၂၀၂၃ အောက်တိုဘာ ၁၆
မကွေးမြို့ မြသလွန်စေတီတော် စောင်းတန်းနှင့် မုခ်ဦးတို့ကို အကြီးစားမြန်မာမှု ပြင်ဆင်လျက်ရှိပြီး အောက်တိုဘာလ ၁၄ ရက်မှ စတင်ကာ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ဆိုင်ခန်းပေါင်း ငါးရာကျော်ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်ကြောင်း မြသလွန် ဂေါပကအဖွဲ့မှ သိရသည်။
ကိုဗစ်ကပ်ရောဂါကြောင့် မကွေးမြို့မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ကြီးကို မကျင်းပနိုင်ခဲ့ သည်မှာ သုံးနှစ်ကြာ မြင့်ခဲ့ပြီဖြစ်ပြီး ယခုအခါ ပြန်လည်ကျင်းပနိုင် ခြင်းဖြစ်ကြောင်း မြသလွန် ဂေါပကအဖွဲ့ဝင် ဦးအောင်ဆန်းက ပြောသည်။
"ကျွန်တော်တို့ လုပ်ရိုးလုပ်စဉ် အတိုင်းပါပဲ၊ နှစ်စဉ်နှစ်တိုင်း လုပ်သလိုပါပဲ ၂၀၁၉ အထိကတော့ ဟိုဘက်ကတော့ ခြိမ့် ခြိမ့်သဲ ကျင်းပခဲ့တာပေါ့ခင်ဗျာ။ ဒီဘက်ကျတော့ ကိုဗစ်ဖြစ်တော့ မလုပ်နိုင်ခဲ့ဘူး။ ဗုဒ္ဓ ပူဇနိယ ပွဲတော်အနေနဲ့ကတော့ ဘုရားကို ဆွမ်းကပ်တာတွေ၊ ပန်းကပ်တာတွေ၊ ရေချမ်းကပ်လှူတာတွေ၊ သစ်သီးကပ်တာတွေ မြို့ပေါ်ရှိ သံဃာအကုန်ပေါ့နော်။ မြို့လုံးကျွတ်သံဃာတွေ ဆွမ်းဆန်စိမ်း လောင်းလှူ တာတွေ၊ အဲဒါတွေကတော့ လုပ်ရိုးလုပ်စဉ်အတိုင်း ဗုဒ္ဓပူဇနိယပွဲတော်လုပ်တာပါ။ ဗုဒ္ဓပူဇနိယ ပွဲတော်မကျင်းပနိုင်ခဲ့တာက ၂၀၁၉ ခုနှစ်ကဆိုတော့ သုံးနှစ်တော့ရှိပြီ။ ဒီနှစ်က လွန်ခဲ့သော နှစ်များကလိုတော့ မဖြစ်နိုင်ဘူး။ ၂၀၁၉ တုန်းကဆိုရင် ဆိုင်ခန်း ပေါင်းက ၁၀၈၀ ရှိခဲ့တယ်။ အခုလက်ရှိက ဆိုင်ခန်းက ၅၅၀ ရှိပါတယ်။ စာရင်းပေးသွင်း ချင်ရင်တော့ လမ်းမတန်းကတော့ ကုန်သွားပြီ။ ပျံကျနေရာတွေပဲ ရတော့မယ်။ ဖျော်ဖြေ ရေးကတော့ စတိတ်ရှိုး အဆင့်လောက်ပဲ ပါ တော့မယ်။
အရင်တုန်းကတော့ ဇာတ်တွေနဲ့ ဖိုးချစ်၊ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်း၊ စွမ်းဇာနည်တို့ ၂၀၁၉ အထိတော့ ပါခဲ့တယ်။ အခု လက်ရှိကတော့ မပါနိုင်တော့ဘူး။ အချိန်ကလည်း ည ၉ နာရီပဲ ပေးထားတာ။ အဲဒါကြောင့် အဆိုတော်ဆိုရင် မြို့ခံ အဆိုတော်နဲ့ တီးဝိုင်းလောက်ပဲပါမယ်။ ကျွန်တော်တို့ လက်ရှိကတော့ ပြင်ဆင်တာပေါ့။ မြန်မာမှု အကြီးစားပြင်ဆင်တာ သိန်း ၁၈၀ ရှိတယ်။ စောင်းတန်းကြီးရှေ့မှာ မြန်မာမှုတွေပြင်နေတယ်။ အဲဒါရော မုခ်ဦးရောပေါ့။ အကြီးစားပြင်ဆင်မှု တွေ ရှိပါတယ်။ ကုန်ကျစရိတ်က စောင်းတန်းရှေ့က သိန်း ၄၈၀ ပါ။ ရုံးဆောင်ကတော့ ၁၀၈ သိန်းပါ။ ရှေ့က ထပ်တိုးသွပ်မိုးတွေကတော့ စာချုပ်တော့ မချုပ်ရသေးဘူး။ လုပ်ဖို့ အစီအစဉ်တော့ရှိ တယ်။ စုစုပေါင်း ကုန်ကျစရိတ်က သိန်း ၆၀၀ လောက်တော့ ခန့်မှန်းတယ်။ အလှူ ရှင်တွေအနေနဲ့ တတ်နိုင်သလောက် လှူဒါန်းပါလို့ တိုက်တွန်းနှိုးဆော်ပါတယ်"ဟု ၎င်းက ပြောသည်။
မကွေးမြို့ မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ယခုလ အောက် တိုဘာ၂၄ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရှေးယခင်က မြသလွန်ဘုရားပွဲ တွင် မြန်မာ့ရိုးရာ အစားအစာ၊ လူသုံးကုန်နှင့် ဈေးဆိုင်ခန်းပေါင်း ၁၀၀၀ ကျော် ရောင်းချ လေ့ရှိပြီး ရိုးရာခြင်းအလှခတ်ပွဲ၊ ဇာတ်ပွဲနှင့် ပြိုင်ပွဲများ ထည့်သွင်းကျင်းပလေ့ရှိကြောင်း သိရသည်။
မြသလွန်စေတီတော်သည် မကွေး မြို့ အနောက်မြောက်ဘက်အစွန် ဧရာဝတီ မြစ်ဘေး တောင်ကုန်းပေါ်တွင် တည်ရှိပြီး မြန်မာနိုင်ငံရှိ တန်ခိုးကြီး စေတီတော်များထဲ တွင် တစ်ဆူအပါအဝင် ဖြစ်သည်။