ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် NCA အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက် သွားရမည်ဟု ယုံကြည်ပါကြောင်း KNU ဥက္ကဋ္ဌ ဟောင်း စောမူတူးစေးဖိုး ပြော

၂၀၂၃ ၊ အောက်တိုဘာ ၃

ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် NCA အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက် သွားရမည်ဟု မိမိအနေဖြင့်ယုံကြည်ကြောင်း ကရင်တိုင်းရင်းသားခေါင်း ဆောင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ ဟောင်း စောမူတူးစေးဖိုးက ပြောကြားလိုက်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့အား စက်တင်ဘာ ၃၀ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့စဉ် KNU ဥက္ကဋ္ဌ ဟောင်း စောမူတူးစေးဖိုးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်ပြီး NCA နှင့်ပတ်သက်၍ အထောက်အထားမဲ့၊ အဓိပ္ပာယ်မဲ့စွာ လက် လွတ်စပယ်ပြောကြားမှုများကို လက်သင့်ခံ၍ရနိုင်မည်မဟုတ်ကြောင်းနှင့် မိမိအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကိုလက်ခံပြီး တည်ငြိမ်အေးချမ်းမှုကို လိုလား ကြောင်း စောမူတူးစေးဖိုးက ပြောကြားခဲ့သည်။ ထို့အပြင် NCA စာချုပ် ချုပ်ဆိုချိန်တွင်လည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှသံတမန်များ၊ ပြည်တွင်းအသိသက်သေများရှေ့မှောက်၌ လက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့်ခိုင်မာသည့် တရားဝင်စာချုပ်ဖြစ်ကြောင်း၊မိမိအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကိုလက်ခံပြီး တည်ငြိမ်အေးချမ်းမှုကို လိုလား ပြီး ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် လက်နက် ကိုင်လမ်းစဉ်ကို မကျင့်သုံးဘဲ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးကိုသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ပျက်ယွင်းစေမည့် အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင်များကို လုံးဝလက်သင့်ခံ၍ ရနိုင်မည်မဟုတ်ကြောင်း၊ သဘောတူညီချက်များဖြင့် ချုပ်ဆိုထားသည့် NCA လမ်းကြောင်း ပေါ်တွင် ဆက်လက်လျှောက်လှမ်းသွားရမည်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌ ဟောင်း စောမူတူးစေးဖိုးက ထည့်သွင်း ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့တက်ရောက်ကြပြီး ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင်ဟောင်းဖြစ်သူ စောရောဂျာခင်၊ ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းတို့ တက်ရောက်ခဲ့ကြသည်။ ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးနှင့်အဖွဲ့ဝင်များက အမှန်တကယ်ငြိမ်းချမ်းရေးကိုလိုလားပါက အမုန်းတရားကိုအခြေခံ၍ ဆောင်ရွက်၍ရမည်မဟုတ်ကြောင်း၊ မိမိအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးစဉ်ကတည်းကပင် ယခုအချိန်အထိ ငြိမ်းချမ်းရေးရရှိရေးကိုသာ ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ မှန်မှန်ကန်ကန် ရောက်ရှိလာစေရေး စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းပေးနေမှုအပေါ်တွင်လည်း ကျေးဇူးတင်ရှိပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

Total Views ~ 156

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43560

© 2022 - 2025 News. All Rights Reserved.