နေပြည်တော်၊ ဒီဇင်ဘာလ ၁၁
စစ်ရှောင်များ၊ ပြည်ပရောက်နေသူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် ကာလနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ပေးစေလိုကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
"ပြည်နယ်လွှတ်တော်များကို PR စနစ် ကျင့်သုံးမယ်လို့ ပြောကြားသွားတာ တွေ့ရပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာတော့ FPTP အတိုင်း သွားမယ်လို့ ခန့်မှန်းရပါတယ်။ သို့သော် ဥပဒေ၊ နည်းဥပဒေများ တရားဝင်မထွက်သေးတဲ့အခါကျတော့ တိတိကျကျ မသိရသေးပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲစနစ် ဘယ်လိုလုပ်မယ်။ မဲဆန္ဒနယ်မြေ သတ်မှတ်ခြင်း ဘယ်လိုလုပ်မယ်။ အထူးသဖြင့် သာမန်အခြေအနေမဟုတ်တဲ့ ကာလမှာ စစ်ဘေးရှောင်တွေ မြို့ပြမှာ တော်တော်များများ ရောက်လာတယ်။ နောက်တစ်ခါ ပြည်ပရောက် မဲဆန္ဒရှင်တွေ တတ်နိုင်သလောက် သူတို့ရဲ့ မဲပေးခွင့် အခွင့်အရေး မဆုံးရှုံးရအောင် ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို လက်ရှိအခြေအနေနဲ့ လိုက်လျော ညီထွေဖြစ်မယ့် ဥပဒေ၊ နည်းဥပဒေများ အမြန်ဆုံး ထုတ်ပြန်ကြေညာပေးဖို့ မေတ္တာရပ်ခံပါတယ်"ဟု ဒီဇင်ဘာ ၇ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ဦးကိုကိုကြီးက အထက်ပါအတိုင်း တင်ပြ ဆွေးနွေးခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသော လွှတ်တော်တစ်ရပ် ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။ ကွန်းဈာန်