို့ဆိုတဲ့ ဆရာပြေလွင်မြင့်ရဲ့ စာတစ်ပုဒ်မှာလည်း ဗုဒ္ဓဝင်မှာထင်ရှားတဲ့ 'အင်္ဂုလိမာလ'နှင့် 'ဒေဝဒတ်'တို့ကို နိမိတ်ပုံတစ်ခုအဖြစ် ပြဆိုရေးသားထားတာ တွေ့ရပါတယ်။ သို့သော် အကြောင်းအရာ အချက်အလက်အားဖြင့် မှားနေတယ်လို့ ဆိုနိုင်စရာရှိလာပါတယ်။
    ၂၀၁၆ ဖေဖော်ဝါရီမှာ ဝန်ချတောင်စာပေက ပထမအကြိမ်ပုံနှိပ်ထုတ်ဝေခဲ့တဲ့ 'ကျန်စစ်သား ငါ့ကိုခိုးသည်' (တရားစီရင်ရေးအတွေးအမြင်)စာအုပ်မှာ 'အင်္ဂုလိမာလကား သင်၊ ဒေဝဒတ်ကား ကျွန်ုပ်' ဆိုတဲ့ စာတစ်ပုဒ်ကို ဖော်ပြထားပါတယ်။ တိုင်းဒေသကြီးတစ်ခုမှာ အာဏာပါဝါကြီးလှတဲ့ လူကြီးတစ်ယောက်ရဲ့ ဇောက်တိဇောက်ထိုး ဇာတ်လမ်းတစ်ပုဒ်မှာ အင်္ဂုလိမာလနဲ့ ဒေဝဒတ်နိမိတ်ပုံကို သုံးထား တာ ဖြစ်ပါတယ်။ အဲဒီလူကြီးက တရားသူကြီးတွေ၊ ဥပဒေအရာရှိ၊ ရဲအရာရှိတွေ၊ အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူဆင့်ဆိုပြီးတော့ ပုံပြင်တစ်ပုဒ် ပြောသတဲ့။
    'တစ်ခါတုန်းက သူငယ်ချင်းနှစ်ယောက်ရှိတယ်။ တစ်ယောက်က တရားသူကြီးတဲ့၊ သူငယ်ချင်းက အဲဒီတရားသူကြီးရဲ့ ရုံးမှာအမှုဖြစ်တယ်။ အဲဒီတရားသူကြီးက သူ့သူငယ်ချင်းကို အမှုနိုင်ချင်ရင် ငွေဘယ် လောက်ပေးဆိုပြီး လာဘ်တောင်းသတဲ့၊ အမှုသည် သူငယ်ချင်းက တရာသူကြီးတောင်းတဲ့ လာဘ်ငွေကို ပေးရသတဲ့၊ ပေးလိုက်ရပေမယ့် လုံးဝစေတနာမရှိဘူးတဲ့' (စာ-၁၁၆)
    'တရားသူကြီးက သူရလာတဲ့လာဘ်နဲ့ သူ့မိဘကို လုပ်ကျွေးရတာ၊ အဲဒီ မသန့်ရှင်းတဲ့၊ မစင်ကြယ်တဲ့ လုပ်ကျွေးသမှုကို မိဘတွေ လက်ခံစားသုံးမိကြတယ်ပဲ ဆိုကြပါစို့ရဲ့'
    တရားသူကြီးရဲ့ မိဘနှစ်ပါးဟာ သေလွန်ပြီးနောက် အမှုသည် သူငယ်ချင်းရဲ့ အိမ်မှာ နွားသွားဖြစ်သတဲ့။ အမှုသည်ဟောင်းကြီးကလည်း အဲဒီနွားတွေကို ရိုက်ပါလေရော၊ တစ်ညကျတော့ သူ့ကို အိပ်မက်ပေး တယ်တဲ့။ သူတို့ဟာ တရားသူကြီးရဲ့ အမိအဖဖြစ်ကြောင်း၊ သူ့သားတရားသူကြီးက သူငယ်ချင်းရဲ့ မသဒ္ဓါရေစာပေးတဲ့ လာဘ်လာဘကိုလက်ခံပြီး လုပ်ကျွေးသမှုပြုတာကို စားသုံးမိလို့ သူ့အိမ်မှာ နွားလာဖြစ်ရတာပါ။ နောက်ကို နာကျင်အောင် မရိုက်ပါနဲ့၊ မနှက်ပါနဲ့လို့ ငိုယိုတောင်းပန် သတဲ့' (စာ-၁၁၇-ရှု)
    ဒီပုံပြင်ဟာ အာဏာပါဝါကြီးတဲ့ လူကြီးက တရားသူကြီးတွေ အများကြီးကို ဆင့်ခေါပြီးပြောပြတဲ့ ပုံပြင်လို့ ဆိုပါတယ်။ အတော်ရက်စက်တဲ့ ပုံပြင်လို့လည်း မှတ်ချက်ချထားပါတယ်။ ဒီလူကြီးက ဒီပုံပြင် ပြောပြီးဗလာ ချီခွပ်တာ အကြောင်းရှိတယ်လို့ ဆိုပါတယ်။
    'သူ့ပိုင်နက်ထဲက မြို့တစ်မြို့မှာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ပေးနေတဲ့ ခါးပိုက်ဆောင် ငနဲတစ်ယောက်ရဲ့ အမှုရှိတယ်။ အဲဒီငနဲရဲ့အမှုကို တရားသူကြီးက အရှုံးပေးလိုက်လို့တဲ့၊ အဲဒါကို မကျေနပ်တဲ့အတွက် ဒီလူကြီး ဒီလိုခေါ်ပြီး စော်ကားမယ်ဆိုတာ တရားသူကြီးတွေလည်း သိကြသတဲ့၊ ငါးရာ့ငါးဆယ် နိပါတ်တော်တွေမှာလို အင်္ဂုလိမာလကား သင်၊ ဒေဝဒတ်ကား ကျွန်ုပ်ဆိုတာလို ဖြစ်နေပါပကောလားလို့ မှတ်ချက် ပြုထားပါတယ်။ (စာ-၁၁၁-ရှု)
    'အဲဒီလိုလူတကာကို အပြစ်ပြောပြီး အသံ ကောင်းဟစ်နေတဲ့ လူတွေဟာ သူတို့တရားဝင်ရတဲ့ လုပ်ခလစာနဲ့ ခုလို ချမ်းသာလာတာပါလို့ မကျိန်ရဲတဲ့ လူတွေ၊ ခိုးစား၊ တိုက်စား၊ လုစားတဲ့ ဆိုမာလီ ဓားပြလိုလူတွေ၊ သူတို့ ဘယ်လိုချမ်းသာလာခဲ့တာပါလို့ အမှန်အတိုင်း မပြောရဲတဲ့လူတွေ၊ ဘုရား လက်ထက်က ခိုးသားငါး ရာဆိုတာ သူတို့လောက် မချမ်းသာဘူး၊ ဌာနအဖွဲ့အစည်း တစ်ခုလုံးကို အဒီလို မှိုချိုးမျှစ်ချိုး ပိုးစိုးပက်စက်ပြောပြီး မိုးကောင်းကင်ကလာတဲ့ လေမျိုးနဲ့ အော်လံလေကျယ် လုပ်နေတဲ့သူတွေ သူဆင်းရဲတစ်ယောက်မှမရှိဘူး။ တိုက်နဲ့ကားနဲ့ နန်းတော်လိုခမ်းနားတဲ့ အိမ်ကြီး တွေနဲ့'လို့ ထောက်ပြထားပါတယ်။ 'ခေတ်တစ်ခေတ်မှာ ခေတ်ရဲ့ သားကောင်ဆိုတာရှိသလို ခေတ်ရဲ့ မုဆိုးလည်းရှိတယ်။ ကံမကောင်းတဲ့သူတွေက သားကောင်ဖြစ်ရတယ်။ မဝမလင်စားသောက်ရပေမယ့်လည်း လက်ညှိုးထိုးခံကြရတယ်။ ခေတ်မုဆိုးတစ်သိုက်ကတော့ ကျိကျိ တက်ချမ်းသာအောင်လည်း စားရတယ်။ အဲဒါကို ဖုံးကွယ်ချင်တော့ သားကောင်ကို လက်ညှိုးတထိုးထိုးနဲ့ ...'လို့ သုံးသပ် ထားပါ တယ်။ (စာ-၁၁၉-ရှု)
    ဟိုတုန်းက အမှုတစ်ခုကိုလည်း သာဓက ဆောင်ထားပါတယ်။
    'အမှုသည်က ခေတ်ရေစီးမှာ စုန်မျောပြီးရတဲ့ နည်းနဲ့ အစီးအပွားရှာခဲ့သူ တစ်ယောက်ပေါ့။ တစ်နေ့တော့ သူ့ကို ခိုးထုပ်ခိုးထည်နဲ့ မိတယ်။ သူ့အပြစ်ကို ခွင့်လွှတ်မလား၊ တရားစွဲမလားဆိုတာကို သူခိုးထားတဲ့ သယံဇာတပစ္စည်းတွေနဲ့ အဓိကသက်ဆိုင်တဲ့ ဌာနရဲ့ အကြီးအကဲတစ်ယောက်က ဆုံး ဖြတ်ရမှာ။ တရားစွဲ အရေးယူတာကို မခံချင်ရင် သူ့အိမ်ကြီးနားက ရေကူးကန်ပါတဲ့အိမ်ကို ဝယ်ပေးရမယ်လို့ ဆုံးဖြတ်မယ့်လူကြီးက ပြောသတဲ့။
    အမှုသည်ကလည်း သဘောတူပါတယ်။ ဖြစ် ချင်တော့ အိမ်ပိုင်ရှင်က ဘယ်လိုမှ မရောင်းဘူး။ အမှုသည်က အခြားအိမ်ကို ဝယ်ပေးပါမယ်ဆိုတာကိုလည်း လူကြီးက လက်မခံဘူးတဲ့။ အဲဒီ ရေကူးကန်နဲ့ အိမ်ကိုမှမရရင် ဘယ်အိမ်ကိုမှ လက်မခံဘူးတဲ့။ ရေကူးကန်ပါတဲ့ အိမ်ကြီးကို ဝယ်မရတော့ ဟိုလူ တရားစွဲခံရတယ်။ တရားရုံးက ထောင်ချပစ်လိုက်တာပေါ့'
    အဲဒီမှာ ဇာတ်ပေါင်းသော် ...တရားသူကြီးတွေကို ဆင့်ခေါ်ပြီး သူငယ်ချင်းအမှုသည်ဆီက လာဘ်စားတဲ့ တရားသူကြီး သူ့မိဘနှစ်ပါးအမှုသည် သူငယ် ချင်းအိမ်မှာ နွားဖြစ်သွားပုံတွေ ပြောတဲ့လူ ကြီးနဲ့ အခု ရေကူးကန်ပါတဲ့အိမ်ကိုမရလို့ အမှုသည်ကို တရားရုံးပို့ ပြီး ထောင်ကျစေခဲ့တဲ့ လူကြီးဟာ တစ်ယောက်တည်းဖြစ် တယ်လို့ မြင်လာအောင် ဆရာပြေလွင်မြင့်က လိမ္မာပါးနပ်စွာ ရေးသားတင်ပြ သွားပါတယ်။ အဲဒီမှာ ဇာတ်ပေါင်းသော် အင်္ဂုလိမာလကား သင်၊ ဒေဝဒတ်ကား ကျွန်ုပ်ဆိုတာလို ဖြစ်နေပါပကောလားလို့ နိတ်ပုံပြုပြီး နိဂုံးချုပ် လိုက်ပါတယ်။ အင်္ဂုလိမာလနဲ့ဒေဝဒတ် နိမိတ်ပုံက လမ်းဘေးကလူတွေမဟုတ်၊ တရုံးရောက် အမှုသည်တွေ မဟုတ်၊ ဗုဒ္ဓဝင်မှာ အလွန်ထင်ရှားသူတွေ ဖြစ်နေပါတယ်။
    ပြေလွင်မြင့်ရေးတဲ့အတိုင်းဆိုရင် အင်္ဂုလိမာလနဲ့ ဒေဝဒတ်တို့ဟာ ဘဝများစွာ သံသရာက ဆုံတွေ့ ခဲ့ဖူးကြသလိုလို၊ ဒီဘ၀ အန္တိမဘဝမှာပဲ ပြန်ဆုံကြသလိုလို ဖြစ်နေပါတယ်။ တကယ်တော့ အင်္ဂုလိမာလနဲ့ ဒေဝဒတ်တို့ဟာ ဘုရားရှင်ရဲ့ သာသနာမှာ တစ်လမ်းစီသွားခဲ့ကြတာဖြစ်ပြီး အတိတ်ဘဝတွေမှာရော၊ နောက်ဆုံးဘဝမှာပါ ယောင်လို့တောင် မဆုံစည်းခဲ့ကြပါဘူး။ ဆရာကြီး ဝဏ္ဏသီရိရဲ့ 'ထေရီထေရာ ရဟန္တာပုဂ္ဂိုလ်ကြီးများ' စာအုပ်ထဲက 'အရှင်အင်္ဂုလိမာလ' အကြောင်းမှာလည်း အတိတ်ဘဝတွေမှာရော နောက်ဆုံးဘဝမှာပါ ဒေဝဒတ်နဲ့ တွေ့ဆုံဖူးခဲ့ကြောင်း လုံးဝမပါရှိပါ။ ၁၉၉၁ စက်တင်ဘာလမှာ ပါရမီစာပေက ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ဆရာကြီးဦးရွှေအောင်ရဲ့ 'ဓမ္မပဒ၊ ယမက ဝဂ်နှင့်ထေရဝါဒအုတ်မြစ်' စာအုပ်မှာ ဒေဝဒတ္ထ(ဒေဝဒတ်) အကြောင်း ပ၊ ဒု၊ တ ဆိုပြီး သုံးပုဒ်ဆက်ရေးသားဖော်ပြ ထားရာမှာလည်း အင်္ဂုလိမာလနှင့် ဒေဝဒတ်တို့ဟာ ရှေး ဘဝတွေမှာလည်း မဆုံစည်းခဲ့၊ နောက်ဆုံးဘဝမှာလည်း မတွေ့ဆုံခဲ့ဘူးလို့ ဖတ်မှတ်ခဲ့ရပါတယ်။
    သို့ပါလျက် ဇာတ်ပေါင်းသော် 'အင်္ဂုလိမာလ ကားသင်၊ ဒေဝဒတ်ကား ကျွန်ုပ်'လို့ ရေးလိုက်ပုံဟာ အင်္ဂုလိမာလနဲ့ ဒေဝဒတ်တို့ အတိတ်ရှေးဘဝမှာ တွေ့ဆုံကာ ဇာတ်လမ်းဖြစ်ခဲ့ဖူးသလို အဓိပ္ပါယ်ပေါက် နေပါတယ်။ ရှေးက မဆုံမကြုံဖူးဘဲနဲ့ ဒီဘဝမှာ 'ဇာတ်ပေါင်းသော်' လုပ်လို့မရပါဘူး။ ဗုဒ္ဓဘုရား အလောင်းတော်နှင့် ဒေဝဒတ်အလောင်းလျာတို့ကတော့ ရှေးက အတိတ်ဘ၀ အတော်များများမှာ ဆုံတွေ့ခဲ့ကြဖူးပါတယ်။ ဆုံတွေ့တိုင်းမှာ ဒေဝဒတ်လောင်းက ဘုရားလောင်းကို ယုတ်မာကောက်ကျစ်စွာ ဒုက္ခပေးခဲ့တာချည်းပါပဲ။ အများသိကြတဲ့ 'ရွဲကုန်သည်' ဇာတ်မှာ ဒေဝဒတ်လောင်းက မိုက်မဲပြီး လောဘကြီးတဲ့ ရွဲကုန်သည်၊ ဘုရားလောင်းက ပညာရှိရွဲကုန်သည်အဖြစ် တွေ့မြင်ခဲ့ကြရပါတယ်။ ၁၉၈၅ မေလမှာ နဝရတ်စာပေက ပဉ္စမအကြိမ်ထုတ်ဝေခဲ့တဲ့ ဆရာကြီးဦးမြင့်ဆွေ(မဟာဝိဇ္ဇာ-လန်ဒန်) ရဲ့ 'ဇာတ်တော် ငါးရာ့ငါးဆယ်' စာအုပ်ကြီးမှာ 'မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌နေစဉ် ဝီရိယလျော့သောရဟန်းတစ်ပါးကို အကြောင်းပြု၍ ဤဇာတ်ကိုဟော၏။ ဇာတ်ပေါင်း-ဒေဝဒတ် ရွဲကုန်သည်မိုက်၊ ဘုရား- ပညာရှိ ရွဲကုန်သည်လို့ အနှစ်ချုပ်ဖော်ပြပေးထားပါတယ်။ (စာ-၂၉-ရှု)
    အသမ္ပဒါနဇာတ်မှာ ...စီးပွားပျက်လာတဲ့ ပီဠိယသူဌေးကို သင်္ခသူဌေးက မိတ်ဆွေကောင်း ပီသစွာ စည်းစိမ်ဥစ္စာတွေပေးပြီး ကျေးဇူးပြုခဲ့ပါတယ်။ သင်္ခသူဌေး စီးပွားပျက်သွားချိန်မှာ ပီဠိယသူဌေးဆီမှာ တစ်လှည့်တစ်ဖန်ဆိုသလို အကူအညီပြန်တောင်းရာ ပီဠိယသူဌေးက ...]ငါ့အိမ်ကို နောက်မ လာခဲ့နဲ့'ဆိုပြီး ဖွဲတစ်ပြည်သာ ပေးလိုက်ပါသတဲ့။ (မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌နေစဉ် ကျေးဇူးမသိတတ်သော ဒေဝဒတ်ကို အကြောင်းပြု၍ ဤဇာတ်ကိုဟော၏။ ဇာတ်ပေါင်း-ဒေဝဒတ်-ပီဠိယသူဌေး၊ ဘုရား-သင်္ခသူဌေး) (ဦးမြင့်ဆွေ၊ စာ-၁၄၃)
    ဒေဝဒတ်နှင့် ဘုရားအလောင်းတို့ရဲ့ အခြားဇာတ်ကြောင်းများ ရှိပါသေးတယ်။ ရှည်မှာစိုးလို့ ထုတ်မပြတော့ပါ။ ပြောချင်တာက ရှေးဘဝတွေက ဇာတ်လမ်းရှိမှသာ ဒီဘဝမှာ ဇာတ်ပေါင်းပေး လို့ရတယ်ဆိုတာပါပဲ။ ဆရာပြေလွင်မြင့်က 'အင်္ဂုလိမာလကား သင်၊ ဒေဝဒတ်ကား ကျွန်ုပ်'လို့ မဆီမဆိုင်ဇာတ်ပေါင်းပေးလိုက်တာကတော့ ဗုဒ္ဓစာပေမှာ တကယ်မရှိတဲ့ ဇာတ်လမ်းကို ရမ်းရမ်းကား ကား ရေးလိုက်တာ ဖြစ်ပါတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ ဗုဒ္ဓစာပေကို တန်ဖိုးမဲ့အောင် လုပ်လိုက်သလိုဖြစ်နေပါတယ်။
မြတ်ဘုန်းသစ်

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 354

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43369

© 2022 - 2025 News. All Rights Reserved.