ရန်ကုန်၊ ဇွန် ၄
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်ဒေသ ကော်ဖီစီမံကိန်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းမြေနှင့်သစ်တော မြေများအတွင်း ကော်ဖီစီမံကိန်းမြေများ ဖော်ဆောင်ခွင့်ပြုထားရာ ယင်းတွင် ရောင်းခွန်ပေးဆောင်ရန် လူပုဂ္ဂိုလ် ၅၅ ဦး ကျန်ရှိနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။
အဆိုပါ နေရာများတွင် ကော်ဖီစိုက်ပျိုးလုပ်ကိုင်ခွင့်အား စာချုပ်ပါစည်းကမ်း သတ်မှတ်ချက်နှင့်အညီ စာချုပ်ချုပ်ဆို၍ ခွင့်ပြုပေးခဲ့ရာ အချို့သော လုပ်ငန်းရှင်များသည် မိမိသဘောဆန္ဒအလျောက် ရောင်းချခြင်း၊ ဝယ်ယူခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ကော်ဖီစိုက်ပျိုးရေး လုပ်ငန်း အရှိန်မတန့်စေရေး ရည်ရွယ်ကာ အထူးကိစ္စတစ်ရပ်အနေဖြင့် ရောင်းခွန်၊ဝယ် ခွန်ပေးဆောင်ခြင်းအား ခွင့်ပြုကြောင်း သ တင်းစာများတွင် ထည့်သွင်းကြေညာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ဖော်ပြပါ ပုဂ္ဂိုလ်များသည် ပြင်ဦးလွင် ကော်ဖီစီမံကိန်း ကြီးကြပ် ရေးအဖွဲ့၏ စိစစ်တင် ပြချက်အရ ယခုအချိန် ထိတိုင်အောင် သတ်မှတ်ရောင်းခွန်များအား တာဝန်မဲ့စွာဖြင့် ပေးဆောင်မှုမရှိသည်ကို စိစစ်တွေ့ရှိရကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ရောင်းခွန်ပေးဆောင်ရန် ကျန်ရှိသူများအနေဖြင့် ဇွန် ၁၃ ရက် နောက်ဆုံးထား၍ ရောင်းခွန်ပေးဆောင်ကြ ရန်နှင့် ပေးဆောင်မှု မရှိပါက မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ သက်မှူး