ကျန်းမာရေး၊ ပညာရေး အရေးကြီး အရေးပေါ်ကိစ္စဖြင့် နိုင်ငံခြားသို့ သွားရောက်လို သူများ Green Channel  အစီအစဉ်ဖြင့် လျှောက်ထားနိုင်

စက်တင်ဘာ၊ ၁၇
    ကျန်းမာရေး၊ ပညာရေး အရေးကြီး အရေးပေါ်ကိစ္စဖြင့် နိုင်ငံခြားသို့ သွားရောက်လိုသူများ Green Channel အစီအစဉ်ဖြင့် လွယ်ကူချောမွေ့စွာ လျှောက်ထားနိုင်ကြောင်း နေပြည်တော် မြန်မာနိုင်ငံကူးလက်မှတ် Passport ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
    "အရေးကြီးကိစ္စနဲ့ နိုင်ငံခြားကို အမှန်တကယ် သွားရောက်လိုသူတွေဟာ စာရွက်စာတမ်း အထောက်အထား ပြည့်စုံမှန်ကန်စွာနဲ့ Green Channel အစီအစဉ်နဲ့ လျှောက်ထားလို့ရပါတယ်။ လတ်တလောမှာ မသိနားမလည်တဲ့သူတွေကို အခွင့်ကောင်းယူပြီးတော့ ပွဲစားတွေက ငွေကြေးအဆမ တန်တောင်းခံပြီး လိမ်လည်လုပ်ဆောင်နေတာတွေလည်း ရှိပါတယ်။ အထူးသတိထား ကြဖို့ လိုပါတယ်။ မသိနားမလည်ရင် လူကိုယ်တိုင် လာရောက်မေးမြန်းနိုင်သလို ဆက်သွယ်မေးမြန်းလို့လည်း ရပါတယ်"ဟု ၎င်းကပြောသည်။ 
    Green Channel အစီအစဉ်ဖြင့် Passport လျှောက်ထားရာတွင် လွယ်ကူချောမွေ့ပြီး အခက်အခဲမရှိကြောင်း ရန်ကုန်မြို့မှ နေပြည်တော် Passport ရုံးတွင် လာရောက်လျှောက်ထားသူတစ်ဦးက ပြော သည်။ 
    "ကျန်းမာရေးအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုသွားပြီး ဆေးကုသဖို့ လာလျှောက်တာပါ။ Green Channel နဲ့လျှောက်လို့ရတယ်ဆိုတာကို ဒီရုံးမှာပဲလာပြီး စုံစမ်း မေးမြန်းပြီး လျှောက်လိုက်တာပါ။ စာရွက်စာတမ်းကတော့ ဆေးရုံတက်တဲ့ လက်မှတ်၊ ခံစားနေရတဲ့ ဘာရောဂါဆိုတဲ့ဟာရယ်၊ ဆေးကုသပေးတဲ့ ဆရာဝန်ကြီးရဲ့ ဆေးမှတ်တမ်းမှတ်ချက်ပေါ့။ ပြီးရင် ကျွန်မက ဘန်ကောက်ကို ဆေးသွားကုမှာ ဖြစ်တဲ့အတွက်ကြောင့် ဘန်ကောက်ဆေးရုံကနေ ဆေးစာလက်မှတ် သူတို့ဆီမှာလာကုမယ့်အကြောင်း ဆေးစာပါတယ်။ ထုံးစံအတိုင်းမှတ်ပုံတင်တို့၊ သန်းခေါင်စာရင်းတို့၊ Smart Card  တို့၊ Passport အဟောင်းတို့၊ ဆေးကုသထားတဲ့ စာရွက်စာတမ်းတွေ အကုန်လုံးနဲ့ လျှောက်ပါတယ်။ နေပြည်တော်ကို လျှောက်တာပါ။ နေပြည်တော် ဌာနမှူးရုံးကနေ ဖုန်းဆက်တယ်။ Passport ရုံးကနေ Green Channel နဲ့ ဆက်လျှောက်လို့ရပါပြီဆိုတဲ့အကြောင်းကို နေပြည်တော်ရုံးကနေ ဖုန်းဆက်ပေးပါတယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေ အားလုံးကို အမြန်ချောနဲ့ ပို့လိုက်ပါတယ်။ နေပြည်တော်ကနေ အကြောင်းကြားတာက တစ်ပတ်အတွင်း အကြောင်းကြားတယ်။ Green Channel  နဲ့ လျှောက်တာက ဘာမှ အခက်အခဲမရှိဘူး။ ဒီကဝန်ထမ်းတွေက ကူညီကြတယ်။ လိုအပ်တဲ့ဟာတွေကိုလည်း လမ်းညွှန်ပြော ပြပေးတယ်။ ဘာလုပ်ရမယ်။ ဘယ်ဌာနကိုသွားရမယ်ဆိုတာ အာလုံးကူညီပေးတဲ့အတွက် လွယ်လွယ်ကူကူ ချောချောမွေ့မွေ့နဲ့ ပြီးသွားပါပြီ။ နိုင်ငံခြားကို ဆေးကုသမှုခံယူဖို့ပဲဖြစ်ဖြစ်၊ အခြားအ ကြောင်းတစ်ခုခုနဲ့ဖြစ်ဖြစ် နိုင်ငံခြားကိုသွားဖို့ လိုအပ်လာပြီဆိုရင် Green Channel က နေလျှောက်ရင် ပိုပြီးမြန်တယ်။ အဆင်လည်းပြေတယ်။ လာလျှောက်ဖို့လည်း တိုက်တွန်းချင်ပါတယ်။ ဝက်ဘ်ဆိုဒ် ကတော့ passport.gov.mm လို့နားလည်ပါတယ်။ သိချင်တာတွေလည်း စုံစမ်းမေးမြန်းလို့ရပါတယ်"ဟု ၎င်းကပြောသည်။
    မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားလိုပါက ရန်ကုန်မြို့ ရုံးအပါအဝင် တိုင်းနှင့်ပြည်နယ်ရှိ ရုံးခွဲ ၁၉ ရုံးတွင် နေ့စဉ် သတ်မှတ်အရေအတွက်များအတိုင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 
    Passport လျှောက်ထားရာတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီမှစ၍ Online Boo -king wif Appointment Date ရယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  ကွန်းဈာန်

Total Views ~ 149

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43465

© 2022 - 2025 News. All Rights Reserved.